Wednesday, March 12, 2014

“ ပုဒ်မ ၄၃၆ ပြောင်းပေးဖို့ ဆန္ဒပြတာ အဓိပ္ပါယ် ရှိပါရဲ့လား ”

Wednesday, March 12, 2014

ခုရက်ပိုင်း ခပ်စိပ်စိပ် ဖြစ်ပွားနေတာကတော့ ဖွဲ့စည်းပုံထဲက ပုဒ်မ ၄၃၆ ပြင်ပေးဖို့တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေပါ။ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ ပွင့်လင်း အဖွဲ့အစည်း နှစ်ဖွဲ့ဟာ ဖွဲ့စည်းပုံထဲက ပုဒ်မ ၄၃၆ ပြင်ရေး အတူတကွ ပူးပေါင်း လှုပ်ရှားကြမယ် လို့ သဘောထားကြေငြာချက် ထုတ်ပြန်ပြီးနောက် ခုလို မြို့နယ် တစ်ချို့မှာ ဆန္ဒထုတ်ဖော်ပွဲတွေ ဖြစ်လာကြတာပါ။ ပုဒ်မ ၄၃၆ ဟာ ဘယ်လို ပုဒ်မမျိုးလဲ၊ ဘာအဓိပ္ပါယ် ဆောင်သလဲ၊ အင်န်အယ်လ်ဒီ နဲ့ ၈၈ ပွင့်လင်းဘက်က ပြင်ချင်တယ်ဆိုတာ ဘယ်လို ပုံစံမျိုးလဲ၊ ပြင်ဖို့ ဘာအခက်အခဲရှိနိုင်သလဲ၊ ပြင်နိုင်သည်ထားဦး ဘာဖြစ်လာနိုင်မလဲ၊ ပုဒ်မ ၄၃၆ ပြင်ရေး တောင်းဆိုတာကရော အဓိပ္ပါယ် ရှိပါရဲ့လား ဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ထဲမှာပါတဲ့ အခန်း (၁၂) ဆိုတာ ဖွဲ့စည်းပုံကို ဘယ်လိုနည်းနဲ့ ပြင်ဆင်နိုင်မလဲ ပြဌာန်းထားတဲ့ အချက်တွေ ပါပါတယ်။ ဖွဲ့စည်းပုံထဲက ပုဒ်မ တစ်ချို့နဲ့ ပါတ်သက်ရင် လွှတ်တော်အမတ် စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်း ကျော် ထောက်ခံရုံမက လူထုဆန္ဒခံယူပွဲ ကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူရဲ့ ၅၀ ရာခိုင်နှုန်းကျော် ထောက်ခံမှုရမှ ပြင်နိုင်မယ်၊ ကျန် ပုဒ်မ အများစုကိုတော့ အမတ် စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရင် ပြင်လို့ရတယ် လို့ ဆိုထားတာပါ။ ဒါနဲ့ ပါတ်သက်ပြီး လွှတ်တော်ထဲမှာ ကာကွယ်ရေး ဦးစီးချုပ်က ခန့်တဲ့ အမတ် ၂၅ ရာခိုင်နှုန်း ရှိနေလေတော့ တပ်မတော်သား အမတ်တွေ ထောက်ခံမှ ဖွဲ့စည်းပုံကို ပြင်နိုင်မယ်လို့ အားလုံးကနားလည်ထားကြပါတယ်။ တစ်နည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ထောက်ခံမှ ဖွဲ့စည်းပုံကို ပြင်နိုင်မယ့် သဘောပါ။ ဒီအချက် အငြင်းပွားဖွယ် မရှိပါဘူး။

ဒါနဲ့ ပါတ်သက်ပြီး ဖွဲ့စည်းပုံဆိုင်ရာ ကျွမ်းကျင်သူတစ်ချို့ စိတ်ကူးယဉ်ကြတာက ဖွဲ့စည်းပုံထဲက အချက်အတော်များများ ပြင်ဖို့ ဆိုရင် ဒီ ပုဒ်မ ၄၃၆ ဆိုတာကြီးက အခက်အခဲဖြစ်စေတယ်။ ဒါကြောင့် ပုဒ်မ ၄၃၆ ကို ပြင်လိုက်ရင်၊ ဖွဲ့စည်းပုံကို လွယ်လွယ်ကူကူ ပြင်နိုင်လိမ့်မယ်၊ ဒီအခါ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အားလုံး အဆင်ပြေသွားမယ်လို့ စိတ်ကူးယဉ်ကြပါတယ်။ ကောင်းပါပြီ။ ဒါကို ဘာလို့ စိတ်ကူးယဉ်တာလို့ စွတ်စွဲရတာလဲ၊ ဆက်ဆွေးနွေးကြည့်ရအောင်ပါ။
ဖွဲ့စည်းပုံပြင်ရေး ပုဒ်မ ၄၃၆ ကို ပြင်ရေး တံခါးတစ်ချပ်လို့ နမူနာ ထားကြည့်မယ် ဆိုရင် ဒီ တံခါးကြီးကိုဖွင့်ဖို့ လွှတ်တော်အမတ်တွေက သော့တစ်ချောင်း၊ တပ်မတော်သား အမတ်တွေက သော့တစ်ချောင်း ကိုင်ထားတဲ့ အဓိပ္ပါယ် ဆောင်ပါတယ်။ သော့နှစ်ချောင်းနဲ့ ဖွင့်မှ ရမယ့်သဘောပါ။ လက်ရှိ လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုးပါတီနဲ့ သူ့မဟာမိတ်တွေက အများတကာ့ အများစုကြီး နေရာယူထားတာကြောင့် သော့တစ်ချောင်းဟာ ပြည်ခိုင်ဖြိုးပါတီ တစ်နည်း သူရဦးရွှေမန်း လက်ထဲမှာ ရှိနေပြီး ကျန်တစ်ချောင်းကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထဲမှာ ရှိနေတယ်လို့ မှတ်ယူနိုင်ပါတယ်။

