မတ်လ ၂၄ ရက်၊ ၂၀၁၅
ကချင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ်နေသော တရားမ၀င် သစ်များခိုးထုတ်နေမှုများနှင့် ပတ်သက်၍ တရုတ်သစ်ခိုးဂိုဏ်းတစ်ခုအား ကချင်လွတ်မြောက်ရေးတပ်တော် (KIA) အဖွဲ့မှ အခကြေးငွေများရယူပြီး လုပ်ကိုင်ခွင့် လက်မှတ် ထုတ်ပေးထားကြောင်းသိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ်၊ မဘိမ်းမြို့နယ် အတွင်းရှိ သစ်တော ကြိုးဝိုင်းအတွင်းမှခုတ်ယူပြီး ယင်းသစ်များကို ကချင်ပြည်နယ် မံစီမြို့နယ် နန့်ဟန်ကျေးရွာ အရှေ့ဘက် နှစ်မိုင်ခန့် အကွာရှိ နန်ကောက်ရွာကွင်းနှင့် မဘိမ်းမြို့နယ် ဆူးပုတ်တော ကြိုးဝိုင်းအတွင်း လဝါ ကျေးရွာနှင့် ကပ်လျက် လေယာဉ်ကွင်းဟောင်း ကျေးရွာတို့တွင် စုပုံဖြတ်တောက်၍ တရုတ်နိုင်ငံ နန်တောင်းမြို့သို့ လမ်းကြောင်းငါးသွယ်ဖြင့် သယ်ဆောင်နေကြောင်း ယင်းဒေသတွင် သစ်လုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသူ ဒေသခံတစ်ဦးမှ ပြောသည်။
ယင်းသို့ သစ်ခိုးထုတ်နေသူများသည် မတ်လ အစောပိုင်း တွင် မြန်မာနိုင်ငံ အတွင်းသို့ရောက်ရှိလာပြီး သစ်တင်ကား အစီး(၂၀၀)ကျော်၊ ဘက်ဟိုး ယာဉ်များနှင့် တရုတ်လူမျိုး ရာနဲ့ချီပြီး တရားမ၀င် သစ်များ ခိုးယူလျက် ရှိကြောင်း ၎င်းမှ ဆက်လက်ပြောကြားသည်။
၎င်းသစ်ခိုးဂိုဏ်းများအား ဒေသခံများမှ BDY သစ်ခိုးဂိုဏ်းဟုခေါ်ကြောင်းနှင့် KIAအဖွဲ့ထံမှ လုပ်ကိုင်ခွင့်လက်မှတ်အား တရုတ်ယွမ်ငွေ သိန်း(၄၀၀)၊ မြန်မာကျပ်ငွေအနေဖြင့် သိန်းပေါင်း (၆)သောင်း ကျော်ဖြင့် ရယူထားကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားအရေးလေ့ လာသုံးသပ်သူ သတင်းထောက်တစ်ဦးထံမှ သိရသည်။
စိုင်းနေမျိုးကျော်(ရွှေလီ)
Credit:Kachin Daily News

No comments:
Post a Comment