Wednesday, March 12, 2014

“ ပုဒ်မ ၄၃၆ ပြောင်းပေးဖို့ ဆန္ဒပြတာ အဓိပ္ပါယ် ရှိပါရဲ့လား ”

Wednesday, March 12, 2014

ခုရက်ပိုင်း ခပ်စိပ်စိပ် ဖြစ်ပွားနေတာကတော့ ဖွဲ့စည်းပုံထဲက ပုဒ်မ ၄၃၆ ပြင်ပေးဖို့တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေပါ။ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ ပွင့်လင်း အဖွဲ့အစည်း နှစ်ဖွဲ့ဟာ ဖွဲ့စည်းပုံထဲက ပုဒ်မ ၄၃၆ ပြင်ရေး အတူတကွ ပူးပေါင်း လှုပ်ရှားကြမယ် လို့ သဘောထားကြေငြာချက် ထုတ်ပြန်ပြီးနောက် ခုလို မြို့နယ် တစ်ချို့မှာ ဆန္ဒထုတ်ဖော်ပွဲတွေ ဖြစ်လာကြတာပါ။ ပုဒ်မ ၄၃၆ ဟာ ဘယ်လို ပုဒ်မမျိုးလဲ၊ ဘာအဓိပ္ပါယ် ဆောင်သလဲ၊ အင်န်အယ်လ်ဒီ နဲ့ ၈၈ ပွင့်လင်းဘက်က ပြင်ချင်တယ်ဆိုတာ ဘယ်လို ပုံစံမျိုးလဲ၊ ပြင်ဖို့ ဘာအခက်အခဲရှိနိုင်သလဲ၊ ပြင်နိုင်သည်ထားဦး ဘာဖြစ်လာနိုင်မလဲ၊ ပုဒ်မ ၄၃၆ ပြင်ရေး တောင်းဆိုတာကရော အဓိပ္ပါယ် ရှိပါရဲ့လား ဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ထဲမှာပါတဲ့ အခန်း (၁၂) ဆိုတာ ဖွဲ့စည်းပုံကို ဘယ်လိုနည်းနဲ့ ပြင်ဆင်နိုင်မလဲ ပြဌာန်းထားတဲ့ အချက်တွေ ပါပါတယ်။ ဖွဲ့စည်းပုံထဲက ပုဒ်မ တစ်ချို့နဲ့ ပါတ်သက်ရင် လွှတ်တော်အမတ် စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်း ကျော် ထောက်ခံရုံမက လူထုဆန္ဒခံယူပွဲ ကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူရဲ့ ၅၀ ရာခိုင်နှုန်းကျော် ထောက်ခံမှုရမှ ပြင်နိုင်မယ်၊ ကျန် ပုဒ်မ အများစုကိုတော့ အမတ် စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရင် ပြင်လို့ရတယ် လို့ ဆိုထားတာပါ။ ဒါနဲ့ ပါတ်သက်ပြီး လွှတ်တော်ထဲမှာ ကာကွယ်ရေး ဦးစီးချုပ်က ခန့်တဲ့ အမတ် ၂၅ ရာခိုင်နှုန်း ရှိနေလေတော့ တပ်မတော်သား အမတ်တွေ ထောက်ခံမှ ဖွဲ့စည်းပုံကို ပြင်နိုင်မယ်လို့ အားလုံးကနားလည်ထားကြပါတယ်။ တစ်နည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ထောက်ခံမှ ဖွဲ့စည်းပုံကို ပြင်နိုင်မယ့် သဘောပါ။ ဒီအချက် အငြင်းပွားဖွယ် မရှိပါဘူး။

ဒါနဲ့ ပါတ်သက်ပြီး ဖွဲ့စည်းပုံဆိုင်ရာ ကျွမ်းကျင်သူတစ်ချို့ စိတ်ကူးယဉ်ကြတာက ဖွဲ့စည်းပုံထဲက အချက်အတော်များများ ပြင်ဖို့ ဆိုရင် ဒီ ပုဒ်မ ၄၃၆ ဆိုတာကြီးက အခက်အခဲဖြစ်စေတယ်။ ဒါကြောင့် ပုဒ်မ ၄၃၆ ကို ပြင်လိုက်ရင်၊ ဖွဲ့စည်းပုံကို လွယ်လွယ်ကူကူ ပြင်နိုင်လိမ့်မယ်၊ ဒီအခါ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အားလုံး အဆင်ပြေသွားမယ်လို့ စိတ်ကူးယဉ်ကြပါတယ်။ ကောင်းပါပြီ။ ဒါကို ဘာလို့ စိတ်ကူးယဉ်တာလို့ စွတ်စွဲရတာလဲ၊ ဆက်ဆွေးနွေးကြည့်ရအောင်ပါ။
ဖွဲ့စည်းပုံပြင်ရေး ပုဒ်မ ၄၃၆ ကို ပြင်ရေး တံခါးတစ်ချပ်လို့ နမူနာ ထားကြည့်မယ် ဆိုရင် ဒီ တံခါးကြီးကိုဖွင့်ဖို့ လွှတ်တော်အမတ်တွေက သော့တစ်ချောင်း၊ တပ်မတော်သား အမတ်တွေက သော့တစ်ချောင်း ကိုင်ထားတဲ့ အဓိပ္ပါယ် ဆောင်ပါတယ်။ သော့နှစ်ချောင်းနဲ့ ဖွင့်မှ ရမယ့်သဘောပါ။ လက်ရှိ လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုးပါတီနဲ့ သူ့မဟာမိတ်တွေက အများတကာ့ အများစုကြီး နေရာယူထားတာကြောင့် သော့တစ်ချောင်းဟာ ပြည်ခိုင်ဖြိုးပါတီ တစ်နည်း သူရဦးရွှေမန်း လက်ထဲမှာ ရှိနေပြီး ကျန်တစ်ချောင်းကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထဲမှာ ရှိနေတယ်လို့ မှတ်ယူနိုင်ပါတယ်။

