
အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ဦးဆောင်လုပ်ကိုင်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ရန်ကုန်မြို့၌ တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များ၏ အသက်အရွယ်အရ လက်ရှိကာလတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဘုံရည်မှန်းချက်ကို အလျှော့အတင်းလုပ်၍ ဆောင်ရွက်ရန် သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
၁၉၄၇ ခုနှစ် ပင်လုံညီလာခံကို ဦးဆောင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ၂၁ ရာစု ပင်လုံညီလာခံကို ဦးဆောင်မည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် လူထု၏ ထောက်ခံမှုရာခိုင်နှုန်း အများဆုံးရရှိထားသည့် ပုဂ္ဂိုလ်လည်းဖြစ်ပြီး သြဇာအာဏာလည်း ကြီးမားကြောင်း ၎င်းကဆိုသည်။
၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေးကော်မတီအဖွဲ့ဝင်ဖြစ်သူ ဦးဇော်ဌေးက “အခု ကျွန်တော်တို့မှာက အချိန်ကန့်သတ်ချက် ရှိတယ်။ အချိန်ကန့်သတ်ချက် ရှိတယ်ဆိုတာ ရွေးကောက်ပွဲ စက်ဝိုင်းဆိုရင် ငါးနှစ်ရှိတယ်။ နောက်လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အသက်အရွယ်တွေပေါ့။ ကန့်သတ်ချက်ရှိတယ်။ ရှိတော့ ကျွန်တော်တို့ သက်တမ်းမှာ ဒီလို ၂၁ ရာစု ပင်လုံက ဒီတစ်ကြိမ်ပဲ ကြုံနိုင်မယ်။ ကြုံနိုင်တော့ ဒီအခွင့်အရေးက တိုင်းရင်းသားတွေ အားလုံးပြောနေတဲ့ ကျွန်တော်တို့ အားလုံးပြောနေတဲ့ ဒီမိုကရေစီဖက်ဒရယ် ပေါ်ထွန်းလာဖို့အတွက် အရေးကြီးဆုံးသော အခွင့်အရေးဖြစ်တယ်။ ဒီကာလ ဒီအခွင့်အရေး လက်လွတ်ခဲ့မယ်ဆိုရင် နောင်သောအခါမှာ ကျွန်တော်တို့တွေ စဉ်းစားစရာတွေ အများကြီးရှိမယ်ပေါ့လေ။ ဒီလိုမျိုး အခြေအနေ အချိန်အခါကောင်းမှာ ကျွန်တော်တို့က ညီညီညွတ်ညွတ်နဲ့ ဒီမိုကရေစီဖက်ဒရယ် တည်ဆောက်ရေးဆိုတဲ့ ဘုံရည်မှန်းချက်နဲ့ အလျှော့အတင်း လုပ်ပြီး ဆောင်ရွက်ကြဖို့လိုတယ်ဆိုတာကို ပြောချင်ပါတယ်”ဟု ပြောကြားသည်။
ငြိမ်းချမ်းရေးအပါအ၀င် စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်ရာတွင် ဦးဆောင်သူအပေါ် ဆွေးနွေးမှုတွင် ပါဝင်ပတ်သက်သူများ၏ ယုံကြည်မှုက အရေးကြီးကြောင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်ကြည့်ပါက လွတ်လပ်ရေးရပြီးကတည်းက အစိုးရအဆက်ဆက် ခေါင်းဆောင်အသီးသီးက ငြိမ်းချမ်းရေးဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သော်လည်း ဦးဆောင်သူအပေါ်တွင် ပါဝင်ပတ်သက်သူများ၏ ယုံကြည်မှု ရှိ မရှိကို ကြည့်ပါက ၀ိဝါဒကွဲပြားမှု ဖြစ်ပေါ်ခဲ့ပြီး အငြင်းပွားမှုများ ရှိခဲ့ကြောင်း နိုင်ငံရေးဆွေးနွေးပွဲများ မအောင်မြင်ရခြင်း၏ အကြောင်းရင်းက နှစ်ဖက်အငြင်းပွားမှုများ ဖြစ်လာသည့်အခါတွင် ကြားကမူဝါဒပိုင်းဆိုင်ရာဖြစ်စေ အငြင်းပွားမှုနှင့် ပတ်သက်သည့်ကိစ္စနှင့်ဖြစ်စေ ကြားမှ စေ့စပ်ညှိနှိုင်း အဆုံးအဖြတ်ပေးနိုင်သော ခေါင်းဆောင်များ လိုအပ်သည်ကို စေစပ်ညှိနှိုင်းမှု သီအိုရီအရ သိရှိနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်သည် ဆွေးနွေးညှိနှိုင်းမှုတွင် ပါဝင်မည့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များက ယုံကြည်လေးစားမှု ရှိနိုင်သည့် ပုဂ္ဂိုလ်ဖြစ်သည်ဟု ၎င်းကဆိုသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် ချင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ CNF ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းကလည်း ၎င်းတို့အနေဖြင့် ရှစ်လေးလုံး အရေးတော်ပုံက ပေါက်ဖွားလာကြသူများဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်းဆောင်အဖြစ် လက်ခံထားပြီး ရည်မှန်းချက်ပန်းတိုင်လည်း တူညီကြောင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လုပ်ကိုင်နေသည့် လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးကို အမှန်တကယ် တည်ဆောက်နိုင်မည်ဟုလည်း မျှော်လင့်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒေါက်တာဆလိုင်းလျန်မှုန်းက “အခုအနေအထားအရ ကျွန်တော်တို့ က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဘက်က ရပ်တည်တယ်။ သူက အစိုးရဘက်က ဖြစ်လာတယ်ဆိုတော့ နဂိုကျွန်တော်တို့ ထွက်လာတဲ့ နေရာက တူတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့ ပန်းတိုင်ကလည်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို ထူထောင်ဖို့ဆိုတဲ့နေရာမှာ အတူတူဖြစ်တယ်။ ပင်လုံစာချုပ်နဲ့ ပင်လုံစိတ်ဓာတ်အပေါ်မှာ ရပ်တည်မှုလည်း အတူတူဖြစ်တယ်လို့ ကျွန်တော်တို့က ဒီလိုပဲခံယူတယ်။ ထို့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ခေတ်မှာ သူ့လက်ထက်မှာ ငြိမ်းချမ်းရေးကို အမှန်တကယ် တည်ဆောက်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်”ဟု ပြောကြားသည်။
အစိုးရသစ်လက်ထက်တွင် ငြိမ်ချမ်းရေးလုပ်ငန်းစဉ်များကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ နှစ်ပေါင်းရှည်ကြာစွာ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ ပြေလည်မှုရရှိရေးနှင့် နိုင်ငံရေးပြဿနာများအား ဆွေးနွေးအဖြေရှာနိုင်ရန်အတွက် ၂၁ ရာစု ပင်လုံညီလာခံကို ယခု သြဂုတ်လတွင် ကျင်းပရန် ပြင်ဆင်လျက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနှင့် ဆွေးနွေးညှိနှိုင်းနေသည်။
Writer:
အောင်ဇော်ထွန်း Eleven Media Group