အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ် ခရီးစဉ်တွင် NLD ပါတီဝင် များကရခိုင်အမျိုးသားပါတီတံဆိပ်သုံးထားသည့် ပိုစတာများကိုင်ကာ ကြိုဆိုခဲ့ခြင်းကို ရခိုင်အမျိုးသားပါတီကဖြေရှင်းချက်တောင်းခံထားကြောင်းသိရသည်။
အောက်တိုဘာ ၁၆ ရက် ဒေါ်အောင်ဆန်းစုကြည် သံတွဲလေဆိပ်သို့ရောက်ရှိစဉ် NLD ပါတီဝင်အချို့က ရခိုင်အမျိုးသားပါတီတံဆိပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတံဆိပ် နှစ်မျိုးလုံးတပ်ဆင်ထားသည့် ဆိုင်းဘုတ် များကိုင်ဆောင်ကာ ကြိုဆိုခဲ့ခြင်းဖြစ်သည်။
“NLD ပါတီဝင်တွေက ကျွန်တော်တို့ ANP ဆိုင်းဘုတ်သက်သက်ကိုင်မယ်ဆိုရင်တောင် ဘာမှ ပြောစရာအကြောင်းမရှိဘူး။ ခုလို ANP တံဆိပ်နဲ့ NLD တံဆိပ်နှစ်မျိုးလုံးတပ်ထားတဲ့ ဆိုင်းဘုတ်နဲ့ ဒေါ်စုကို ကြိုဆိုတယ် ဆိုတော့ ကျွန်တော်တို့ ANP က NLD ရဲ့ မဟာမိတ်လား၊ ANP က NLD အောက်ဆွဲပါတီလားအများအထင်မှားစရာဖြစ်တာပေါ့။ NLD ပါတီဝင်တွေအနေနဲ့ အက်တိကတ်မသိဘူး၊ မလိုက်နာဘူး။ ကျွန်တော်တို့ကိုခွင့်တောင်းပြီးသဘောတူမှ သုံးရမှာလေ။ ဒါကြောင့် ဖြေရှင်းချက်တောင်းထားတယ်” ဟုရခိုင်အမျိုးသားပါတီသံတွဲမြို့နယ်အတွင်းရေးမှူး ဦးမြင့်ဦးကဆိုသည်။
အလားတူ ANP ပါတီတာဝန်ခံတစ်ဦးကလည်း “NLD ပါတီကလူတွေ တောင်ကုတ်၊ သံတွဲ၊ ဂွတွေမှာဟောပြောပွဲလုပ်တော့ ရခိုင်တစ်ပြည်နယ်လုံးက NLD ပါတီဝင်တွေကိုမော်တော်ကားတွေနဲ့ ပို့ဆောင်ပေးပြီးလူများအောင် လုပ်သွားတယ်။ ပြောလိုက်ရင် NLD ပါတီအရှက်ကွဲမယ်။ ကျွန်တော်တို့ကအားနာလို့ မပြောဘဲထားတာ။ ANP ပါတီကိုတောင် ဆွဲထည့်လာတာတော့ လက်မခံနိုင်ဘူး။ မဲလိုချင်ရင်လဲရိုးရိုးသားသားလုပ်၊ လက်ခံတယ်။ အခုဟာကလူတွေ အများကြီးထောက်ခံတယ် ဆိုပြီးထင်ယောင်ထင်မှားဖြစ်အောင်လုပ်တယ်။ ကြံ့ဖွတ်ပါတီကနေ့တွက်ပေးတယ် ဆိုရင် NLD လဲဘာထူးလဲ။ အလကားလိမ်ဆင်ကြီးတွေလုပ်နေတာ။ ရှက်လဲမရှက်ကြဘူး” ဟုပြောသည်။
တက်ရောက်သူ NLD ပါတီဝင် နှစ်ထောင်ခန့်သာရှိခဲ့သော်လည်း ပုံနှိပ်မီဒီယာတချို့တွင် သောင်းဂဏန်းအထိ ချဲ့ကားဖော်ပြခဲ့ကြောင်းတွေ့ရှိရသည်။ ထိုလူနှစ်ထောင်ခန့်မှာအခြားဒေသများမှ NLD ပါတီဝင်များကိုမော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ပြီး ပြည်သူကမေးသောမေးခွန်းမေးမြန်းခြင်းကိုလည်း ကြိုတင်ဇာတ်တိုက်ပြီးမေးခိုင်းခဲ့ခြင်း ဖြစ်ကြောင်းသတင်းရရှိသည်။
ပြည်သူ့အာဏာ
ပြည်သူ့အာဏာ

No comments:
Post a Comment