အခု ပုဒ်မ ၄၃၆ ပြင်မယ်၊ ပြင်မယ် လို့ ပြောပြောနေပေမယ့် ဘယ်လောက် အတိုင်းအတာ အထိ ပြင်မလဲ၊ ဘယ်သူကမှ ထုတ်ပြောတာ မရှိပါဘူး။ အင်န်အယ်လ်ဒီ နဲ့ ၈၈ ပွင့်လင်းဘက်ကလည်း ၄၃၆ ပြင်ဖို့ တောင်းဆိုနေသလို သူရဦးရွှေမန်းကလည်း အဲဒီ အချက်ဘယ်လိုပြင်ရင်ကောင်းမလဲ သုံးသပ်ပါ ဆိုပြီး လွှတ်တော် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို လမ်းညွှန်ချက် ပေးထားပြီးလည်း ဖြစ်ပါတယ်။ သူရဦးရွှေမန်းရဲ့ သဘောထား မှန်းဆရ ခက်ပေမယ့် အင်န်အယ်လ်ဒီ နဲ့ ၈၈ ပွင့်လင်း အဖွဲ့ရဲ့ လိုလားချက်ဟာ တပ်မတော်သားအမတ်တွေ မထောက်ခံရင်လည်း ဖွဲ့စည်းပုံ ပြင်နိုင်တဲ့ အနေအထားမျိုး လိုချင်တဲ့ပုံ ပေါက်ပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေအရ ဖွဲ့စည်းပုံပြင်ရေး ရွေးကောက်ခံ အမတ်တွေရဲ့ သုံးပုံနှစ်ပုံထောက်ခံရင်၊ ဒါမှမဟုတ် လက်ရှိ အခြေအနေ အမတ်အားလုံးရဲ့ အများစု ထောက်ခံမှုရရင် ပြင်နိုင်တယ် ဆိုတဲ့ အနေအထားမျိုး အင်န်အယ်လ်ဒီ က လိုချင်တယ်လို့ သတင်းထွက်ပါတယ်။ ဒီ သတင်း၊ ဒီလိုလားချက်သာ မှန်ရင် ပုဒ်မ ၄၃၆ ပြင်ရေး တောင်းဆိုတာဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တပ်မတော်သား အမတ်တွေ မထောက်ခံရင်လည်း ပြင်နိုင်တယ် ဆိုတာမျိုး လိုလားနေတဲ့ သဘောလို့ ပြောနိုင်ပါတယ်။ အဓိပ္ပါယ်ကတော့ ဖွဲ့စည်းပုံပြင်ရေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကိုင်ထားတဲ့ သော့တစ်ချောင်းကို ယူပြီး အခြားအမတ်တွေကို ပေးလိုက်မယ် ဆိုတာမျိုးဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုင်ထားတဲ့ သော့ကို ယူပြီး သူရဦးရွှေမန်း လက်ထဲ ထည့်ပေးဖို့၊ သော့နှစ်ချောင်းလုံး သူရဦးရွှေမန်း လက်ထဲ အပ်ဖို့ လုပ်တာမျိုးနဲ့ ဆင်တူပါတယ်။

ဒါနဲ့ ပါတ်သက်ပြီးပြောရရင် ပထမ တစ်ချက် အဲလို လုပ်ဖို့ ဘယ်လိုမှ မလွယ်ကူပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အခွင့်အာဏာတွေကို အမြောက်အများ ပေးထားတာတင် မကပါဘူး။ အရင် စစ်ခေါင်းဆောင် အဆက်ဆက်ကို နောက်ကြောင်းပြန် အရေးမယူရေး လို အလွန် အထိမခံတဲ့ အချက်တွေ ပါဝင်နေပါတယ်။ ဒီအတွက် ကာကွယ်ရေးဦးစီးချုပ်ဟာ သူ့သော့ကို အခြား အမတ်တွေလက်ထဲ အပ်မှာ မဟုတ်ပါဘူး။

ကောင်းပါပြီ။ မဖြစ်နိုင်ဘူးပဲထား၊ အကြောင်းအမျိုးမျိုးကြောင့် သော့နှစ်ချောင်းလုံး သူရဦးရွှေမန်းနဲ့ ပြည်ခိုင်ဖြိုးပါတီ လက်ထဲကို ရောက်သွားပြီပဲထား၊ အင်န်အယ်လ်ဒီ၊ ၈၈ ပွင့်လင်းနဲ့ ပြည်သူတွေ လိုလားချက်တွေအတိုင်း ဖွဲ့စည်းပုံကို ပြင်ပေးမလား သုံးသပ်ကြည့်ဖို့ လိုပါတယ်။ ဟုတ်တယ်၊ သူရဦးရွှေမန်းနဲ့ ပြည်ခိုင်ဖြိုးအမတ်တွေက ပြင်ပေးလိမ့်မယ် ဆိုရင်တော့ အတော့်ကို နိုင်ငံရေးနားမလည်တဲ့၊ အတွေးအခေါ် ချွတ်ခြုံကျတဲ့ စဉ်းစားနည်းပဲ ဖြစ်ပါလိမ့်မယ်။ သူရဦးရွှေမန်းနဲ့ ပြည်ခိုင်ဖြိုးပါတီဟာ အရင်စစ်အာဏာရှင်တွေက မွေးဖွားပေးသွားတဲ့၊ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ ပါတီ၊ ရုပ်ဝတ္တုအခွင့်အရေး အပြည့်အ၀ ရထားတဲ့ပါတီ၊ ဒီနေ့အချိန်ထိ စစ်တပ်က ကျောထောက်နောက်ခံ ပေးနေဆဲ ပါတီ၊ ပြည်ခိုင်ဖြိုး အမတ်တစ်ချို့က အင်န်အယ်လ်ဒီ ဘက်ကို ပုတ်ခတ် ဆဲရေးနေတဲ့ အချိန် ဖြစ်နေတယ်ဆိုတာ နားလည်ရင် အဲဒီ အချက် မဖြစ်နိုင်ဘူးဆိုတာ သိလာပါလိမ့်မယ်။ ဒါဆိုရင် လက်ရှိ အခြေအနေ ပုဒ်မ ၄၃၆ ကိုပြင်ဖို့ ဘာလို့ တောင်းဆိုရသလဲ၊ ဘာလို့ လမ်းပေါ်ထွက် ဆန္ဒပြရသလဲ ပြန်ပြီး စဉ်းစားသုံးသပ်ဖို့ လိုပါတယ်။

တကယ့်တကယ် လိုအပ်တာက အင်န်အယ်လ်ဒီ နဲ့ ၈၈ ပွင့်လင်း အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကာလအထိ ဘယ်လို ရည်မှန်းချက် ထားသလဲ၊ အဲဒီ ရည်မှန်းချက်အတွက် ဖွဲ့စည်းပုံထဲက ဘယ်အချက်တွေ ပြင်ချင်သလဲ၊ အဲဒီ အချက်တွေထဲကမှ ဘယ်အချက်တွေကတော့ မပြင်ပေးရင် ဖြစ်ကို မဖြစ်ဘူး ဆိုတဲ့ အဓိကကျ အရေးကြီးတဲ့ အချက်တွေ ဖြစ်တယ်ဆိုတာ ပြည်သူတွေကို ရဲရဲတင်းတင်း ထုတ်ဖော် ပြောဆို စည်းရုံးရပါလိမ့်မယ်။ အဲဒါဟာ တရားမျှတတဲ့ တောင်းဆိုချက်ဖြစ်တယ်၊ ပြည်သူနဲ့ တပ်မတော် အတူတကွ လက်တွဲ သွားနိုင်တဲ့လမ်း ဖြစ်တယ် ဆိုတာ လက်ရှိအချိန်ထိ အာဏာကို မြဲမြဲမြံမြံ ဆုတ်ကိုင်ထားဆဲဖြစ်တဲ့ တပ်မတော်ခေါင်းဆောင်တွေ နားလည်လာအောင် စည်းရုံးဖို့ လိုပါတယ်။ အဲဒီ စည်းရုံးမှုတွေကနေ တဆင့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ပေါ်ပေါက်ရေး ကြိုးစားရပါမယ်။ တောင်းဆိုချက်မှန်ကန်ရင်၊ ပြည်သူနဲ့ တပ်မတော် အတူတကွ လက်တွဲသွားနိုင်တဲ့လမ်း ဖြစ်တယ် ဆိုတာ တပ်မတော်ခေါင်းဆောင်တွေ သဘောပေါက်လာရင် တွေ့ဆုံဆွေးနွေးရေး၊ အဲဒီကမှ တဆင့် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲ၊ ပြည်သူ့ဆန္ဒနဲ့ တက်လာမယ့် သမ္မတ နဲ့ အစိုးရအဖွဲ့ စတာတွေ ဖြစ်ပေါ်လာနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

Sithu Aung Myint Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်
မြန်မာ့နိုင်ငံရေးဆောင်းပါးများ

No comments: