Thursday, July 27, 2017

လူသေပေမဲ့ နာမည်မသေတဲ့ ပျဉ်းမနားမြို့သား ခေတ်သစ် ဝေဿန္တရာ


ပျဉ်းမနားမြို့မှာ နေထိုင်သူ အကုန်နီးပါးလောက် လာရောက်ကြ တယ်လို့ ထင်ရလောက်အောင် ဦးစိုးတင့်ရဲ့ နောက်ဆုံးခရီးက စည်ကားလှပါတယ်။

 နေပြည်တော်၊ ဇူလိုင် ၂၃- “လိုက်ပို့ချင်တဲ့သူတွေ ဟိုလမ်းဘက်ကနေ သွားစောင့်ပေးပါ၊ ဒီဘက်ကနေ ဝင်လို့မရတော့ပါဘူး များနေပါပြီ”

စိုးလျှပ်စစ်ဖောင်ဒေးရှင်း တည်ထောင်ထားတဲ့ ဦးစိုးတင့် နာရေးကို လိုက်ပါပို့ဆောင် ဖို့ အေးငြိမ်းသာဂီလာနဘိုးဘွားရိပ်သာရဲ့ ဝင်းအပေါက်ဝမှာ စောင့်ဆိုင်းနေကြတဲ့ လူအများအပြားကို ဂိတ်စောင့်က အော်ပြောနေတာ ဖြစ် ပါ တယ်။ သင်္ဂြိုဟ်ချိန်ကို ဇူလိုင်လ ၁၈ ရက် နေ့ နေ့လယ် ၂းဝ၀ နာရီလို့ သတ်မှတ်ထားပေမဲ့ မနက် ၁၁းဝ၀ နာရီ ဝန်းကျင်လောက်မှာတော့ ပျဉ်းမနားမြို့ ဂီလာနဘိုးဘွားရိပ်သာဝင်းထဲ မှာ လူတွေ များပြားလာပြီး နာရေး လိုက်ပို့ ဆောင်  ပေးမယ့် ကားတွေ စီတန်းရတော့မှာ  ဖြစ်လို့ ဝင်းတံခါးမကြီးကို ပိတ်လိုက်ရပါ တော့တယ်။
“ဒီလောက် စည်တဲ့ နာရေး ငါမြင်ကို မမြင် ဖူးသေးဘူးအေ”လို့လည်း အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးက သူ့ရဲ့ ဘေးနားက အမျိုး သမီးတစ်ဦးကို အံ့ဩစွာနဲ့ ပြောပြနေပါတယ်။ အံ့ဩမယ်ဆိုလဲ အံ့ဩစရာပါ၊ ပျဉ်းမနားမြို့ မှာ နေထိုင်သူအကုန်နီးပါးလောက် လာရောက်ကြတယ်လို့ ထင်ရလောက်အောင် ဦးစိုးတင့်ရဲ့ နောက်ဆုံးခရီးက စည်ကားလှပါတယ်။
သူကူညီမှု ထောက်ပံ့မှုတွေ  ပြုလုပ်ခဲ့တဲ့ ပျဉ်းမနားမြို့ရှိ အနှေးယာဉ်ဆိုက်ကားဆရာတွေကလည်း ဆိုက်ကားပေါ် လွမ်းသူပန်းခွေတွေတင်ဆောင်ပြီး လာရောက်ကြတာလည်း အများအပြားပါ။ ဦးစိုးတင့်ရဲ့နာရေးကိုလိုက်ပါ ပို့ဆောင်ကြ တဲ့ ယာဉ်တန်းကြီးကတော့ ကားကြီးကားသေး  အစီးရေ စုစုပေါင်း ၃၀ဝ ခန့်ရှိပါတယ်။ ဒါတောင် ကားတွေ မဆံ့တော့လို့ လိုက်ပါမပို့ဆောင်ကြရတဲ့သူတွေ အများအပြား ကျန်ရှိနေပါသေးတယ်။
“ဦးတို့ကတော့ သူသေသွားလဲ မမေ့ပါ ဘူး၊ ဒီလောက် ပျဉ်းမနားသူ ပျဉ်းမနားသား တွေကို ကူညီထောက်ပံ့တာတွေ ပေးခဲ့တာ၊ မရှိ ဆင်းရဲသားတွေအတွက် စေတနာပြည့်ဝတဲ့ လူကြီးပါ”လို့ ပျဉ်းမနားမြို့ ဒေသခံတစ်ဦးက ပြော ပါတယ်။