အခု ပုဒ်မ ၄၃၆ ပြင်မယ်၊ ပြင်မယ် လို့ ပြောပြောနေပေမယ့် ဘယ်လောက် အတိုင်းအတာ အထိ ပြင်မလဲ၊ ဘယ်သူကမှ ထုတ်ပြောတာ မရှိပါဘူး။ အင်န်အယ်လ်ဒီ နဲ့ ၈၈ ပွင့်လင်းဘက်ကလည်း ၄၃၆ ပြင်ဖို့ တောင်းဆိုနေသလို သူရဦးရွှေမန်းကလည်း အဲဒီ အချက်ဘယ်လိုပြင်ရင်ကောင်းမလဲ သုံးသပ်ပါ ဆိုပြီး လွှတ်တော် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို လမ်းညွှန်ချက် ပေးထားပြီးလည်း ဖြစ်ပါတယ်။ သူရဦးရွှေမန်းရဲ့ သဘောထား မှန်းဆရ ခက်ပေမယ့် အင်န်အယ်လ်ဒီ နဲ့ ၈၈ ပွင့်လင်း အဖွဲ့ရဲ့ လိုလားချက်ဟာ တပ်မတော်သားအမတ်တွေ မထောက်ခံရင်လည်း ဖွဲ့စည်းပုံ ပြင်နိုင်တဲ့ အနေအထားမျိုး လိုချင်တဲ့ပုံ ပေါက်ပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေအရ ဖွဲ့စည်းပုံပြင်ရေး ရွေးကောက်ခံ အမတ်တွေရဲ့ သုံးပုံနှစ်ပုံထောက်ခံရင်၊ ဒါမှမဟုတ် လက်ရှိ အခြေအနေ အမတ်အားလုံးရဲ့ အများစု ထောက်ခံမှုရရင် ပြင်နိုင်တယ် ဆိုတဲ့ အနေအထားမျိုး အင်န်အယ်လ်ဒီ က လိုချင်တယ်လို့ သတင်းထွက်ပါတယ်။ ဒီ သတင်း၊ ဒီလိုလားချက်သာ မှန်ရင် ပုဒ်မ ၄၃၆ ပြင်ရေး တောင်းဆိုတာဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တပ်မတော်သား အမတ်တွေ မထောက်ခံရင်လည်း ပြင်နိုင်တယ် ဆိုတာမျိုး လိုလားနေတဲ့ သဘောလို့ ပြောနိုင်ပါတယ်။ အဓိပ္ပါယ်ကတော့ ဖွဲ့စည်းပုံပြင်ရေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကိုင်ထားတဲ့ သော့တစ်ချောင်းကို ယူပြီး အခြားအမတ်တွေကို ပေးလိုက်မယ် ဆိုတာမျိုးဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုင်ထားတဲ့ သော့ကို ယူပြီး သူရဦးရွှေမန်း လက်ထဲ ထည့်ပေးဖို့၊ သော့နှစ်ချောင်းလုံး သူရဦးရွှေမန်း လက်ထဲ အပ်ဖို့ လုပ်တာမျိုးနဲ့ ဆင်တူပါတယ်။

ဒါနဲ့ ပါတ်သက်ပြီးပြောရရင် ပထမ တစ်ချက် အဲလို လုပ်ဖို့ ဘယ်လိုမှ မလွယ်ကူပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အခွင့်အာဏာတွေကို အမြောက်အများ ပေးထားတာတင် မကပါဘူး။ အရင် စစ်ခေါင်းဆောင် အဆက်ဆက်ကို နောက်ကြောင်းပြန် အရေးမယူရေး လို အလွန် အထိမခံတဲ့ အချက်တွေ ပါဝင်နေပါတယ်။ ဒီအတွက် ကာကွယ်ရေးဦးစီးချုပ်ဟာ သူ့သော့ကို အခြား အမတ်တွေလက်ထဲ အပ်မှာ မဟုတ်ပါဘူး။

ကောင်းပါပြီ။ မဖြစ်နိုင်ဘူးပဲထား၊ အကြောင်းအမျိုးမျိုးကြောင့် သော့နှစ်ချောင်းလုံး သူရဦးရွှေမန်းနဲ့ ပြည်ခိုင်ဖြိုးပါတီ လက်ထဲကို ရောက်သွားပြီပဲထား၊ အင်န်အယ်လ်ဒီ၊ ၈၈ ပွင့်လင်းနဲ့ ပြည်သူတွေ လိုလားချက်တွေအတိုင်း ဖွဲ့စည်းပုံကို ပြင်ပေးမလား သုံးသပ်ကြည့်ဖို့ လိုပါတယ်။ ဟုတ်တယ်၊ သူရဦးရွှေမန်းနဲ့ ပြည်ခိုင်ဖြိုးအမတ်တွေက ပြင်ပေးလိမ့်မယ် ဆိုရင်တော့ အတော့်ကို နိုင်ငံရေးနားမလည်တဲ့၊ အတွေးအခေါ် ချွတ်ခြုံကျတဲ့ စဉ်းစားနည်းပဲ ဖြစ်ပါလိမ့်မယ်။ သူရဦးရွှေမန်းနဲ့ ပြည်ခိုင်ဖြိုးပါတီဟာ အရင်စစ်အာဏာရှင်တွေက မွေးဖွားပေးသွားတဲ့၊ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ ပါတီ၊ ရုပ်ဝတ္တုအခွင့်အရေး အပြည့်အ၀ ရထားတဲ့ပါတီ၊ ဒီနေ့အချိန်ထိ စစ်တပ်က ကျောထောက်နောက်ခံ ပေးနေဆဲ ပါတီ၊ ပြည်ခိုင်ဖြိုး အမတ်တစ်ချို့က အင်န်အယ်လ်ဒီ ဘက်ကို ပုတ်ခတ် ဆဲရေးနေတဲ့ အချိန် ဖြစ်နေတယ်ဆိုတာ နားလည်ရင် အဲဒီ အချက် မဖြစ်နိုင်ဘူးဆိုတာ သိလာပါလိမ့်မယ်။ ဒါဆိုရင် လက်ရှိ အခြေအနေ ပုဒ်မ ၄၃၆ ကိုပြင်ဖို့ ဘာလို့ တောင်းဆိုရသလဲ၊ ဘာလို့ လမ်းပေါ်ထွက် ဆန္ဒပြရသလဲ ပြန်ပြီး စဉ်းစားသုံးသပ်ဖို့ လိုပါတယ်။

တကယ့်တကယ် လိုအပ်တာက အင်န်အယ်လ်ဒီ နဲ့ ၈၈ ပွင့်လင်း အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကာလအထိ ဘယ်လို ရည်မှန်းချက် ထားသလဲ၊ အဲဒီ ရည်မှန်းချက်အတွက် ဖွဲ့စည်းပုံထဲက ဘယ်အချက်တွေ ပြင်ချင်သလဲ၊ အဲဒီ အချက်တွေထဲကမှ ဘယ်အချက်တွေကတော့ မပြင်ပေးရင် ဖြစ်ကို မဖြစ်ဘူး ဆိုတဲ့ အဓိကကျ အရေးကြီးတဲ့ အချက်တွေ ဖြစ်တယ်ဆိုတာ ပြည်သူတွေကို ရဲရဲတင်းတင်း ထုတ်ဖော် ပြောဆို စည်းရုံးရပါလိမ့်မယ်။ အဲဒါဟာ တရားမျှတတဲ့ တောင်းဆိုချက်ဖြစ်တယ်၊ ပြည်သူနဲ့ တပ်မတော် အတူတကွ လက်တွဲ သွားနိုင်တဲ့လမ်း ဖြစ်တယ် ဆိုတာ လက်ရှိအချိန်ထိ အာဏာကို မြဲမြဲမြံမြံ ဆုတ်ကိုင်ထားဆဲဖြစ်တဲ့ တပ်မတော်ခေါင်းဆောင်တွေ နားလည်လာအောင် စည်းရုံးဖို့ လိုပါတယ်။ အဲဒီ စည်းရုံးမှုတွေကနေ တဆင့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ပေါ်ပေါက်ရေး ကြိုးစားရပါမယ်။ တောင်းဆိုချက်မှန်ကန်ရင်၊ ပြည်သူနဲ့ တပ်မတော် အတူတကွ လက်တွဲသွားနိုင်တဲ့လမ်း ဖြစ်တယ် ဆိုတာ တပ်မတော်ခေါင်းဆောင်တွေ သဘောပေါက်လာရင် တွေ့ဆုံဆွေးနွေးရေး၊ အဲဒီကမှ တဆင့် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲ၊ ပြည်သူ့ဆန္ဒနဲ့ တက်လာမယ့် သမ္မတ နဲ့ အစိုးရအဖွဲ့ စတာတွေ ဖြစ်ပေါ်လာနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

Sithu Aung Myint Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်
မြန်မာ့နိုင်ငံရေးဆောင်းပါးများ

Tuesday, March 11, 2014

ပီတာဖေး၊ ၀ီရသူ၊ ဦးသိန်းစိန်၊ ကျောတစ်ရာ ရင်တစ်ရာ နဲ့ ဒေသခံတိုင်းရင်းသားများ

ပီတာဖေး၊ ၀ီရသူ၊ ဦးသိန်းစိန်၊ ကျောတစ်ရာ ရင်တစ်ရာ နဲ့ ဒေသခံတိုင်းရင်းသားများ
==================
by Han Maung Thein

စစ်တွေ၊ ၀၂ စက်တင်ဘာ ၂၀၁၂၊ Coral Arakan News ၊ [ ဆောင်းပါးဟောင်း ]

(ပြီးခဲ့တဲ့ တစ်နှစ်ခွဲခန့် ၂၀၁၂-ခုနှစ် စက်တင်ဘာလ နှစ်ရက်နေ့ မန္တလေးမြို့မှာ ‘သမ္မတကြီး ဦးသိန်းစိန်ကို ထောက်ခံဆန္ဒပြ ပွဲ’ မ ကျင်းပမီ ညက Coral Arakan News ရဲ့ ဟန်မောင်သိန်းဟာ ဆရာတော် ၀ီရသူ ကို ဖုန်းဆက် အင်တာဗျူးပြီး ရေးသားခဲ့တဲ့ သုံးသပ်ချက်ဆောင်းပါးဟောင်းဖြစ်ပါတယ်။ ခိုးဝင်ကျူးကျော် ဘင်္ဂါလီတွေအရေးနဲ့ လုံးထွေးရုံးကန်နေရဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်ရဲ့ စစ်တွေမြို့ကို ဆရာတော်ဟာ ယမန့်နေ့ မွန်းလွဲပိုင်းက လေကြောင်းခရီးနဲ့ ဆိုက်ရောက်လာခဲ့တယ်။ ဒီလိုကြွရောက်လာတာဟာ လာမယ့် သန်းခေါင်စာရင်းကောက်ခံမှုမှာ ရိုဟင်ဂျာ အမည်လိမ်ကို ရေးသွင်းခွင့်မပြုဖို့ ရခိုင်ပြည်သူတွေက ကန့်ကွက်ဆန္ဒပြဖို့ ပြင်ဆင်နေကြတာနဲ့လည်း တိုက်ဆိုင်နေတယ်။ ဆရာတော် ၀ီရသူ၊ ရခိုင်ပြည်နယ် နဲ့ Coral Arakan News တို့ရဲ့ ဆုံဆည်းမှု အမှတ်တရ အနေနဲ့ ဟန်မောင်သိန်းရဲ့ ဆောင်းပါးဟောင်းကို ပြန်လည် ပုံနှိပ်ဖော်ပြအပ်ပါတယ်။ )

မိုက်ကယ်ပီတာဖေး ဆိုတဲ့ အမေရိကန်ချာတိတ်တစ်ယောက် စင်ကာပူမှာ သူများ ကားတွေကို မှုတ်ဆေးတွေနဲ့ လျှောက်မှုတ်ပြီး ညစ် ပတ် ပျက် စီးစေတဲ့အတွက်စင်ကာပူတရားရုံးတစ်ရုံးက သူ့ကို ၁၉၉၄-ခုနှစ် မတ်လ သုံးရက်နေ့မှာ ထောင်ဒဏ်လေးလ၊ ဒဏ်ငွေ စင်ကာပူ ဒေါ်လာ သုံးထောင့်ငါးရာ နဲ့ ကြိမ်ဒဏ်ခြောက်ချက် ကျခံစေလို့ အမိန့် ချမှတ်လိုက် ပါတယ်။ အမေရိကန်သမ္မတ၊ အမေရိကန် ဆီးနိတ် လွှတ်တော်အ မတ်တွေ နဲ့ အမေရိကန်ပြည်သူ များစွာတို့က ကြိမ်ဒဏ်မပေးဖို့ တညံညံ ကန့်ကွက်နေကြတဲ့ကြားထဲက စင်ကာပူ တရားစီ ရင်ရေး စနစ်ဟာ အမေရိကန်သား မိုက်ကယ်ဖေး ကို ကြိမ်ဒဏ် လေးချက် မဖြစ်မနေစီရင်ခဲ့ပါတယ်။

ကမ္ဘာကြီးရဲ့ စကြာဝတေးမင်းစံရာ အမေရိကန်နိုင်ငံကို အာခံပြီးသကာလ စင်ကာပူနိုင်ငံ သေးသေး လေးဟာ မိမိတို့မူ၊ မိမိတို့ ဥပဒေတွေ အ တိုင်း နေထိုင်ဆောင်ရွက်တာကို မည်သည့်နိုင်ငံက ၀င်ရောက် ဖိအားပေး စွက်ဖက် ခိုင်းစေတာမျိုးလုပ်လို့ မရဘူးလို့ စင်ကာပူက သက်သေပြ ရပ်တည်သွားခဲ့ပါ တယ်။

“ဦးဇင်းက နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို ဖြစ်စေချင်တာက အဲဒီ စင်ကာပူနမူနာအတိုင်း ဖြစ်စေချင်တာ” လို့ မန္တလေးမြို့မစိုးရိမ်တိုက် သစ် ၊ ဓမ္မသဟာယကျောင်းနာယက ဆရာတော်ဘဒ္ဒ န္တဝိစိတ္တာဘိဝံသ – ဝီရသူ (မစိုးရိမ်) က Coral Arakan News ကို ပြော ပြသွား တာဖြစ်ပါတယ်။ “ဥပဒေအတိုင်းပဲ လုပ်သင့်တာပေါ့။ အပြစ်ရှိရင် အပြစ်ရှိတဲ့အတိုင်း စီရင်ရမှာပေါ့” လို့ ဆရာတော်က ပြောပါတယ်။

နောက်တစ်နေ့ စက်တင်ဘာလ နှစ်ရက်နေ့ မနက် ၁၀-နာရီနဲ့ ၁၁-နာရီကြား မန္တလေးမြို့မှာ ‘သမ္မတကြီး ဦးသိန်းစိန်ကို ထောက်ခံဆန္ဒပြ ပွဲ’ မ ကျင်းပမီ တစ်ရက်က ညကိုးနာရီခွဲ အချိန်မှာ Coral Arakan News က ဆရာတော် ၀ီရသူကို မေးမြန်းလျှောက်ထားတဲ့အခါ အခုလို ဖြေ ကြားသွား တာဖြစ်ပါတယ်။

ညမထွက်ရအမိန့်ကို ဖေါက်ဖျက်ပါတယ်ဆိုပီးတော့ မကြာသေးခင်က ထောင်ဒဏ်ချလိုက်တဲ့ (၆၃) ယောက်ထဲ မှာ အများစုဟာ တိုင်း ရင်း သား ရခိုင်တိုင်းရင်းသားလူမျိုးတွေဖြစ်ကြတယ်။ နောက်ပြီး တော့ ဇွန်လကနေယခုအချိန်အထိ ကျောက်တော်မြို့နယ်အတွင်း မငြိမ် မသက် မှု တွေနဲ့ ပတ်သက်ပြီး စွပ်စွဲ ဖမ်းဆီးထားသူ ရခိုင်လူမျိုးအရေအတွက်ဟာ စုစုပေါင်း (၃၁) ယောက်ရှိပါတယ်။

ဒါပေမဲ့ ဆရာတော်ပြောသလို အပြစ်ရှိရင် ရှိသလို စီရင်ရဲ့လားလို့ တစ်ဘက်ကိုကြည့်မယ်ဆိုရင် အရေးအခင်းဖြစ်ပေါ်အောင် လှုံ့ဆော် တယ် လို့ယူဆရတဲ့ ဘင်္ဂါလီလူမျိုး UN နဲ့ iNGO ၀န်ထမ်းတွေကို အရှိုရှိုပြန်လွှတ်ပေးနေတာကို တွေ့ရတယ်။ အဲသလို ဖမ်းဆီးထားတဲ့ ဘင်္ဂါလီ ဆယ် ယောက်ထဲ က ခုနစ်ယောက်ကို သြဂုတ် ၁၆ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တယ်။

အဲသလို လွှတ်ပေးလိုက်တဲ့ INGO ၀န်ထမ်း ဘင်္ဂါလီတွေဟာ အရေးအခင်းမှာ အမှန်တကယ်ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့ သက်သေ အ ထောက်အထားတွေ ရရှိထားပြီးသားတွေ ဖြစ်တာကြောင့် သူတို့ကို ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်တယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်း ဌေးက ဇူလိုင် ၃၀ရက်နေ့ ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာရုံးဟောင်း ရှင်းလင်း ပွဲမှာ ခိုင်ခိုင်မာမာ ထုတ်ဖေါ်ပြော ဆိုခဲ့တဲ့ သူတွေဖြစ် တယ်။

ကျန်တဲ့သုံးယောက်ဖြစ်တဲ့ ဦးခင်ရွှေ (WFP)၊ ဦးခင်မောင်ဟာ (UNHCR) နဲ့ ဒေါ်ချိုလေးမာခါတုန် (CSSEP)တို့ကို သြဂုတ်လ ၂၄-ရက်နေ့မှာ မ လွဲမရှောင်သာ ပြစ်ဒဏ်တွေချမှတ်ပြခဲ့ပြီး၊ ချက်ချင်းဆိုသလို နိုင်ငံတော်သမ္မတကြီး ရဲ့အမိန့်အရ လွှတ်လိုက်ပြန်ပါတယ်။ ဒါဟာ မူဆလင် နိုင် ငံများအဖွဲ့ (OIC) နဲ့မူဆလင်နိုင်ငံတွေရဲ့ဖိအားကြောင့်လို့ တချို့က ယူဆကြပါ တယ်။

ဒီတော့ အခုလို ဘင်္ဂလီတွေကိုလွှတ်ပြီး ရခိုင်တွေကိုဖမ်းထားတဲ့အတွက် သမ္မတကြီးကို ထောက်ခံတာ ဖြစ်ပါသလားလို့ Coral Arakan News က မေးတော့ “မဟုတ်ပါဘူး။ ဆန်ရင်းနာနာဖွတ် ဆိုတဲ့ စကားပုံကို ဒီနေရာမှာကျင့်သုံးပြီးတော့ ကိုယ့်လူကိုနာစေ ဟိုဘက်ကလူကိုသာစေ မလုပ် သင့်ပါဘူး။ တကယ်တော့ ဦးဇင်းတို့ဆန္ဒပြတာဟာ သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး နဲ့ တွေ့ဆုံစဉ်တုန်း က ကျူးကျော်ခိုးဝင်သူ ဘင်္ဂလီတွေကို UNHCR အကူအညီနဲ့ ဒုက္ခသည်တွေ အ ဖြစ် စခန်းသွင်း ထားရှိဖို့၊ နောက်ပြီးတော့ တတိယနိုင်ငံတ ခု ခုသို့ ပို့ဆောင်ဖို့ အစရှိသည်အားဖြင့် ပြတ်ပြတ်သားသား ပြောသွားတာတွေ ကို ထောက်ခံတာဖြစ်ပါတယ်” လို့ ဖြေဆိုပါတယ်။

ဒါ့အပြင် ကုသမဂ္ဂအထူးသံတမန် သောမတ် အိုယေး ကွင်တားနားက မြန်မာနိုင်ငံကို လာရောက် လေ့လာပြီးနောက် မြန်မာ့ပြည်တွင်းရေး စွက် ဖက်ပြောဆိုတဲ့ စကားတွေကို ဒီဆန္ဒထုတ်ဖေါ်ပွဲတွေက ရှုတ်ချသွားမှာဖြစ်တယ်လို့ ဆရာတော်က ဆိုပါတယ်။

ရခိုင်ရေးရာ တက်ကြွလှုပ်ရှားဆောင်ရွက်သူတစ်ဦးဖြစ်သူ စစ်တွေမြို့နေ ခိုင်ကျော်ဇောကတော့ဘာပဲပြောပြောသမ္မတကြီးရဲ့လုပ် ဆောင် ချက် တွေက ဟိုမှာ သည်မှာ ရှေ့နောက်တလွဲကလေးတွေ ရှိနေလို့ သတိနဲ့ စာင့်ကြည့်ရဦးမှာ ဖြစ်တယ် လို့ဆိုပါတယ်။

ဥပမာအားဖြင့် ပြည်သူ့လွှတ်တော်ကို သြဂုတ်လ ၂၃-ရက်နေ့မှာတင်သွင်းဖို့လုပ်ပြီးမှ မတင်သွင်းပဲ ရွေ့ဆိုင်းလိုက်ရတဲ့ သမ္မတရဲ့ သ၀ဏ် လွှာနဲ့ ပူးတွဲထည့်ပေးလိုက်တဲ့ ရခိုင်ပြည်နယ်အရေးသုံးသပ်ချက်ပါ အချက်အလက်အလွဲတွေဟာ ပင်မအပိုင်း ဖြစ်တဲ့ သ၀ဏ်လွှာ အပိုင်း မဟုတ်ဘူး ပဲ ထားပါတော့၊ သုံးသပ်တဲ့အထဲမှာ ထည့်သွင်းစဉ်းစားဖို့ လို မလို ဆိုတာကို တွေးစရာ မလိုလောက်အောင် ရှင်းနေတဲ့ အပိုင်း တွေ ဖြစ်တယ်။ ဒါမျိုးကို ပူးတွဲပါသွားအောင် ထည့်ပေး နိုင်တဲ့သူတွေ သမ္မတဆီပေါက်ရောက်တယ်ဆိုတော့ သတိထားစရာပဲ လို့ သူက ဆိုပါတယ်။

အဲသည် ပဋိပက္ခ သုံးသပ်ချက်မှတ်တမ်းမှာ ရခိုင်ပြည်အတွင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်၊ ဆူပူမှုတွေဟာ RNDP နဲ့ ရခိုင်မျိုးချစ်ခေါင်း ဆောင် တွေ၊ ဘာသာရေးခေါင်းဆောင်တွေရဲ့ သွေးထိုးလှုံဆော်မှုတွေ ကြောင့် ဖြစ်ပေါ်ရတာဆိုတဲ့ သုံးသပ်ချက်တွေပါသွားခဲ့တယ်။

ဒီလို ပါသွားတဲ့ လွဲမှားသုံးသပ်ချက် ဆယ်ချက်လောက်မှာ ရခိုင်ပါတီတွေကို ယိုးမယ်ဖွဲ့တာ၊ရဟန်းတော်တွေကိုစွပ်စွဲတာတွေပါတယ်။ နောက် ပြီးတော့ လုံးဝမဟုတ်မှန်ကြောင်းကို လူအများက ကြားတယ်ဆိုရုံနဲ့ သိသာနိုင်တဲ့အချက်တစ်ချက်ဖြစ်တဲ့ တိုင်းရင်းသား ကုန် သည် စီးပွားရေး သမားတွေက ဘင်္ဂလီတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို အချောင်ရယူချင်လို့ဖြစ်ရတာ ဆိုတဲ့ ပြစ်တင်စွပ်စွဲမှုတွေ ရော ကောသောကော ပါလာ ခဲ့တယ်။

ဒီတော့ ယုံကြည်လို့ ပုံအပ်တာကို မကျင့်သုံးပဲ သမ္မတကြီးကို သတိတရားနဲ့သာ မေတ္တာထား ချင်သူတွေ ပြောတာကတော့၊ ဟုတ်ပါပြီ၊ တရား မျှမျှတတဖြစ်အောင် တကယ်တမ်း ပြစ်မှုကျူးလွန်တဲ့ နိုင်ငံခြားသားတွေကို မိုက်ကယ်ဖေးလို ကြိမ်ဒဏ်လေးချက်ပေးတယ်ပဲထား ပါတော့၊ တိုင်းရင်းသား တွေကိုတော့ ကျောတစ်ရာရင်တစ်ရာ ကြိမ်ရိုက်ပြီး မြိုင်အရပ်ကို နှင်နေရင်တော့ ဒုက္ခပါပဲ၊ သမ္မတကြီးကိုတော့ သတိတရားနဲ့မှ မေတ္တာထားမှဖြစ်မယ်လို့ ဆိုကြပါတယ်။

သေချာတာကတော့ ထောက်ခံပါတယ်လို့ဆန္ဒပြမှာကိုတောင် အုပ်ချုပ်သူတွေဘက်က စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေကြတာဖြစ်တယ်။ ဆရာ တော်ဝီရသူတို့ ကြိုပြီး တင်ပြထားတဲ့ လက်ကိုင်ဆိုင်းဘုတ် စာသား ဆယ့်ငါးခုဟာ ပိတ်ပင်ခံရပြီး၊ “သမ္မတကြီးကို ထောက်ခံခြင်းဖြင့် အမိမြန် မာပြည်ကို ကယ်တင်ပါ” ဆိုတဲ့ဗီနိုင်းနဲ့ UNHCR မဟာမင်းကြီးကို သမ္မတကြီး ကပြောခဲ့တဲ့ အဓိကအချက် သုံးချက်ပါ ဗီနိုင်းတို့ကိုပဲ ဆန္ဒပြပွဲ မှာ ခွင့်ပြုထားတယ်လို့ သိရတယ်။ မန္တလေး အန်အယ်လ်ဒီရုံး နားကို မရောက်အောင် ဆန္ဒပြစီတန်းလှည့်လည်ခွင့်ပေးတဲ့ နယ်မြေကို လည်း ကန့်သတ်ထားလိုက်တယ်လို့ ဆိုပါတယ်။

“ထောက်ခံဆန္ဒပြမယ်ဆိုတာတောင် ဆန္ဒပြမှာကိုသူတို့ကြောက်နေကြသလားမသိဘူး” လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူဆရာ တော် ၀ီရသူက မှတ်ချက်ပြုပါတယ်။ “ဆရာတော်က ဟိုမှာ ဇွန်လ စဖြစ်တယ်ဆိုက တည်းက ထိန်းပေး လာတာပါ။ ကိုယ့်တကာ တကာမ တွေကိုလည်း ထိန်းတယ်။ ဟိုဘက်က မူဆလင်တွေကိုလည်း ထိန်းတယ်” လို့ပြောပြတယ်။

ဒါပေမဲ့ အရေးအခင်းမငြိမ်သက်သွားခင်လေးမှာ ထုတ်ပြန်တဲ့ “၀ီရသူသဘောထား” ဆိုတဲ့ ဆရာတော် ရဲ့ကြေငြာချက်ကြီးကလည်း ဘင်္ဂါ လီ တွေရဲ့ အန္တရယ်ကို ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြခဲ့ တယ်။

တကယ်တော့ အစိုးရဘက်ကအပါအ၀င် ဗမာပြည်မဘက်က ခေါင်းဆောင်တွေ၊ တက်ကြွ လှုပ်ရှားသူတွေ တော်တော်များများဟာ ဒီဘင်္ဂါ လီ ဆူပူမှုစဖြစ်တယ်ဆိုကတည်းက ဒါကို ပြည်မဘက်ကို ရောက်မလာအောင် ထိန်းနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အခုလည်း ဆူပူမှုကို ကူး စက် လာမှာကို စိုးရိမ်တဲ့အတွက် အာဏာပိုင်တွေဘက်က သတိနဲ့ ကန့်သတ်ထားပုံရပါတယ်။

ပြည်တွင်းက အင်တာနက်စာမျက်နှာပေါ်မှာကတော့ ပြည်တွင်းက ဗမာအပါအ၀င် အခြား တိုင်းရင်းသားတွေ အားလုံးရဲ့အမြင်မှာ ဒီအ ရေး အ ခင်းဟာ လူဦးရေအားဖြင့်နယ်ချဲ့ ကျူးကျော်မှုခံရတဲ့ သဘောဖြစ်တယ်လို့ပြောဆိုရေးသားနေကြတယ်။

ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးဟာ ဒီအရေးအခင်းမှာ ရခိုင်တိုင်းရင်းသား များဘက်က ပြတ်ပြတ်သာသား မှန်မှန် ကန်ကန် တောက်လျှောက် ရပ်တည်ပြောဆိုခဲ့သူဖြစ်ပေမယ့်၊နောက်ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ယောက်ဖြစ်တဲ့ (မွန်-တရုတ်ကပြား တစ်ဦးဖြစ်သူ) မင်းကိုနိုင်ဆီက ဒီအရေးနဲ့ ပတ်သက်လို့ တိတိပပ ကိုးကားစရာစကား “quotable quote” ရယ်လို့ မယ်မယ် ရရ ဘာမှ ထွက် မလာသေးဘူးလို့ ရခိုင်အရေးစောင့်ကြည့်သူ ရန်ကုန်က ကျောင်းဆရာ တစ်ဦးက ဆိုပါတယ်။

ဒီကနေ့ မနက်ပိုင်း ဆယ်နာရီမှာ စတော့မယ့် သမ္မတကြီးကိုထောက်ခံပွဲမှာ ပါဝင်ဆင်နွှဲကြမယ့် မန္တလေး အန်အယ်ဒီလူငယ်များထဲက တစ်ဦး ဖြစ် သူ မလှလှမြင့်က ညကြီးမင်းကြီး ဆယ်နာရီ လောက်မှာ ဖုန်းဆက်မေးမလို့ ကြိုးစားတဲ့ Coral Arakan News ကိုပြောတာကတော့၊ မနက်ဖန် အလုပ်တွေများမှာ မို့လို့အခုစောစောအိပ်နေတာ လို့ဆိုပါတယ်။ မနက်မှမေးပါလားလို့ ဆိုပါတယ်။

ဒီတော့ အချုပ်အားဖြင့်ဆိုရရင် ဒီနေ့မနက်မှာ လုပ်ကြတော့မယ့် ဆန္ဒထုတ်ဖေါ်ပွဲရဲ့ အကျိုးဆက်ကြောင့် မလှလှမြင့်၊ ဆရာတော်ဝီရသူ နဲ့ အခြား သံဃာတော်များ၊ ဆန္ဒဖေါ်ထုတ်ရာမှာ ပါဝင်ကြမယ့် သူအားလုံး၊မြန်မာနိုင်ငံသား တိုင်းရင်းသားများ အားလုံး တို့ဟာ . . . ဒေသခံဖြစ်ရဲ့ သားနဲ့ ကျောတစ်ရာ ရင်တစ်ရာ ကြိမ်ဒဏ်ခတ်ပြီး မြိုင်အရပ်ကို အနှင်ခံရမယ့် ဘေးကနေ ဝေးနိုင်ကြပါစေလို့ ဆုတောင်း မျှော်လင့်မိတယ်။

(Coral Arakan News အတွက် ဟန်မောင်သိန်း ရေးသားသည်။)

မ‌လေးရှားက ‌လေယာဉ်‌ မြန်‌မာပြည်‌က ရခိုင်‌လူမျိုး

မလေးရှားနိုင်ငံမှာ လေယဉ်တစ်စီး
တရုတ်နိုင်ငံကို သွားတုန်း လမ်းခုလပ်မှာ ပျောက်သွားလို့ ကမ္ဘာက မျက်ဆံပြူး မျက်လုံးပြူးဖြစ်သွားကြတယ်။

မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက်မယ့်အရေး
ဦးခင်ရီစကားတစ်ခွန်ကြောင့် ရခိုင်လူမျိုးပျောက်သွားမယ့်အရေးကို ရခိုင်လူမျိုးတွေ မျက်လုံးမျက်ဆံပြူးဖြစ်သွားတယ်။

လေယဉ်ဘယ်မှာလဲ ဆိုတဲ့ မေးခွန်းတွေ လူတိုင်းစိတ်ဝင်စားနေကြတယ်။
ဦးခင်ရီဘယ်ခြေလှမ်းကို လှမ်းမယ်ဆိုတာ ရခိုင်တိုင်း စိတ်ဝင်စားနေကြတယ်။

လေယဉ်က ကွင်းထဲက ထပျံတာကို လူတိုင်း မြင်လိုက်ရတယ်။
ဦးခင်ရီက “ရိုဟင်ဂျာ”မရှိဘူးလို့ ပြောတာ သက်သေတွေ အများကြီးရှိတယ်။

လေယဉ်ပျက်ကျလို့ သေကြရင် စိတ်မကောင်းပါဘူးလို့ စတိတ်မန့်ထုတ်ပေးမယ့် ယူအန်အဖွဲ့တွေရှိတယ်။
ရခိုင်လူမျိုးပျောက်သွားလို့ စိတ်မကောင်းပါဘူးလို့ ပြောမယ်အဖွဲ့မရှိဘူး။ လက်သည်တောင် ရှာရမယ်ပုံမပေါက်ဘူး။

နောက်ဆုံး “ကိုယ်လှေကိုထိုး ပဲခူးရောက်ရောက်၊ ကိုယ်မြင်းကိုယ်စိုင်း စစ်ကိုင်းရောက်ရောက်၊ ကိုယ်သမိုင်းကိုယ်ရေး ရခိုင်အရေး”ဖြစ်လာတော့မယ်။ ကျန်သည့်ကိစ္စများကို ဘေးဖယ်ထား လောလောဆယ် ဒီအရေးကို ရခိုင်အမျိုးသားတိုင်း အာရုံစိုက်ထားကြပါ။ ၁၆. ၃. ၂၀၁၄ ရက်နေ့ ရန်ကုန်ရောက်၊ မန္တလေးရောက်၊ နေပြည်တော်ရောက်၊ နိုင်ငံခြားရောက်၊ ရခိုင်ပြည်နယ်မှာ မြို့နယ်စုံ ရပ်ကွက်စုံ လမ်းထွက်ကြဖို့ အဆင်သင့်လုပ်ကြပါ။ ကျနော်တို့ 914 က “ရိုဟင်ဂျာ”ကို မဖျက်မချင်း ရက်ဆက်တိုက်ပွဲ ၀င်ကြဖို့ တပ်လှန့်ပေးကြပါ။ ဒီတစ်ချက် ပေါ့လျော့ခဲ့လျှင် ရခိုင်ပြည်မြေပုံ ကမ္ဘာသမိုင်းမှာ ပြတိုက်ထဲကို ရောက်သွားပါလိမ်မယ်။

ဝေဟင်အောင်
၁၀၊ ၃၊ ၂၀၁၄။