YBS
စနစ် စီမံခန့်ခွဲမှုနှင့် ငွေကြေးပိုင်းဆိုင်ရာ ပွင့်လင်းမြင်သာရန် အပါအ၀င်
အဆင်မပြေမှုများအတွက် လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦး
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေး
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး (အဋ္ဌမနေ့) ကျင်းပနေစဉ် (ဓာတ်ပုံ - ဆန်းထူးအောင်)
YBS ဘတ်စ်ကားစနစ် စီမံခန့်ခွဲမှု ညံ့ဖျင်းကြောင်းနှင့် သုံးစွဲလိုက်သည့်
ငွေကြေးပိုင်းဆိုင်ရာ ပွင့်လင်းမြင်သာရန် အပါအ၀င် ယင်းစနစ်၏
အဆင်မပြေမှုများကို လွှတ်တော်ကိုယ်စာလှယ် ၂၆ ဦးမှ ဧပြီ ၂၄ ရက်က ကျင်းပခဲ့သည့်
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး
(အဋ္ဌမနေ့) တွင် ဆွေးနွေးခဲ့ကြသည်။
ဧပြီ ၅ ရက်က ပြုလုပ်ခဲ့သည့်
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွင်
အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ်
ဦးဝေဖြိုးဟန်က “ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး
စနစ်အား ယခုထက် ပိုမိုကောင်းမွန်လာစေရန်နှင့် ထိရောက်သော
စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်း
ဆောင်ရွက်ချက်များအား အများပြည်သူ သိရှိနိုင်ရေး ပွင့်လင်းမြင်သာစွာ
ချပြနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း” အဆိုကို
တင်သွင်းခဲ့သည်။
ယင်းအဆိုနှင့် ပတ်သက်ပြီး ဆွေးနွေး
အကြံပြုမှုများထဲမှ ဒဂုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စာလှယ် ဦးကျော်ဇေယျက “စတင်ပြေးဆွဲတဲ့ ရက် ၅၀ အတွင်းမှာပဲ
ငါးယောက်သေသွားပြီး ၁၀ ရက်ကို တစ်ယောက်နှုန်း သေနေတယ်။ လက်တွေ့ပါပဲဗျ။
အောက်မြင်မှု ရှိ မရှိကတော့။ စည်းကမ်းဖောက်ဖျက်တဲ့သူတွေကို ခေါ်ယူ
စစ်ဆေးမေးမယ်။ ဘယ်လိုင်းတွေ စည်းကမ်းဖောက်တာလည်း စာရင်းလုပ်မယ်။ အများပိုင်
ပြောင်းတဲ့အခါမှာ စည်းကမ်းလိုက်နာမှု အားနည်းတဲ့သူတွေကို ကျန်ခဲ့မယ်။
အတွင်းရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ဒေါက်တာမောင်အောင်ရဲ့ နှုတ်ပြောစကားပါ။
ဘယ်လို ကျန်မှာလဲ ဘယ်ဥပဒေနဲ့ဖြုတ်ခဲ့မှာလဲ ကွန်ပလိန်း တက်ရင်
ဘယ်လိုလုပ်မလဲ။ ဧပြီ ၁၀ ရက်က သတင်းပါ။ မြို့ပတ်ရထားမှာ အရင်က မထသတုန်းက
နေ့စဉ် ခုနစ်သောင်း စီးနေပင်မယ့်။ YBS ပြောင်းပြီးနောက် ရထားစီးတဲ့သူတွေ
များလာတယ်။ မထသနဲ့ ယှဉ်တဲ့အခါ မှာ YBS ဘယ်လောက်အောင်မြင်နေလဲ သိနိုင်ပါတယ်။
အရင်က မြို့ပတ်ရထား အားမပေးဘူး။ YBS ပြောင်းတော့ မြို့ပတ်ရထား အားပေးတာ
YBS အောင်မြင်နေချက်တွေ နိုင်ငံပိုင်သတင်းစာ မြန်မာ့အလင်းမှာ
ဖော်ပြထားတာပါ။

ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YBS
နှစ်စီးတိုက်တဲ့အခါ ညှိမရဘူး။ (နာရီဝတ်ကြာ ကားလမ်းပိတ်) ဘယ်လောက်ထိများ
အာဏာပိုင်လဲဆိုတာ။ အာဏာပိုင်စာလုံး ထည့်မှလား။ YBS အချင်းချင်းချပြီး
ကားလမ်းပိတ်တာလည်း မကောင်းပါဘူး” ဟု ပြောကြားသည်။