ခေတ်သစ် ဝေဿန္တရာ

အလှူအတန်းမှာ ရက်ရောလွန်းတာကြောင့် ခေတ်သစ်ဝေဿန္တရာလို့ တင်စားခေါ်ဝေါ်ခံရတဲ့ စိုးလျှပ်စစ်ဖောင်ဒေးရှင်းတည် ထောင်သူ ဦးစိုးတင့် (အသက် ၆၄ နှစ်)ဟာ ပြီးခဲ့ တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁၀းဝ၀ နာရီမှာ ဆုံးပါးသွားခဲ့တာ ဖြစ်ပြီး သူ့ရဲ့ မွေးရပ်ဇာတိမြေ ဖြစ်တဲ့ ပျဉ်းမနားမြို့က ကွေ့ကြီး သုဿာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။
ဦးစိုးတင့်ကို ၁၉၅၄ ခုနှစ် မတ်လ ၄ ရက် သောကြာနေ့ မှာ ပျဉ်းမနားမြို့ မင်္ဂလာသာခေါင်ရပ်ကွက်မှာ ဖခင် ဦးဘိုးကြွယ်နဲ့မိခင် ဒေါ်အမာတို့က မွေးဖွားခဲ့ပါတယ်။ မွေးချင်းသုံးယောက်အနက် အငယ်ဆုံးသား ဖြစ်ပြီး ပျဉ်းမနားမြို့ အ့ထ့က (၂) ကျောင်းမှာ သူငယ်တန်းကနေ အဋ္ဌမတန်းအထိ ပညာသင်ယူခဲ့ပါတယ်။ အဲ သည်နောက် ရန်ကုန်မြို့အမှတ် (၁) စက်မှုလက်မှု အထက်တန်းကျောင်း (နတ်မောက်)မှာ လျှပ် စစ် စွမ်းအားဘာသာရပ်နဲ့ နှစ်နှစ်ခွဲကြာအောင် ပညာသင်ယူခဲ့ပါတယ်။
၁၉၉၇ ခုနှစ်မှာတော့ ဇနီးဖြစ်သူ ဒေါ်ရီရီမာ နဲ့ အိမ်ထောင်ကျပြီး တစ်ဦးတည်းသောသား မောင်ကျော်မင်းထွန်းကို မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ သားဖြစ်သူဟာ မမျိုးမျိုးခိုင်နဲ့ အိမ်ထောင်ကျပြီး မောင်သုခစိုးကို မွေးဖွားခဲ့တယ် လို့ သိရပါတယ်။ မိသားစု ငါးယောက်ကို “စိုး” လျှပ်စစ်နှင့် စက်ကိရိယာကုမဏီလီမိတက် တည်ထောင်ကာ လုပ်ကိုင်ကျွေးမွေးခဲ့ပြီး စီးပွားရှာလို့ ရသမျှရဲ့ သုံးပုံတစ်ပုံကိုလည်း ဘဝတစ်လျှောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အ သက် ၆၀ ပြည့်နှစ်မှာတော့ သူ့ရဲ့ မွေးရပ်ဇာတိ ဖြစ်တဲ့ ပျဉ်းမနားမြို့မှာ အေးငြိမ်းချမ်းသာ ဂီလာန ဘိုးဘွားရိပ်သာကြီးကိုကျပ်သန်းပေါင်း ခုနစ်သောင်းကျော် အကုန်အကျခံပြီး လှူဒါန်းခဲ့ပါတယ်။
သူငယ်ငယ်က ဘဝကို ဆင်းရဲနွမ်းပါးစွာ ဖြတ်သန်းခဲ့ရတဲ့အတွက် သူ့လုပ်ငန်းတွေ အောင်မြင်လာတဲ့ အချိန်မှာ ပျဉ်းမနားမြို့ က မရှိ ဆင်းရဲနွမ်းပါးသူတွေကို ငွေကြေးကူညီ ထောက်ပံ့မှုတွေ မကြာခဏ ပြုလုပ်ခဲ့သလို ဘာ သာရေး ပိုင်းမှာလည်း ဘုရားတည်၊ ကျောင်းဆောက်၊ ရေတွင်းရေကန် တူးဖော်ပေးခြင်း၊ စာသင်ကျောင်းတွေ ဆောက်လုပ်ပေးခြင်းစတဲ့ အလှူ အတန်းတွေကိုလည်း မကြာခဏ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် သူရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ ပျဉ်းမနားမြို့က မြို့သူမြို့သား အားလုံးကတော့ သူ ဆုံးပါးသွားပြီ ဖြစ်ပေမဲ့လည်း သူ့ကိုတော့ မေ့နိုင်ကြမှာ မဟုတ်ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ပျဉ်းမနားမြို့ ရန်အောင်(၂)ရပ်က∑က် က ဦးကျော်ဆန်းတို့ မိသားစုဆိုရင် အရင်က သုံး ဘီးလေးမောင်းရင်း မိသားစု  စားဝတ်နေရေးကို ခက်ခက်ခဲခဲ  ရုန်းကန်နေရာက နေ  ဦးစိုးတင့်က  ခွေးဘီးလူးကားလေးတွေ  မဲဖောက်ပေးရာမှာ မဲပေါက်ပြီး အခုဆို စားဝတ်နေရေး  တော်တော် လေးလေး အဆင်ပြေနေပြီလို့ သိရပါတယ်။

မမေ့နိုင်ကြ

“သူ့ပေးတဲ့ ကားလေးနဲ့ မဟုတ်တောင် တစ် နေ့ ၂၀,ဝ၀ဝ ၊ ၃၀,ဝ၀ဝ  လောက်ဝင်နေလို့ စားရေးသောက်ရေး  လေးက အရင်ကထက်တော့ အဆင်ပြေနေပြီ၊ သူဆုံးပြီ ကြားတော့ နှမြောတယ်၊  မေ့လဲ မမေ့ နိုင်ပါဘူး၊  သူပေးခဲ့တဲ့ ကားလေးနဲ့ နေ့တိုင်း လုပ်စားနေရတာဆိုတော့ လေ၊ သူအဲဒီလို ကူညီလို့ အဆင်ပြေသွားကြတာတွေလဲ အများကြီးရယ်”လို့ ဦးကျော်ဆန်းရဲ့ ဇနီး ဖြစ်သူ ဒေါ်သဇင်အောင်က ပြောပါတယ်။ ဒါ့အ ပြင် သူတို့မိသားစုမှာ ပိုလီယိုရောဂါ ဖြစ်နေတဲ့ သားတစ်ယောက်အတွက်လည်း ဦးစိုးတင့် တည်ထောင်ခဲ့တဲ့ ဆေးရုံကနေ ဆေးဝါးတွေ အခမဲ့ ထောက်ပံ့ပေးနေတယ်လို့   ဒေါ်သဇင်အောင်ရဲ့ ပြောပြချက်အရ သိရပါတယ်။
ပျဉ်းမနားမြို့နယ်ရှိ လက်တွန်း ရေစည်လှည်းသမားတွေအတွက်လည်း လက်တွန်းလှည်းကနေ သုံးဘီးကားလေးတွေနဲ့ ရေပို့နိုင်အောင် ကူညီပေးခဲ့တယ်လို့  သိရပါတယ်။
“ကျုပ်တို့ ကျေးဇူးရှင် ဦးစိုးတင့်ကြီးတော့ မမေ့ပါဘူးဗျာ၊ ကျုပ်တို့ လို ဆိုက်ကားသမားတွေအတွက်  အားကိုးရာမဲ့သလို ဖြစ်သွားတာပေါ့”လို့  ပျဉ်းမနားမြို့နယ်မှ ဆိုက်ကားဆရာ မောင်ယုန်လေးက ပြောပါတယ်။
ဦးစိုးတင့်ရဲ့ သားဖြစ်သူ ဦးကျော်မင်းထွန်းကတော့  ဖခင် ဦးစိုးတင့်ရဲ့  လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်သွားမှာ ဖြစ်သလို  ပရဟိတ လုပ်ငန်းတွေနဲ့ ပတ်သက် ပြီးတော့လည်း ဖခင်လုပ် ကိုင်ခဲ့တဲ့အတိုင်း အတတ်နိုင်ဆုံး ဆက်လက် လုပ်ကိုင်သွားမယ်လို့ သိရပါတယ်။
“ကျွန်တော့်အနေနဲ့ ကတော့ ဟို အရင်ကတည်းက အဖေလုပ်ခဲ့တဲ့ ပရဟိတလုပ်ငန်းတွေကို ကျွန်တော်မှ မဟုတ်ပါဘူး၊ ကျွန်တော်ရဲ့ အမေပေါ့နော်၊  ကျွန်တော် တို့  မိသားစုက အစဉ်အဆက်ဘေးကနေ ပြီး အဖေ့ကို ကူညီခဲ့တာ ဖြစ်ပါတယ်၊ အဲဒီ တော့ အဖေ့မရှိတော့တဲ့  နောက်ပိုင်းလဲ ဒီလုပ်ငန်းကို ဆက်လက်လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်”လို့ ဦးကျော်မင်းထွန်းက ပြောပါတယ်။
သူက ဆက်ပြီး “ကျွန်တော့်အနေနဲ့ အဖေလုပ်ငန်းတွေကို လုပ်ဆောင်ဖို့တော့ အခက်အခဲတွေ အများကြီး ရှိပါတယ်၊ အခက်အခဲဆိုတာတော့ ငွေရေးကြေးရေးပိုင်း  မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော် က ဘယ်လောက်ပဲ ကျွန်တော် ကြိုးစား  ကြိုးစား အဖေ့လိုတော့ ဖြစ် မှာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ပျဉ်းမနား  မြို့သူမြို့သားတွေရဲ့  ဝိုင်းဝန်းကူညီမှုတွေ အားပေးမှုတွေနဲ့ ဒါမျိုးတွေသာ ရှိလာမယ်ဆိုရင် တော့ ကျွန်တော်အဖေ့လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်ဖို့ ကျွန်တော့်အတွက် ခွန်အားတွေ ဖြစ် မှာပါ”လို့ ပြောပါတယ်။
အခုချိန်မှာတော့ ဦးစိုးတင့်  ဆုံးပါးသွားတာဟာ ရက်ပေါင်း ရှစ် ရက် ရှိခဲ့ပြီ ဖြစ်ပြီး ပျဉ်းမနား မြို့ သူမြို့သားတွေအပါ အဝင်သူ့နဲ့ နီးစပ်သူ အားလုံးရဲ့ ရင်ထဲမှာတော့ အလှူ အတန်းရက်ရောသူကြီးဦးစိုးတင့်ကို မှတ်မိနေဦး မှာ ဖြစ်ပါ တယ်။

Author / မာရီခိုင် Kumudra

No comments: