ရန်ကုန်၊ ဇူလိုင် ၂၅ – မိုးရာသီမှာ ရာသီစာအဖြစ်အများဆုံးစားကြတဲ့ ဖားကို အခုဆိုရင်ရာသီမရွေးစားသုံးလို့ရနေပါပြီ။ ဖားစားသုံးမှုလိုအပ် ချက်တွေကြောင့် စားဖား မွေးမြူရေးကို စတင်လုပ်ကိုင်လာကြပါတယ်။
ငြိမ်သက်တိတ်ဆိတ်မှုကို သဘောကျတဲ့ စားဖားတွေကို ဘယ်လိုမွေးမြူတယ်၊ ဘယ်လိုရေချိန်တွေမှာ ဖားကိုမွေးမြူနိုင်တယ်၊ ဖားစားသုံးမှုနဲ့ ဈေးကွက်အခြေအနေက ဘယ်လိုရှိတယ်၊ စားဖားတွေကို ငွေကုန်ကြေးကျသက်သာစွာ ဘယ်လိုမွေးမြူနိုင်တယ်ဆိုတာ စိတ်ဝင်စားစရာပါ။
ရန်ကုန် တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကဒပ္ဗနကျေးရွာမှာ တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေတဲ့ ဆယ်လမွန် ဖားမွေးမြူရေးက ကိုမိုးရဲဝင်းကိုဆက်သွယ် မွေးမြန်းထားပါတယ်။ တချို့ကိုကောက်နုတ်ဖော်ပြပါတယ်။
မော်ဒန် ။ ။ ဘာကြောင့် ဖားမွေးမြူရေးလုပ်တာလဲ။
ကိုမိုးရဲဝင်း ။ ။ ဝါသနာပါတာကြောင့် စလုပ်ဖြစ်တာပါ။ နောက်ပိုင်းတော့ အင်တာနက်တွေ သုံးစွဲလာတော့ အိမ်နီးချင်းနိုင်ငံတွေမှာမွေးမြူကြ တာကိုတွေ့ပြီး အားကျလို့ စီးပွားရေးတစ်ခုအနေနဲ့ လုပ်ဖြစ်သွားတာပါ။
မော်ဒန် ။ ။ ဘယ်အချိန်ကတည်းက စလုပ်ခဲ့တာပဲ။
ကိုမိုးရဲဝင်း ။ ။ သိပ်တော့မကြာသေးဘူး။ ၂၀၁၆ ခုနှစ် ငါးလပိုင်းလောက်ကစပြီးတော့လုပ်ခဲ့တာ။ အစကတော့ လယ်ထဲမှာပေါက်တဲ့ ဖားလေးတွေကို ခြံထဲမှာထည့်ပြီးစမ်းလုပ်ခဲ့တယ်။ အဲသည်အချိန်တုန်းက နည်းစနစ်လည်းသေချာမသိတော့ မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံး ကျွန်တော်တို့က အကောင် ၁၀ဝ လောက်လွှတ်ထားတယ်။ ၁၀ ကောင်လောက် ကျန်ခဲ့လည်း ဟင်းစားလေးရတယ်ဆိုပြီးတော့လုပ်ခဲ့တာ၊ အခုနောက်ပိုင်းကတော့ အဲသည်လိုလုပ်လို့မရတော့ဘူး။
မော်ဒန် ။ ။ ဖားစမွေးချိန်ကြုံတွေ့ရတဲ့ အခက်အခဲတွေက ဘာတွေလဲ။
ကိုမိုးရဲဝင်း ။ ။ မနှစ်ကတော့ သဘာဝကရတဲ့ ဟာတွေကိုစမ်းမွေးကြည့်တယ်။ မြန်မာ့ဒေသဖားပေါ့။ အဲသည်လို စမ်းမွေးကြည့်တော့ သူ့ဟာသူ ကြီးနှုန်းလေးကတော့မဆိုးပါဘူး။ ဒါပေမဲ့ အစာကျွေးတဲ့စနစ်မှာ အဆင်မပြေဘူး။ ကျွန်တော်က အဆင်ပြေရင်တော့ ဒေသဖားကိုပဲမွေးပြီး ဈေးကွက်လုပ်ဖို့ပဲ ။ အောင်မြင်မှုတော့မရလိုက်ဘူး။ အဲသည်တစ်ချိန်တည်းမှာပဲ ထိုင်းဘက်က မိတ်ဆွေတစ်ယောက်က ထိုင်းနိုင်ငံကဖားတွေ ဝယ်ပြီးပို့ထားတာရှိတယ်။ ကျွန်တော်တို့ မွေးမယ်လို့စီစဉ်တယ်။ သဘာဝဖားကို ကျွန်တော်တို့ သည်အတိုင်းဖောက်ဖို့တော့ သူ့ သဘာဝအတိုင်း မိတ်လိုက်ပြီးတော့ ဖောက်တာမဟုတ်ဘူး။ ဟော်မုန်းတစ်မျိုးကိုသုံးပြီးတော့ ဖောက်တဲ့အခါကျတော့ သဘာဝအတိုင်းပေါက်တာထက်ဖားလောင်းရ ရှိလာပိုများလာတယ်။ ကိုးကျပ်သား ဖားတစ်ကောင်မှာ ဥ ၁၀ဝ၀ လောက်ကျမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဆေးထိုးလိုက်တာက ဥ ၅၀ဝ၀ ၊ ၆၀ဝ၀ ဖြစ်နိုင်တယ်ပေါ့။
အဲသည်မှာဒေသစား ဖားဖောက်တာ ဖားအကောင်ရေ ၆၀,ဝ၀ဝ ကနေ ၈၀,ဝ၀ဝ ကြားရပါတယ်။ ၃၅ ရက်ပတ်ဝန်းကျင်မှာ ဖားလောင်းဘဝကနေ ခြေလက်တွေထွက်လာတယ်။ သဘာဝအရ ပြောင်းလဲလာတဲ့ပုံစံပေါ်မူတည်ပြီး တော့ ဖားကလေးတွေဖြစ်လာတယ်။
ဘယ်အဆင့်မှ ပြဿနာတက်လည်းဆိုတော့ အစာစကျွေးတဲ့ အချိန်မှာပြဿနာတက်တာပဲ။ ရေထဲမှာ ဖားတစ်ပိုင်းငါးတစ်ပိုင်းဘဝနဲ့ နေခဲ့စဉ် အချိန်တုန်းက ကျွန်တော်တို့ကျွေးခဲ့တဲ့ အစာခြောက်ကိုစားတယ်။ ဒေသဖားတွေ အစာမစားလို့ ကျွန်တော်မြှူဆွယ်ပြီးတော့ ကျွေးခဲ့တာတော့ ရှိတယ်။ ဒါပေမဲ့ ဖားကောင်ရေ အများကြီးကျတော့ ကျွန်တော့်မှာ လုပ်ကျွေးဖို့ မရတော့ဘူး။
နောက် ကျွန်တော်က သည်ဖားတွေကို မွေးမြူသူတွေဆီ ပြန်ရောင်းချဖို့အစီအစဉ်ရှိတဲ့အခါကျတော့ အစာခြောက်ကိုမှကျွန်တော်လေ့ကျင့် မထားဘူးဆိုရင် ကျွန်တော့်ဆီက ပြန်ဝယ်သွားတဲ့ မွေးမြူသူတွေက အရှင်စာကိုပဲ ကျွေးရတော့မှာ။ ကျွန်တော့်မှာအရှင်စာမွေးဖို့ တစ်ပိုင်တစ်နိုင် လုပ်ရတဲ့ အတွက်နေရာမရှိဘူး။ အရှင်စာကို ကြိုမွေးထားမယ်ဆိုရင်တော့ ဒေသဖားကိုထုတ်လုပ်ရနိုင်မယ်ထင်တယ်။ အဲသည်နောက်ဒေသဖား တွေပျက်သွားခဲ့ တယ်။ နောက်တော့ ထိုင်းမျိုးတွေဝယ်လိုက်တယ်။ ဥတည်နှုန်း ကောင်းတယ်။ ဖားမျိုး ကောင်းတဲ့ဖားမတွေကို ဝယ်လိုက်တယ်။ မျိုးလှောင်ကန်လေးထားပြီး တော့ ပြန်ဖောက်တယ်။ အထွက်နှုန်းကတော့ မဆိုးပါဘူး။ ကျွန်တော်အတွေ့အကြုံရသွားတော့ နေရာအ ခက်အခဲကြောင့် လေးငါးရှစ်သောင်းလောက်အထိတော့ မဖောက်တော့ဘူး။ ချိန်ဆပြီးတော့၂၀,ဝ၀ဝ လောက်ကျွန်တော်ပျိုးထားတယ်။
မော်ဒန် ။ ။ ဘယ်လို ဖားအမျိုးအစားတွေရှိလဲ။
ကိုမိုးရဲဝင်း ။ ။ ထိုင်းဖားမျိုးချင်း ဖောက်ထားတာတွေက တော်တော်ကောင်းတယ်။ အားလုံးနီးပါးလောက် ဖြစ်ထွန်းတယ်။ ဒါပေမဲ့ကိုယ်ကတော့ သိချင်တာပေါ့။ ဘယ်လိုတွေဖောက်ရင် ဘာမျိုးတွေရနိုင်မလဲဆိုတာသိချင်ပေမဲ့ ကိုယ့်မှာစနစ်တကျမလုပ်နိုင်ဘူး။ ကိုယ်အား ကိုယ်ကိုးရတာ၊ နောက်ပြီး ထိုင်းဖားနဲ့ ကျွန်တော့်ဒေသဖားနဲ့ မျိုးစပ်ထားတာရှိတယ်။ အဲသည်ကောင်က ၁၆ ကောင်ရှိတယ်။ အဲသည်ဟာတွေက ကျွန်တော့် အတွက် တော်တော် တန်ဖိုးရှိတဲ့ အကောင်တွေပေါ့။ ကျွန်တော်ဖောက်တဲ့ ဖားတွေက နှစ်နှစ်သား ဖားအမကြီးတွေပါ။ တစ်ကောင်ကို 300 gm(၁၈ ကျပ်သား၊ ၂၀ ကျပ်သားအရွယ်)ရှိပါတယ်။
ဖားသဘာဝအရ ဖားလောင်းကလေးတွေဖြစ်လာပြီဆိုရင် အစာသေကိုမစားတော့ဘူး။ သူက ဖားလောင်း ဘဝမှာလေကို ပါးဟက်နဲ့ ရှူပါတယ်။ ဖားကလေးဖြစ်လာရင် အဆုတ်နဲ့ ရှူပါတယ်။ အရေပြားနဲ့လည်း လေထဲကအောက်ဆီဂျင်ကို ရယူပါတယ်။ ဖားကလေးဖြစ်လာတော့ ကုန်းပေါ်ကို တက်လာ ပြီဆိုရင် နှာခေါင်းပေါက်၊ အရေပြားတွေက စပြီးတော့ အသက်ရှူလာပြီ။ သူ့ဘဝအတွက်တော့ ပြောင်းလဲမှုအကြီးကြီးဖြစ်လာပြီ။ ဖားလောင်းဘဝမှာ ရှာဖွေစားသောက်ပြီး အမြီးမှာ စုဆောင်းထားတယ်။ အမြီးလေးက တဖြည်းဖြည်းတိုသွားတယ် ပြီးတော့မှ လူကျွေးတဲ့အစာကို စားတာ။
အဲသည်လိုစားတဲ့အချိန်မှာ ကျွန်တော်ကျွေးလိုက်တာက လုံးဝလှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေတဲ့ အစာ။ ထိုင်းမျိုးတွေ၊ တရုတ်မျိုးတွေကျတော့ အဲသည်လို မဟုတ်ဘူး။ သူတို့ အစာလည်းငမ်းတယ်။ အစာခြောက်လည်းစားတယ်၊ သူတို့ကတကယ့် စားသုံးသူလက်ခံနိုင်တဲ့ အရွယ်အစား တွေကို အဆင့်ဆင့်လုပ်ထားပြီးတော့ မျိုးတွေရတာ။
ကျွန်တော်ကလည်း ထိုင်းဖားကိုယူတယ်။ ဖောက်ကြည့်တယ်။ ၁၆ ကောင်ရတယ်။ တစ်ကောင်က ရောဂါပါနေလို့ ဖယ်ထားတယ်။ အဲသည်ကောင်တွေနဲ့ လာမယ့်နှစ်မှာ မျိုးပြန်ဖောက်ရင် ကျွန်တော် အာဖရိကန်မျိုးပါဦးမှာပဲ။ ကျွန်တော် လိုချင်တာအစာလုံးကိုစားဖို့ရယ်၊ မြန်မာဒေသဖားနဲ့ နည်းနည်းလေးသွားတူဖို့ရယ်။ ထိုင်းမျိုးတွေက ကျောကုန်းမှာ အဖုလေးတွေကတော်တော် များတယ်။ အဲသည်တော့ စားသုံးသူအချို့ကနည်းနည်းလေး ရှောင်ကြ တယ်။ အရေခွံကလည်း နည်းနည်းထူတယ်။
ဒေသနဲ့ ထိုင်းမျိုးကိုကျွန်တော်ပြန်ဖောက်မယ်။ ထိုင်းဖားအမနဲ့ ဒေသဖားအထီး ၊ ထိုင်းဖားအထီးနဲ့ ဒေသဖားအမအဲသည်လိုဖောက် မယ်။ ဘယ်ကောင်တွေက မြန်မာဒေသဖားနဲ့ ပိုတူမလဲ၊ ဘယ်ကောင်တွေကို စားသုံးသူက လက်ခံမလဲဆိုတာ ပြန်ကြည့်ရတော့မယ်။ ကျွန်တော်လိုချင်တဲ့ အချက်ရရင်တော့ မှတ်တမ်းမှတ်ရာတွေထားရတော့မှာပေါ့။ ကြီးထွားနှုန်း၊ အရောင်ကအစ မြန်မာဒေသဖားထက် သာသွားမယ်။
မော်ဒန် ။ ။ ဖားမျိုးတွေ ဝယ်ယူရတဲ့နှုန်းတွေကိုသိချင်ပါတယ်။
ကိုမိုးရဲဝင်း ။ ။ အစတုန်းက ကျွန်တော် ဟိုဘက်ကယူတာ ပွဲစားတစ်ယောက်ထားရတယ်။ ပွဲစားဟာဖားအကြောင်း နားမလည်တဲ့သူ လည်းဖြစ်နိုင်တယ်။ သူကတစ်ဆင့် ထပ်မှာတယ်။ ခရီးကတော့ ပန်းတာချင်းတူတယ်။ ဒါပေမဲ့ စိတ်မချရတဲ့အပိုင်းတွေပါတယ်။ ဈေးနည်းတာ ကိုယူပြီး တော့ သူက သည်ဘက်မှာ ပြန်ရောင်းတာတွေဖြစ်တော့ ကျွန်တော်ရှုံးတယ်။ မအောင်မြင်ဘူး။ ရောင်းတဲ့ဈေးက မနှစ်က တစ်ကောင်ကို ကျပ် ၃၀ဝ၊ ကျပ် ၂၈၀ ရောင်းတယ်။ အဲသည်တော့ ကျွန်တော်တို့ မွေးမြူသူအဖို့ကလည်း ငွေဝယ်ရင်းက များတယ်။ ဆေးဝါးကို ပွဲစားတွေကနေ တစ်ဆင့်ဝယ်ရတဲ့အခါကျတော့ ဆေးဝါးကောင်းတာတွေကျွန်တော်တို့ မရဘူး။ သေချာလည်း အထဲကို မသွားနိုင်ဘူး။
သည်နှစ်ကျတော့ အဲသည်လို မဟုတ်တော့ဘူး။ ထိုင်းကမွေးမြူသူနှစ်ယောက်ဆီကနေ ဖားကိုယူလိုက်တယ်။ ပြင်ပကိုမထုတ်တဲ့ ထိုင်းမွေးမြူရေးဇုန်တွေက ဆေးတွေကအစကျွန်တော့်ကိုပေးသုံးထားတယ်။ ကျန်းမာရေးမကောင်းတဲ့ ဖားတွေတောင်အသေအပျောက် တော်တော်နည်းသွားတယ်။ သူ့ဆီကဖားကိုယူလိုက်တဲ့အခါကျတော့သူတို့ကကျွန်တော့်ကိုသုံးဘတ် နဲ့ပေးတယ်။ ကျပ် ၁၂၀ ဝန်းကျင်ပေါ့။
အဲသည်တော့ ကျွန်တော်က သူတို့ ပေးတဲ့ဈေးအတိုင်းဘောက်ချာပေးလိုက်တယ်။ ကျွန်တော်ကတော့ဝန်ဆောင်ခပဲယူလိုက်တော့တယ်။ ကျွန်တော်ကလည်း အမြတ်ထပ်တင်မယ်ဆိုရင် မွေးမြူသူအဖို့က နင့်သွားမယ်။ အရောင်းလည်းပါးသွားနိုင်တယ်။ ဒါကြောင့် ဝန်ဆောင်ခ လောက်ပဲယူလိုက်တယ်။ အဲသည်တော့ ဖားမျိုးကောင်းတွေလည်းရတယ်၊ သူတို့ဆီကနည်းစနစ်တွေအတိုင်းလည်းလုပ်လို့ရတယ်။ မွေးမြူသူတွေအတွက်လည်း အဆင်ပြေတယ်။ ခရီးအရမ်းဝေးလို့ရှိရင်တော့ အသေအပျောက်အနည်းငယ်တော့ရှိမှာပေါ့။
မော်ဒန် ။ ။ ဘာဆေးတွေကို သုံးစွဲရလဲ။
ကိုမိုးရဲဝင်း ။ ။ ဆေးတွေကတော့ စထရက်တိုမိုင်စင်၊ အင်ပတ်ဆလင်၊ ပင်နီဆီလင်၊ တတ်ထရာဆိုင်ကလင်း၊ ဂန်နာ ၄၀၊ ပိုတက်ဆီယမ်ပါ မင့်ဂနိပ်စတာတွေသုံးပါတယ်။ ကန်အတွင်းရော အပြင်ရော ရောဂါတွေကာကွယ်ဖို့ သုံးတယ်။ ကျွန်တော်က တိမွေးကုတစ်ယောက်ကို အကူအ ညီတောင်းပြီးတော့ ကျွန်တော်လိုအပ်တဲ့ဆေးဝါးကို ညွှန်ကြားချက်ယူတယ်။ မနှစ်ကဆိုရင် ကျွန်တော်အချက်အလက် ယူမထားမိဘူး။ သည်နှစ်မှာတော့ ဖားမိတ်လိုက်ပြီဆိုတာနဲ့ အချက်အလက်တွေအကုန် မှတ်ထားပြီ။ ဒါက အလုပ်ကသင်သွားတဲ့ အပိုင်းပေါ့။ ဒါမရှိလို့လည်းမဖြစ်ဘူး။ ဟိုတုန်းကလူတွေကလည်း ဒါတွေမရှိခဲ့လို့ ကျွန်တော်တို့ကို ပြန်ပြီးတော့မသင်ပြနိုင်တာပေါ့။
ဖားအစာလုံးတွေမှာ အမျိုးအစားသုံးမျိုးရှိပါတယ်။ အသေးစာဟာ အသားဓာတ် ၃၇ ရာခိုင်နှုန်း၊ အလတ်စာမှာ အသားဓာတ် ၃၅ ရာ ခိုင်နှုန်း၊ အကြီးစာမှာ အသားဓာတ် ၃၀ ရာခိုင်နှုန်းပါဝင်ပါတယ်။
မော်ဒန် ။ ။ ဖားကိုဘယ်လိုမွေးမြူရမလဲ။
ကိုမိုးရဲဝင်း ။ ။ ဖားတွေက လူတွေဆူဆူညံညံရှိတဲ့နေရာမှာတော့ လုံးဝအဆင်မပြေပါဘူး။ မသင့်တော်ပါဘူး။ ဖားကတိတ်ဆိတ် ငြိမ်သက်တဲ့ နေရာမှာစားသောက်မယ်။ စားသောက်ပြီး ငြိမ်နေမှသူက အသားအထွက်နှုန်းကောင်း မယ်။ အတိအကျပြောရမယ်ဆိုရင် စက်ယန္တရားတွေရဲ့တုန်ခါမှုကို လုံးဝမကြိုက်နှစ်သက်ဘူး။ ပတ်ဝန်းကျင်ပြောင်းလဲမှုကို မနှစ်သက်ဘူး။ ကျွန်တော်ကတာပေါ်လင် ခဲရောင်သုံးပြီးတော့မွေးကန်လုပ်ထားတယ်။ ၁၀ ရက်သား မှာပြောင်းမယ့် မွေးကန်က အနီရောင်ဖြစ်နေရင် မသင့်တော်ပြန်ဘူး။ ကျွန်တော့်ဆီမှာ ဖားဥဘဝကနေ ကလေးဖြစ်တဲ့အချိန်အထိမွေးတဲ့ ကန်ကငွေရောင်နဲ့ သွားတယ်။ ဖားမျိုးခြံနှစ်ခုကိုပဲ အစိမ်းရော အပြာရောလုပ်ထားတာ။ သူ တို့ကခဏခဏပြောင်းရွှေ့ရတာကိုး။ ဥဘဝကနေ အကောင်လေးဖြစ်လာတာကို သတ်သတ်ထားရတယ်။ ၁၀ ရက်သားကေ ဖားကလေးဖြစ်လာချိန်နောက်တစ်ကန် ပြောင်းရတယ်။ သူ့ပတ်ဝန်းကျင်က ခဏခဏပြောင်းလဲနေမယ် ဆိုလို့ ရှိရင် အရမ်း စိုးရိမ်ထိတ်လန့်ပြီးတော့ အစားအသောက်ပျက်တာ၊ ချောင်ထဲမှာကပ်နေတာတို့ဖြစ်လာတယ်။ ချောင်ထဲမှာ ကပ်နေရင်ဖား သဘာဝ အသက်မရှင်တော့ဘူး။ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်လို့ မရဘူး။ ဖားမွေးမြူချိန်ဟာ နှစ်လသုံးလခန့် အထိကြာပါတယ်။ ဖား တစ်ကောင်ဟာ ငါးကျပ်သားကနေ ၁၅ ကျပ်သားအထိကြီးထွားပါတယ်။
မော်ဒန် ။ ။ ဖားစားသုံးတဲ့ ဈေးကွက် အခြေအနေကကော။
ကိုမိုးရဲဝင်း ။ ။ ရောင်းချမှုကတော့သည်နှစ်မှစတင်တာပါ။ ဖားက ကျွန်တော်တို့ဈေးကွက်မှာ မနှစ်က တစ်ပိသာကို ကျပ် ၄၅၀ဝ၊ နောက်ပိုင်း တစ်လပိုင်းကနေ လေးလပိုင်းအထိကို ကျပ် ၆၀ဝ၀ လောက်အထိ ဖြစ်လာတယ်။ ကျပ် ၆၀ဝ၀ လောက်ဆိုရင်မွေး မြူသူအနေနဲ့ကိုက်တယ်။ အဲသည်မှာ ထိုင်းနိုင်ငံကနည်းပညာရှင်တွေခေါ်ပြီးတော့ ဖောက်တယ်၊ မွေးတယ်။ ဈေးကွးက်ထဲမှာဖားဝယ်တယ်။ လာသမျှဖားကိုအကုန်ဝယ်တယ်။ ကျပ် ၄၅၀ဝ၊ ၅၀ဝ၀ ပဲရှိတယ်။ ကျွန်တော်တို့ဆီမှာ ဖားကိုဈေးကွက်ထိုးဖောက်ပြီးရှာတဲ့သူမရှိဘူး။ ဈေးကွက်အပြိုင်ရှိမယ်ဆိုရင် ကျွန်တော်တို့အသက်ရှူ နည်းနည်းချောင်မယ်။ အခုကသူတို့ ဆီကဖားကိုဝယ်တယ်၊ လာသမျှဖားကိုလည်း ဝယ်တယ်။ သူတို့ဆီက ကျွန်တော်တို့ကဝယ်တော့ ကျပ် ၆၅၀ဝ ၊ ၇၀ဝ၀ လောက်ဖြစ်သွားရော။ အဲသည်တော့ ကျွန်တော်နည်းနည်း တင်းသွားတယ်။ ကျွန်တော် ကိုယ့်ဈေးကွက် ကိုယ့်ဟာကိုယ်ရှာလိုက်တယ်။ တစ်နေ့ကို အကောင် ၁၀ဝ ပဲကုန်ကုန်ပေါ့။ ဥပမာ ဖားအ ကောင် ၁၀ဝ၀ ရှိမယ်ဆိုရင် တစ်ပတ်လောက်နဲ့ သွားရမှာက ၁၀ ရက်လောက်အချိန်ကြာသွားတယ်ပေါ့။ ဒုက္ခတော့များတာပေါ့။ စားဖို့ အရွယ်တော်ဆိုရင် တစ်ပိဿာကို ကျပ် ၁၀,ဝ၀ဝ စားသောက်ဆိုင်တွေကိုပို့ပေးတယ်။ အကောင်လိုက် ပို့လို့မရဘူး။ သေသေချာချာ သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်ပြီးတော့ပို့တယ်။
မော်ဒန် ။ ။ တခြားဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါ။
ကိုမိုးရဲဝင်း ။ ။ တာပေါ်လင်ကန် တစ်စတုရန်းပေ အကျယ်မှာရောင်းတန်းဝင်အယ်ဖြစ်တဲ့ ၁၅ ကျပ်သား၊ ၂၀ ကျပ်သား၊ ၂၅ ကျပ်သားအထိ ငါးကောင်နှုန်းမွေးမြူနိုင်ပါတယ်။ ၁၀ ပေ x ၁၅ ပေတာပေါ်လင်ကန် မှာတော့ ရောင်းတန်း ဝင်ဖားကြီးအထိ ၇၅၀ ၊ ၈၀ဝ မွေးနိုင်ပါတယ်။ နည်းပညာကောင်းရှိမယ်၊ ဆေးကောင်းတွေရှိမယ်ဆိုရင်တော့ သည်ထက်မကများများထည့်ပြီး အကျပ်မွေးစနစ် နဲ့ မွေးမြူနိုင်ပါတယ်။ အခုက ဝါသနာကြောင့် အပျော်ဟင်းစားရှာရာ ကနေတစ်ပိုင်တစ်နိုင်မွေးမြူဖြစ်လာတာပါ။ ကိုယ့်ဘာသာကိုယ်တိုင် သားဖောက်မွေးမြူတော့ သားပေါက်ဖိုး မကုန်ကျတော့ဘူးပေါ့။
အဓိကအချက်
ဖားပေါက်လေးတွေဟာ ရောဂါကင်းစင်ပြီး ကျန်းမာသန်စွမ်းရပါမည်။ဖမ်းဆီးသယ်ယူပို့ဆောင်တဲ့နေရာမှာ နူးညံ့သိမ်မွေ့ရပါမယ်။ အဆင့်တိုင်းမှာကြမ်းတမ်းလို့ မရပါဘူး။ ဖားပေါက်လေးတွေရဲ့အရေပြားမှာ ဒဏ်ရာရလို့ မဖြစ်ပါဘူး။
ဖားပေါက်လေးတွေထည့်မယ့်ကန်ကို quick lime (မဖောက်ထုံး) (သို့) bleaching powder ( အရောင်ချွတ်ဆေးမှုန့်)တို့နဲ့ ပိုးသတ် ရပါမယ်။ တာပေါ်လင်ကန်အသစ်တွေဆိုရင် နှစ်ညအိပ်လောက်ရေစိမ်ပြီး ပြန်လှယ်ထုတ်တာ မျိုးကို နှစ်ကြိမ်လောက်ပြုလုပ်ပေးပါ။
ဖားပေါက်ကလေးတွေသယ်ယူမယ့် ဇလုံ/ပုံးတွေကို ပိုးသတ်ပါ။ဖားကလေးတွေကို ကန်ထဲမထည့်မီ အိမ်သုံးဆားအငန်နှုန်း သုံးရာခိုင်နှုန်းပါတဲ့ ရေထဲမှာ ငါးမိနစ်ခန့်စိမ်ပြီးမှ ကန်ထဲကိုထည့်ပါ။
ရေအပူချိန်ဟာ ၂၅ ဒီဂရီ စင်တီ ဂရိတ်ဝန်းကျင်ဆိုရပါတယ်။
မူရင်းကန်မှ အခြား နောက်တစ်ကန် သို့ ရွှေ့ပြောင်းမယ်ဆိုရင် ကန်ပုံစံနဲ့ ပတ်ဝန်းကျင်ဟာအတတ်နိုင်ဆုံးတူညီနေရပါမယ်။ အရမ်းခြားနားနေမယ်ဆိုရင် နေရာအသစ်ပြောင်းလဲမှုကြောင့် စိုးရိမ်ကြောက်လန့်ပြီး အစာမစားဘဲ အာဟာရချို့တဲ့ကာရောဂါတွေ ကျရောက်လာမှာ ဖြစ်ပါတယ်။
ကန်တစ်ကန်ကို ဖားထည့်မယ်ဆိုရင်အကောင်အရေအတွက်ကို အနေတော်ပဲထည့်သွင်းမွေးမြူရပါမယ်။ ဥပမာရောင်းတန်းဝင် ၃၅၀ လောက်ဆံ့မယ့်ကန်မှာ ဖားကလေးအကောင် ၄၀၀ လောက်ပဲအရွယ်အစား ကြီးမားလာတာနဲ့ ခဏခဏခွဲထုတ်နေရရင်မကောင်းပါဘူး။
ကန်အပြောင်းအလဲလုပ်ရင် ပြီးစလွယ်မလုပ်ပါနဲ့။ ကန်တစ်ကန်နဲ့ တစ်ကန်ရေအပူချိန်ခြားနားချက်ဟာ ၁/၂ ဒီဂရီ စင်တီဂရိတ်အတွင်း ပဲ ဖစ်ရပါမယ်။ အလင်းရောင်စူးရှတာ၊ အသံတွေဆူညံတာဟာ ဖားမွေးမြူရေးအတွက်လုံးဝ မကောင်းပါ။ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ဖြစ်နေရပါမယ်။ တာဝန်ရှိသူကလွဲရင် အပြင်လူလုံးဝအ၀င်မခံတာကောင်းတယ်။
ဖားကန်ကို တစောင်းပုံ(တစ်ဖက်နိမ့် တစ်ဖက်မြင့်)ထားရပါမယ်။
ရေထုတ်ရေလဲမယ်ဆိုရင် အညစ်ကြေးပါ ပြောင်စင်စေဖို့လိုပါတယ်။
ကန်ရဲ့ အောက်ခြေမှာ သဲမြေသားထည့်ပြီး လိုသလိုညှိယူပါ။
တာပေါ်လင်ကန်ရဲ့ ဘေးပတ်လည် အမြင့်ဟာတစ်ပေဆိုရင် ရပါတယ်။
တာပေါ်လင်အစရဲ့ နှုတ်ခမ်းသားအပေါ်မှာဇာအပြာလေးပေနံနဲ့ တွဲချုပ်ပေးပါက ကန်အမြင့် ငါးပေရရှိပါမယ်။
တာပေါ်လင်ချည်းပဲ ငါးပေအမြင့် ပြုလုပ်ရင် ဖားကလေးတွေရဲ့ လိုအပ်တဲ့ အောက်ဆီဂျင်အလုံအလောက်မရရှိနိုင်တော့ပါ။
ဖားကလေးတွေရဲ့ ကိုယ်ပေါ်ကို နေရောင်ခြည်တိုက်ရိုက်မကျရောက်ဖို့နဲ့ သည်းထန်တဲ့မိုးကြီးတိုက်ရိုက်မထိစေဖို့ အရိပ်အမိုးလုပ်ပေးထား ရပါမယ်။
နေရောင်ခြည်တိုက်ရိုက်ကျရောက်ပါက ဖားလေးတွေရဲ့ အရေပြားပေါ်က ရေဓာတ်ဟာ အငွေ့ပြန်လွန်ကဲပြီး သေဆုံးနိုင်သလို သည်းထန်တဲ့မိုးတိုက်ရိုက်ထိလျှင်လည်း ဖားကလေးတွေပက်လက်လန်ပြီး သေဆုံးတတ်ပါတယ်။
အချိန်တိုအတွင်း အပူချိန်ငါးဒီဂရီ စင်တီဂရိတ်အထက် ပြောင်းလဲမှုကိုမခံနိုင်ဘဲသေဆုံးတတ်ကြပါတယ်။
အစာကျွေးရမည့်အချိန်- နံနက် ၉းဝ၀ နာရီ၊ ညနေ ၅းဝ၀ နာရီ (ညနေပိုင်းကျွေးတဲ့ အစာပမာဏဟာ တစ်နေ့လုံးကျွးရမည့်အစာရဲ့ ၆၀ – ၇၀ ရာခိုင်နှုန်းဖြစ်ပါတယ်။ ညနေပိုင်းကို ပိုပြီးကျွေးမွေးရမှာဖြစ်ပါတယ်။ ကျွေးမွေးမယ့်အစာဟာ သန့်ရှင်းလတ်ဆတ်နေပြီး အာဟာရ ပြည့်ဝရပါမယ်)။
Author – မေစုကြည် Kumudra