ဆက်လက်ပြီး
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စာလှယ် ဦးကျော်ဇေယျက YBS ဘတ်စ်ကားများ၏
ယာဉ်မောင်း ယာဉ်နောက်လိုက်များ၏ ဆက်ဆံရေး မကောင်းသေးကြောင်း၊ ယခင်က
ယာဉ်နောက်လိုက်နှင့် ပိုင်ရှင်များပင် YBS စနစ်ထဲတွင် ကျင့်သုံးနေကြောင်း
ပြောကြားသည်။
“ဒီစနစ်ကို ပြောင်းချင်ပါတယ်။ မထသကနေ YBS
ကပြောင်းပြီးပြီ။ ၀န်ကြီးချုပ်ကြီးက ပြောင်းချင်ပါတယ်ပဲ ရှိသေးတယ်။
မပြီးသေးသော ပန်ချီကားပါ။ ကျွန်တော်မြို့နယ်ထဲကပါ။ အဆိုတင်သွင်းတဲ့
ဦးဝေဖြိုးဟန်ပဲ မေးခဲ့တာပါ။ အခုထိကို မပြီးသေးဘူး။ ဘယ်နေ့ပြီးမလဲ
မသိသေးဘူး။ ဒါပြီးရင် ယာဉ်ထိန်းချုပ်တဲ့နေရာမှာ အဆင်ပြေမှာပါ။ တစ်နေ့
တစ်နေ့ ဒဏ်ကြေး နဲ့ပဲ ပြီးနေတာပါ။ ၀န်ဆောင်မှုပေးတဲ့ စီမံကိန်းများ
အကောင်ထည်ဖော်တဲ့နေရာမှာ စီမံချက်အား စနစ်တကျရေးဆွဲပြီးမှသာ
လက်တွေ့စမ်းသပ်မှုပြီးမှသာ အကောင်ထည်ဖော်ဖို့ တင်ပြလိုပါတယ်။ YRTA အောက်မှာ
WATER TAXI ဆိုတာ အကောင်ထည်ဖော်ဦးမှာပါ။ ရေအဆုံး ကုန်းတစ်ဝက် ဆိုတော့။
ကုန်းမှာ ဒီလောက်လေးပဲဖြစ်တာ ရေထဲမှာဆို အကုန်သေကုန်မှာပါ။
ပွင်းလင်းမြင်သာစွာ ပြည်သူကို ချပြဖို့လိုအပ်တယ်။ နိုင်ငံတော်
အတိုင်ပင်ခံလည်း ပြောထားပါတယ်။ ပြည်သူ့အတွက် YBS ပေါ့။ အခုကတော့
ပြည်သူစိတ်ပျက် YBS ဖြစ်နေပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက
ဆွေးနွေးသည်။
ယင်းအဆိုနှင့်ပတ်သက်ပြီး တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် အသီးသီး၏ ဆွေးနွေးမှုများတွင် စနစ်တကျဖြစ်မှု
အားနည်းခြင်း၊ ကြိုတင်ပြင်ဆင်မှု အားနည်းခြင်းများ ရှိခဲ့ကြောင်း၊
ထိုကဲ့သို့ အကြောင်းအရာများကို အချိန်မီ ကုစားနိုင်ရန်
လိုအပ်လာပြီဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ဆွေးနွေးနေစဉ်
“ YBS ကိစ္စမှာ အားသာချက်ဆိုတာ ပြောပြဖို့ တော်တော်ခက်ပြီး
အားနည်းချက်တွေကတော့ များစွာပြောစရာရှိပါတယ်။ ပထမဦးဆုံး အားနည်းချက်
ကြိုတင်ပြင်ဆင်မှုအပိုင်း အားနည်းချက်ပါ။ စနစ်ကြီးတစ်ခု ပြောင်းလဲတဲ့အခါမှာ
ဒီစနစ်ကြီးတစ်ခုလုံးအတွင်းမှာ ပါဝင်လာမယ့် Stakeholder တွေ အားလုံးနဲ့
အကြေအလည် ဆွေးနွေးပြီးမှသာ ဒီစနစ်ကြီးတစ်ခုလုံးကို အကောင်အထည်
ဖော်သင့်ပါတယ်။ ဒါပေမဲ့ ဒီ YBS မှာ အဲဒီလို လုပ်ဆောင်ခဲ့တာ တော်တော်လေး
အားနည်းတာတွေ့ရတယ်။ တစ်ဖက်က ပြည်သူတွေကို YBS ပြောင်းလဲမှုနဲ့ပတ်သက်ပြီး
အသိပေးတဲ့အပိုင်း ပြည်သူတွေရဲ့ အသံနားထောင်မှုအပိုင်းမှာ အားနည်းချက်
ရှိခဲ့ပါတယ်။ စနစ်ကြီးတစ်ခုလုံး ပြောင်းတာတောင်မှ တစ်ပတ်လောက်အလိုမှ
ပြည်သူတွေက အကြမ်းဖျင်း သိရပါတယ်။ စတင် အကောင်အထည်ဖော်တဲ့နေ့ကျမှ နဖူးတွေ့
ဒူးတွေ့ ရင်ဆိုင်ရတာပါ။ ဒီလိုညှိနှိုင်း ဆွေးနွေးမှု အားနည်းချက်တွေနဲ့
အလျင်အမြန် အကောင်အထည်ဖော်လိုက်တာရဲ့ အကျိုးဆက်က သာမန်လက်လုပ်လက်စား
ပြည်သူတွေ အတော်အဆင်မပြေ ဖြစ်ခဲ့ကြပါတယ်” ဟု ကျောက်တံတားမြို့နယ်
မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက
ပြောကြားသည်။
ထို့ပြင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဒေါ်ကြည်ပြာက ဘတ်စ်ကားစီးမည့် ခရီးသည်များအတွက် ရေးဆွဲသော ပေါ်လစီသည်
ဘတ်စ်ကား တကယ်စီးမည့်သူများ ပါဝင် ရေးဆွဲသင့်ကြောင်း၊ ဘတ်စ်ကား တစ်ခါမှ
မစီးဘူးသူများ ထိုင်ပြီးရေးသည့် ပေါ်လစီဆိုပါက စားပွဲပေါ်က ပေါ်လစီပင်
ဖြစ်လိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။ “YBS အတွက် ငွေကြေးသုံးစွဲအပိုင်းနဲ့
ရငွေတွေ ပွင့်လင်းမြင်သာမှု ရှိဖို့ပါ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့
၂၀၁၆-၂၀၁၇ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဆိုင်ရာ လျာထားချက်ထဲမှာ
မော်တော်ယာဉ် သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီများတွင်
ထည့်ဝင်ရင်းနှီးခြင်းအတွက် ကျပ်သန်းပေါင်း ၇၅၀၀၀ တောင်းထားတာ ရှိပါတယ်။
ဝန်ကြီးချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာလည်း ကျပ် ဘီလျံ ၆၀ ကို
ဘတ်စ်ကားတွေ ၀ယ်တဲ့နေရာမှာ သုံးမယ်။ ကျန် ၁၀ ဘီလျံကိုတော့ မှတ်တိုင်တွေနဲ့
အခြားကိစ္စတွေမှာ သုံးမယ်ဆိုပြီးတော့ ပြေားထာပါတယ်။ မှတ်တိုင် ၂၅၀ ကို
တင်ဒါခေါ်ပြီး ပေးလိုက်ပြီလို့ ကြားရပါတယ်။ သေချာ သတင်း ထုတ်ပြန်ထားတာကို
သိရတာ မဟုတ်ပါဘူး။ ပွင့်လင်းမြင်သာမှုရှိစွာနဲ့ ချပြဖို့ လိုပါတယ်။့ YUPT
ကိစ္စပါ။ ရန်ကုန် မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေးအများ နှင့်
သက်ဆိုင်သော ကုမ္ပဏီကို ဇန်န၀ါရီ ၁၀ ရက်က စတင်တည်ထောင်ပြီးကြောင်း
သတင်းစာမှာ တွေ့ရပါတယ်။ ဒီကုမ္ပဏီရဲ့အစု ရှယ်ယာတွေနဲ့ ပတ်သက်ပြီး
ဘယ်လိုဆောင်ရွက်နေပါသလဲ။ အစိုးရအနေနဲ့ ၅၁ ရာခိုင်နှုန်း ရှယ်ယာပါတယ်လို့
သိရပါတယ်။ အစုရှယ်ယာတစ်ခုကို တစ်သိန်းနဲ့ ရောင်းချတယ်လို့လည်း ကြားရပါတယ်။
အခုအချိန်အထိ ရောင်းချနေဆဲလား၊ ရပ်ထားသလား စသဖြင့် ငွေကြေးကဏ္ဍနဲ့
ပွင့်လင်းစွာ ချပြဖို့ လိုအပ်ပါတယ်။ YBS ဌာနတွေ အားလုံးအတွက် ၁၀ ဘီလျံထဲက
သုံးထားတာလား။ ဘယ်ကနေ သုံးထားတာလဲ ဆိုတာမျိုး သိချင်ပါတယ်” ဟု
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဆက်လက်ပြောကြားသည်။
YBS စနစ်သည် ဘတ်စ်ကား သယ်ယူပို့ဆောင်ရေးဖြစ်ပြီး အမြတ်ရဖို့အတွက်
အဓိကမထားဘဲ ၀န်ဆောင်မှုအပိုင်းကို အဓိကထား ဆောင်ရွက်သင့်ကြောင်း ၎င်းက ဆက်လက်
ပြောကြားသည်။
အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က မီဒီယာများအား ဖြေကြားနေစဉ် (ဓာတ်ပုံ -
ထက်ရှိုင်း)
“YBS က မိတ်ကပ်တွေ လိမ်းထားတယ်။ မိတ်ကပ်တွေ
ကွာကျသွားတော့ မလှတော့ဘူး ဆိုတာမျိုးပေါ့။ အဲဒီကားတွေကို
စိုးရိမ်တယ်။အဲဒီကားတွေ စပြီးတော့ သယ်လာတဲ့ အချိန်မှာတော့ ကားစစချင်း
သယ်လာရင်တော့ အသစ်ကြီးတွေပေါ့။ နောက်နောင် ခုံးတွေတက်ရင်းနဲ့ ဖွတ်ချက်၊
ဖွတ်ချက်နဲ့ဖြစ်ပြီး မိတ်ကပ်တွေ ကွာပြီး အဆင်မပြေမှာကိုလည်း စိုးရိမ်ပါတယ်။
ဒါတွေလည်း နောက်နောင် ကားဝယ်တဲ့အခါမှာ သေချာသုံးသပ်သင့်ပါတယ်။ ပြည်သူကို
အသိပေးတဲ့အခါမှာ မှတ်တိုင်အားလုံးပေါင်း ၁၀၀၀ ကျော်မှာ စိုက်ခဲ့တဲ့
ဆိုင်းဘုတ်ပေါင်းက ၁၀၀၀ ကျော် ရှိပါတယ်။ ဘယ်တစ်ခုမှ Update မဖြစ်တော့ပါဘူး။
ဆိုင်းဘုတ်မှာ ရေးထားတဲ့ 1881 ဆိုတာလည်း ခေါ်လို့မရတော့ပါဘူး။
ဆိုင်းဘုတ်မှာ ရေးထားတာကလည်း လိုင်း ၆၁ မှာ ရပ်နေပြီး
နောက်ပိုင်းလိုင်းတွေလည်း မပါတော့ပါဘူး။ Upadate ပေးနိုင်တဲ့ အခြေအနေကလည်း
လွန်ခဲ့သုံးလကလည်း အဆင်သင့်မဖြစ်သေးပါဘူး။ အခုလည်း အဆင်သင့်
မဖြစ်သေးပါဘူး။ ကွန်းပလိန်း စင်တာလည်း ကျွန်တော်လည်း ကြိုးစားပြီးတော့
ဆောင်ရွက်ပါတယ်။ ၀န်ကြီးလည်း ကြိုးစားပြီး ဆောင်ရွက်နေတယ်ဆိုတာ သိရပါတယ်။
အခုလည်း Yangon Bus Report လို့ခေါ်တဲ့ Application လေးသုံးပြီး ဓာတ်ပုံတွေ၊
ဘာတွေ ရိုက်ပြီးတင်ရင် အရေးယူ ဆောင်ရွက်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
ကွန်ပလိန်းစင်တာ သေချာလုပ်ပေးနိုင်ရင် ပြည်သူ တွေခံစားနေရတဲ့ တင်းအားတွေ
လျော့သွားနိုင်တယ် ဆိုတာကို လွန်ခဲ့တဲ့သုံးလက အဆင့်သင့် မဖြစ်သေးပေမယ့်
နောက်ပိုင်းမှာ ဒါလေးတွေကို အရေးစိုက်စေချင်ပါတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်
မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်
(ခေါ်) ဦးနေဘုန်းလတ်က ပြောကြားသည်။
ဆက်လက်ပြီး ၎င်းက YBS စနစ်သည်
အစမကောင်းခဲ့တာ သေချာကြောင်း၊ YBS စနစ်ကြီးကို အခုအချိန်မှ စတင်ကာ
အပြောင်းအလဲများ မလုပ်နိုင်ဘူးဆိုပါက အနှောင်း မသေချာဖြစ်သွားနိုင်ကြောင်း
၎င်းက ဆက်လက်ပြောကြားသည်။
ဧပြီ ၂၄ ရက်တွင်ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (အဋ္ဌမနေ့) တွင်
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့
နာယက ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည်
ခွင့်တိုင်းကြားခဲ့ပြီး YBS နှင့်ပတ်သက်ပြီး
တင်သွင်းသည့်အဆိုနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဘက်မှ
လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်တစ်ဦးသာ
တက်ရောက်ခဲ့ကြောင်း သိရသည်။
YBS နှင့် ပတ်သက်သည့်အဆိုအတွက်
တိုင်းဒေသကြီး အစိုးရဘက်မှ ပြန်လည်ဖြေကြားခြင်းကို လာမည့် ဧပြီ ၂၇ ရက်တွင်
ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဆက်လက်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
YBS စနစ်နှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့၏ ဆွေးနွေးမှုများ
■ လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း
“ပြည်သူနှစ်သန်းခွဲခန့်က နေ့စဉ် ခရီးသွားလာနေကြတယ်။
သယ်ယူပို့ဆောင်ရေးစနစ်ကို ပိုမိုကောင်းမွန်ပြီး ခေတ်နဲ့လျော်ညီစွာ
ပြုပြင်ပြောင်းလဲဖို့ လိုအပ်လာပါတယ်။ ဒီအတွက်ကြောင့် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ကဦးဆောင်ပြီး ဇန်န၀ါရီ ၁၆ ရက် ၂၀၁၇ မှာ စနစ်ဟောင်းဖြစ်တဲ့ မထသ
စနစ်ကနေ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို
ပြောင်းလဲဖွဲ့စည်းလိုက်ပြီး YBS စနစ်ကို ပြောင်းလဲခဲ့ပါတယ်။ သုံးလအတွင်း
ကတ်စနစ် ပြောင်းလဲခြင်း၊ GPS စနစ်များ တပ်စဉ်ခြင်းဖြင့်လည်းကောင်း
ကားများကို ထိန်းချုပ်ပြီး ကားများကို ခေတ်မီကားများဖြင့်
ပြောင်းလဲပြေးဆွဲပြီး ဆောင်ရွက်မည့်အကြောင်း ကြော်ငြာပြီး စတင်ခဲ့တယ်။
သို့ပေမဲ့ ယခုအခါမှာတော့ သုံးလပြည့်ပြီး ဖြစ်သော်လည်း ယခင်ကပေးထားသည့်
လုပ်ဆောင်ရမည့် အချက်များ၊ အဆင့်များကို လက်တွေ့အကောင်အထည်ဖော်ရာတွင်
ဝေးကွာနေသေးကြောင်း တွေ့ရှိလာရပြီး ယာဉ်မောင်းများ၊ ယာဉ်အကူနောက်လိုက်များက
ယခင် မထသ စနစ်အတိုင်းလုပ်ကိုင်ကြပြီး စည်းကမ်းဖောက်ဖျက်မြဲ
ဖောက်ဖျက်နေကြတယ်။ အလုအယက် ကျော်တက် ပြိုင်မောင်းမှုများ၊ လိုရာခရီးကိုလည်း
နှစ်ဆင့်သုံးဆင့် စီးနေရမှုကြောင့် အဆင်မပြေမှုများ ကြုံတွေ့နေရတာကို
ပြည်သူတွေ အနီးစပ်ဆုံး ကိုယ်စားလှယ်တွေကို တင်ပြတိုင်ကြားမှုတွေက
နေ့စဉ်နဲ့အမျှဖြစ်ပါတယ်။
ပြည်သူများ၏ အခက်အခဲကို ကူညီဖြေရှင်းပေးရန်
လည်းကောင်း၊ မိမိတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့ရတဲ့
လုပ်ငန်းစဉ်ဖြစ်တာက တစ်ကြောင်း၊ အရေးယူဆောင်ရွက်ပေးရန် တင်ပြသော်လည်း
ပြုပြင်ပြောင်းလဲမှု အရေးယူမှုများမှာ ပြောပလောက်အောင် မတွေ့ရဘူး။ ယခုလို
မိမိတို့အားထားရာ လွှတ်တော်ကြီးမှတစ်ဆင့် ပြည်သူများကိုယ်စား၊ အဆိုတစ်ရပ်
တင်သွင်းပြီး ဆွေးနွေးရခြင်း ဖြစ်ပါတယ်။ ပြည်သူများက ကားများကိုလည်း
အဆင့်တန်းမီကားများ တင်သွင်းမယ်လို့သိရပေမယ့် ယခုအခါကြားသိရတာက
တရုတ်ကားများကိုသာ တင်သွင်းလာမယ်လို့ သိရပါတယ်။ နောက်တစ်ခါ
ယာဉ်နောက်လိုက်တွေက မီးပွိုင့်တွေမှာ အတက်အဆင်း လုပ်နေတာတွေ၊
မီးပွိုင့်တွေမှာ လူတွေကို ဆွဲတင်တာတွေ၊ ဆင်းတဲ့အခါ တွန်းချမတက် လုပ်တာတွေက
ယခုထက်တိုင် ရှိနေတုန်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုဟာတွေကို
ထိထိရောက်ရောက် ဘယ်လိုင်းကိုတော့ ဘယ်ကားကိုတော့ အရေးယူလိုက်ပြီ၊
ဘယ်နှယောက်ကို ဘယ်လိုအရေယူတယ် ဆိုတာ ပွင့်ပွင့်လင်းလင်းထင်သာ မြင်သာအောင်
နေ့စဉ်ထုတ်ပြန် ပေးနေရမှာဖြစ်တယ်။ ဒီနေရာမှာ အဓိကထား ဆွေးနေချင်တာက
ပိုမိုကောင်းမွန်သော မြို့ပြသယ်ယူပို့ဆောင်ရေးစနစ် ဆိုရာမှာ YBS
စနစ်တစ်ခုတည်းနဲ့ ကောင်းနိုင်မှာ မဟုတ်ပါဘူး။ မြို့ပတ် ရထားစနစ်ကိုလည်း
ယခုထက် ပိုမိုကောင်းမွန် ပြည့်စုံသော လူတွေအားထားရာ ပို့ဆောင်ရေးဖြစ်အောင်
အဘက်ဘက်က ဆောင်ရွက်ခြင်းကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်
ကြိုးစားသင့်တယ်လို့ ထင်ပါတယ်”
■ ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး
“အားလုံးသိကြတဲ့အတိုင်း ၁၉၆၂ ခုနှစ်ကနေ စတင်တည်ထောင်ခဲ့တဲ့ မထသ ကို
ဇန်န၀ါရီ ၁၆ ရက် ၂၀၁၇ ခုနှစ်ကနေ စပြီးတော့ သယ်ယူပို့ဆောင်ရေး
ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA အဖြစ် အစားထိုး ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီအဖွဲ့အစည်းအောက်ကနေ ရန်ကုန်ဘတ်စ်ကား ၀န်ဆောင်မှု YBS ကားများကို
ပြေးဆွဲစေခဲ့တာဖြစ်ပါတယ်။ တိုင်းဒေသကြီး အစိုးရအနေနဲ့ ကြီးမားတဲ့
အပြောင်းအလဲတစ်ခုကို ရဲရဲရင့်ရင့် အကောင်အထည်ဖော်ခဲ့တာကို
အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ကြိုတင်ပြင်ဆင်မှု အားနည်းချက်တွေကြောင့်
ရန်ကုန်မြို့သူမြို့သားတွေက ကြိုးတန်းပေါ်မှာ လမ်းလျှောက်ရသလို ရင်တမမနဲ့
ဖြစ်ခဲ့ရပါတယ်။ အဲဒီတော့ YBS စတင်တဲ့ ငါးရက်တာကာလမှာ ပြည်သူ့အစိုးရကို
ဝိုင်းကူကြတယ်။ တာဝန်ယူမှု အပြည့်ရှိကြတယ်။ အရပ်ဘက်အဖွဲ့အစည်းက
လူငယ်မောင်မယ်တွေ စေတနာ့ဝန်ထမ်းတွေက YBS စနစ် အပြောင်းအလဲကို ဘယ်လောက်
ကြိုဆိုခဲ့ကြတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့
သင်ခန်းစာယူရမှာက မူဝါဒချမှတ်သူတွေက ကိုယ့်ဒေသရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်
ကာလသုံးပါးကိုပေါင်းစပ်ပြီးမှ စနစ်တကျ ပြုပြင်ပြောင်းလဲမှုကို
စတင်ဆောင်ရွက်သင့်ပါတယ်။ ပြည်သူလူထုက မထသ ကနေ YBS သာ ပြောင်းသွားတယ်။
လူလည်းမပြောင်း၊ ကားလည်း မပြောင်းဘူး။ ပြောင်းသွားတာဆိုလို့ YBS စာသားနဲ့
ခရီးနှစ်ဆင့် သုံးဆင့် ပြောင်းစီးရတဲ့ အတွက်ကြောင့် ယာဉ်စီးခ ပိုကုန်တယ်။
အချိန်ပို ကုန်တယ်လို့ ညည်းတွားနေရတဲ့ အချိန်မှာ တိုင်းဒေသကြီး
အစိုးရအဖွဲ့က တာဝန်ရှိသူ တစ်ယောက်ကနေပြီးတော့ မီဒီယာကြီးတစ်ခုမှာ
ပြောလိုက်တဲ့စကားက ယနေ့ပြောစကားလို့ဆိုပြီးတောင် အထူးပြုခံလိုက်ရပါတယ်။
သူပြောတာက ပြည်သူလူထုကို အသိပေးလိုတာက ၁၉၆၂ ခုနှစ်ကနေ
မထသအဖွဲ့အစည်းရဲ့ဝင်ငွေ ယခုနိုင်ငံတော်ကို ပြန်အပ်နိုင်တဲ့ဝင်ငွေက
သိန်းခြောက်သောင်း၊ အခု YBS ကို ကျွန်မတို့အစိုးရ ဦးဆောင်ပြီးတော့
ရန်ကုန်မြို့ သယ်ယူပို့ဆောင်မှု ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ကနေပြီး
တာဝန်ယူလိုက်တဲ့အချိန်မှာ တစ်လ၀င်ငွေ သိန်းခြောက်ထောင်ရှိတယ်။ သူတို့
နှစ်ပေါင်း ၃၀၊ ၄၀ ရှာထားတဲ့ပိုက်ဆံက ကျွန်မတို့တစ်နှစ်တောင်
ရှာစရာမလိုဘူးတဲ့။ ကျွန်တော်တို့လွှတ်တော်အနေနဲ့ တော်တော်အံသြတယ်။
ဘာဖြစ်လို့လဲဆိုတော့ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်က
ငွေနဲ့တိုင်းတာလို့ မရဘူး။ ဘယ်လောက်ဝန်ဆောင်မှု ကောင်းကောင်း ပေးနိုင်သလဲ၊
ဘယ်လောက်ကျေနပ်မှု ရှိကြသလဲဆိုတဲ့အပေါ်မှာ တိုင်းတာမှာဖြစ်ပါတယ်။ အဲဒီတော့
ရန်ကုန်မြို့ရဲ့ လူဦးရေက ခုနစ်သန်းနီးပါးရှိတယ်။ နေ့စဉ် ခရီးသွားပြည်သူတွေက
သုံးသန်းနီးပါးရှိတယ်။ ဒီခရီးသည်တွေသွားတဲ့ နေရာမှာ အရင်က ၂၀၀
ပေးစီးပြီးမှ လိုရာခရီးကို ရောက်တဲ့အခါမှာ အခုအခါမှာ တစ်ဆင့်၊ နှစ်ဆင့်
ပြောင်းစီးရတယ်။ ၂၀၀ လည်း ပိုကုန်တယ်။ ဒီ ၂၀၀ ကို တစ်နေ့ကို သွားနေတဲ့
လူသုံးသန်းနဲ့ပဲ တွက်ရင် ပြည်သူတွေက သန်းခြောက်ရာလောက်
ပိုကုန်နေတာဖြစ်သွားပြီ။ တစ်လဆိုရင် သန်းပေါင်း ၁၈၀၀၀ လောက် ပိုကုန်ပါတယ်။
ဒါက ပြည်သူတွေရဲ့ပိုက်ဆံဖြစ်ပါတယ်။ ခရီးသည်တွေ ငွေပိုကုန်တာနဲ့အမျှ
ညီမျှတဲ့ ၀န်ဆောင်မှုကို အစိုးရက ကြိုးစားပြီးတော့ ဆောင်ရွက်ပေးရမှာ
ဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်က လမ်းတွေကို ထပ်မံတိုးချဲ့ဖို့
မဖြစ်နိုင်တော့ပါဘူး။ ယာဉ်အသုံးပြုမှုကိုပဲ သုံးသပ်ရမှာဖြစ်ပါတယ်။ အခုဆိုရင်
ရန်ကုန်မှာဆိုရင် ပစ္စည်းအတင်အချလုပ်တဲ့ ကုန်တင်ကားတွေ၊
အချိန်ကြာမြင့်စွာရပ်ထားတဲ့ ကားတွေ၊ လမ်းသွယ်တွေထဲမှာ အများအပြားရှိသလို
တခြားယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်စေနိုင်တဲ့အထိ ထားတာတွေရှိပါတယ်။ ဒါတွေကို
နောင်ဆိုရင် ခေတ်မီနည်းပညာတွေသုံးပြီး ပါကင်နေရာထားပြီး
ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းစဉ်တွေ ကြီးမားကျယ်ပြန့်တဲ့အတွက်
သက်ဆိုင်ရာ တိုင်းအစိုးရကနေ အားလုံးနဲ့ပူးပေါင်း ဖြေရှင်းတဲ့ နည်းလမ်းကို
သုံးသင့်ပါတယ်”
■ အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်
“သုံးပိုင်းခွဲပြီးပြောချင်ပါတယ်။ အပိုင်း (၁) အနေနဲ့ ကြိုတင်ပြင်ဆင်မှု
အပြည့်အ၀ ရှိဖို့ တိုက်တွန်းလိုပါတယ်။ ဘယ်စီမံချက်မဆို စီမံချက်
အောင်မြင်စေရန်အတွက် ကောင်းမွန်တဲ့ ကြိုတင်ပြင်ဆင်မှုကို လိုပါတယ်။
အဆိုရှင်က BRT စနစ်ကို ထောက်ခံခဲ့ပေမယ့်။ ကျွန်တော့်အနေနဲ့ BRT
ယာဉ်များအတွက် မထိန်းသိမ်းနိုင်ဘူး။ အဆင်မပြေနိုင်ဘူဆိုပြီး
သက်ဆိုင်သူတွေကို ထောက်ပြခဲ့ဖူးပါတယ်။ ကျွန်တော်တို့ အထူးအားဖြင့်
လမ်းဘေးရပ်နေတဲ့ မော်တော်ယာဉ်တွေ၊ ကားပါကင်များဟာ
ကြိုတင်စီစဉ်ထားသင့်ပါတယ်။ အဖြူအနီကြား ပလပ်ဖောင်းဘေးမှာ ရပ်ထားတဲ့ကားတွေဟာ
ရန်ကုန်တစ်မြို့လုံး နေရာအနှံ့အပြားမှာ ထောင်ဂဏန်း ရှိနေပါတယ်။
မရှင်းလင်းနိုင်ဘဲနဲ့ BRT မအောင်မြင်သလို YBS ဟာလည်း
အောင်မြင်ဖို့များစွာသော အဟန့်အတားဖြစ်နေပါတယ်။ ဒီစနစ်သုံးတာကို
ထောက်ခံပေမယ့် ကျင့်သုံးပုံကျင့်သုံးနည်းနဲ့ စီမံဆောင်ရွက်နည်းလွန်စွာ
အားနည်းနေတာကို ကျွန်တော်တို့မြင်တွေ့နေရပါတယ်။ ကိုယ်စားလှယ်အားလုံးက
ကိုယ်မြင်တဲ့ရှုထောင့်ကနေ ဆွေးနွေးထားပေမယ့် ကျွန်တော့်အနေနဲ့ကတော့
ကားပါကင်ကို ကျွန်တော်တို့အစိုးရထဲက ကြိုတင်စီစဉ်ပြီး ကျယ်ကျယ်ပြန့်ပြန့်
ဆောင်ရွက်သင့်တယ်လို့ အကြံပြုလိုပါတယ်။ ယခုကနေ နောက်ကိုလည်းပဲ
လျင်လျင်မြန်မြန် ကျယ်ကျယ်ပြန့် ပြန့် ဆောင်ရွက်ခြင်းအားဖြင့်
လမ်းဘေးမှာရှိနေတဲ့ ကားတွေရှင်းသွားရင် သယ်ယူပို့ဆောင်ရေး စနစ်ကို များစွာ
အထောက်အကူပြုနိုင်မယ်လို့ ပြောချင်ပါတယ်။ အပိုင်း (၂) အနေနဲ့
စည်းကမ်းထိန်းသိမ်းမှု၊ အရေးယူမှု၊ အပြစ်ပေးမှုနဲ့ပတ်သက်လို့ ယာဉ်စည်းကမ်း၊
လမ်းစည်းကမ်းတွေက ရှိပြီးဖြစ်ပါတယ်။ စည်းကမ်းချိုးဖောက်နေသူကို အရေးယူမှု
မရှိသလို ဖြစ်နေပါတယ်။ CCTV, GPS, Central Control ကနေပြီးတော့
ယာဉ်ဘယ်နှစ်စီး အရေးယူပြီးပြီလို့လဲ။ ပြည်သူကို ပွင့်လင်းမြင်သာစွာ
အသိပေးလိုပါတယ်။ တရုတ်နဲ့လုပ်ထားတဲ့ CCTV တွေ၊ GPS တွေ။ ဒါတွေ
ကိုကြားသိနေရပါတယ်။ တကယ်အရေးယူ မဆောင်ရွက်နိုင်ဘဲနဲ့ စည်းကမ်းပျက်ကို
ထားမယ်ဆိုတာ ကိုယ်တကယ် ဆောင်ရွက်နိုင်စွမ်း မရှိဘူးဆိုတာကို
သတိပေးချင်ပါတယ်။ အပိုင်း (၃) အနေနဲ့ သယ်ယူ ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး
လုပ်ငန်းဆောင်ရွက်ချက်တွေအားလုံး အများပြည်သူ သိရှိနိုင်ရန်၊
ပွင့်လင်းမြင်သာစွာ ချပြဖို့လိုပါတယ်”
■ တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်
“လိုရင်းပြောရရင်တော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ YBS စနစ်က
မအောင်မြင်ပါဘူး။ မအောင်မြင်ရတဲ့အချက်က ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ရဲ့ YBS စနစ်ကို ဖော်ဆောင်တဲ့ လုပ်ရပ်က
ကောင်းမွန်တဲ့လုပ်ရပ်ဆိုတာကို ထောက်ခံပါတယ်။ ပြည်သူတွေလိုလားတဲ့
ပြောင်းလဲခြင်းလည်း ဖြစ်ပါတယ်။ ပြည်သူတွေ တကယ်တွေ့ကြုံခံစားမှုကို
ဖြေရှင်းပေးနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လုံးဝဂရုမစိုက်ဘဲ
လုပ်တဲ့အချက်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ YBS စနစ် မအောင်မြင်ခြင်းရဲ့
အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ နည်းပညာပိုင်းကို
ကြိုတင်ပြင်ဆင်ထားတာ မှန်ပေမယ့် Operation ပိုင်းကိုတော့
ဖြစ်သလိုလုပ်တဲ့သဘော ဖြစ်နေပါတယ်။ Operation ပိုင်းကို တကယ်ဦးဆောင်တာက
လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့ တကယ်ရင်ဆိုင်ရမှာက
လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ ကံကောင်းတာက ပြည်သူတွေက
တင်တဲ့အစိုးရဖြစ်လို့ အောင့်အီးသည်းခံတာ အံ့သြစရာပဲ။ စနစ်တကျ
လုပ်ကိုင်ချင်း မဟုတ်လို့ ပရမ်းပတာဖြစ်နေတဲ့အတွက်
လွှတ်တော်ကိုယ်စားလှယ်များ၊ လုပ်အားပေးများ၊ ပြည်သူများ၊ လူငယ်များက
ရင်ဆိုင်ဖြေရှင်းပြီးတော့ ဆောင်ရွက်ပေးနေရပါတယ်။ လုပ်ငန်းစဉ်
အကောင်အထည်ဖော်မယ့်ရက်ကို လွှတ်တော်ကိုယ်စားလှယ်တွေကို အသိပေးရုံ
ခေါ်ပြောပြီး လွှတ်တော်ကိုယ်စားလှယ် တွေကို လုပ်ငန်းစဉ်ကို
ဦးဆောင်ခိုင်းတဲ့လုပ်ရပ်က လူကြိုက်များအောင် လုပ်တဲ့သဘော ဖြစ်နေပါတယ်။
တစ်နည်းပြောရရင် လူမပြောင်း၊ ကားမပြောင်း စနစ်ကို အတင်းပြောင်း
ခိုင်းတဲ့သဘောဖြစ်ပါတယ်။ YBS စနစ်အကောင်အထည်ဖော်ရာမှာ ကျဆုံးခြင်းရဲ့
အကြောင်းရင်းတစ်ခုဖြစ်ပါတယ်”
Writer:
ထက်ရှိုင်း၊ ဆန်းထူးအောင်
http://news-eleven.com/local/35458