နေပြည်တော် မေ ၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား ဇမ္ဗူသီရိ ဖောင်ဒေးရှင်းက အခမဲ့မျက်စိခွဲစိတ်ကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်နေသည့် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးသို့ ယနေ့ မွန်းလွဲ ၁ နာရီတွင် သွားရောက်၍ မျက်စိခွဲစိတ် ကုသမှုခံယူသည့် ဝေဒနာရှင်များအား လှည့်လည်ကြည့်ရှု အားပေးသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ဇမ္ဗူသီရိအထူးကုဆေးရုံကြီး ခွဲစိတ်ဆောင်နှင့် လူနာဆောင်အမှတ် (၂) တို့၌ မျက်စိ ခွဲစိတ်ပြီး ဝေဒနာရှင်များနှင့် မျက်စိခွဲစိတ်ကုသမှု ခံယူကြမည့် သူများအား လှည့်လည်ကြည့်ရှုရာ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် မျက်စိခွဲစိတ်ပြီးသူများအား မျက်မှန်များ တပ်ဆင် ပေးပြီး မျက်စိခွဲစိတ်ကုသမှုခံယူမည့် သူများအား အားပေးစကား ပြောကြားသည်။
ဇမ္ဗူသီရိဖောင်ဒေးရှင်း အနေဖြင့် ၂၀၁၄ ခုနှစ် မေ(၅)ရက်မှ စတင်ပြီး ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ မျက်စိဝေဒနာရှင် (၁၈၈) ဦးအား နေပြည်တော် ခုတင်(၁၀၀၀) ဆေးရုံကြီးနှင့် ဇမ္ဗူသီရိအထူးကု ဆေးရုံကြီးတို့မှ မျက်စိအထူးကုဆရာဝန်ကြီး သုံးဦးဖြင့် မျက်စိ စမ်းသပ် စစ်ဆေးပြီး ဝေဒနာရှင် (၈၀) အား ပါဝါမျက်မှန်များ တပ်ဆင်ပေးခြင်း၊ မျက်စိ ခွဲစိတ်ကုသမှုခံယူမည့်သူ (၃၅) ဦးအား စရိတ်ငြိမ်း ခွဲစိတ်ကုသပေးခြင်းတို့ကို မေ(၇)ရက် ထိ ဆောင်ရွက်သွာမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဖောင်ဒေးရှင်းကို ၂၀၁၂ ခုနှစ် ဇွန် (၁)ရက်တွင် စတင်တည်ထောင်ဖွဲ့စည်းခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေကို ဗဟိုပြု၍ မြန်မာနိုင်ငံတော် တစ်ဝန်းရှိ ဆရာတော် သံဃာတော်များ၊ သက်ကြီးရွယ်အိုများနှင့် ဆင်းရဲနွမ်းပါးသူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ဆေးဝါးထောက်ပံ့လှူဒါန်းခြင်းနှင့် ဘာသာရေးဆိုင်ရာ ပွဲလမ်းများတွင် လိုအပ်သည်များ ပံ့ပိုးကူညီခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ဇမ္ဗူသီရိဖောင်ဒေးရှင်းသည် ဖွဲ့စည်းတည်ထောင်ချိန်မှ စတင်၍ နိုင်ငံတစ်ဝန်းရှိ သက်တော် (၇၀)နှင့်အထက် ဆရာတော်ကြီးများနှင့် ချို့တဲ့သံဃာတော်များအား ဆေးဝါးနှင့် ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိသည့်အပြင် ဘာသာရေးဆိုင်ရာ တရားပွဲများ ကျင်းပပေးခြင်း၊ တရားစခန်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ပြည်တွင်းပြည်ပ ဆရာဝန်ကြီးများ၏ အကူအညီဖြင့် စောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ လူမှုရေးလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်နေသည့် ဇမ္ဗူသီရိ ဖောင်ဒေးရှင်းနှင့် စပ်လျဉ်း၍ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က “မျက်စိခွဲစိတ်ကုသ ပေးခြင်းက ဖောင်ဒေးရှင်းအနေနဲ့ ပထမဆုံးဆောင်ရွက်တာပါ။ နေပြည်တော် ကောင်စီ နယ်မြေ ရှစ်မြို့နယ်စလုံးမှာ အခုလိုမျိုးလုပ်ဖို့ အစီအစဉ် ရှိပါတယ်။ မျက်စိ ကုသမှုပြီးရင် လည်ပင်းကြီးရောဂါ၊ နှုတ်ခမ်းကွဲ၊ အာခေါက်ကွဲ ရောဂါသည်တွေကိုပါ ကုသပေးဖို့ ဆောင်ရွက်နေ ပါတယ်။ ဖောင်ဒေးရှင်းအနေနဲ့ လက်ရှိမှာ နေပြည်တော်ရှစ်မြို့နယ်မှာ လုပ်ငန်းများ ဆောင်ရွက်နေပေမယ့် မြန်မာတစ်နိုင်ငံလုံးက ကျေးလက်မြို့ပြတွေမှာ အခု လိုမျိုး ဆောင်ရွက်နိုင်အောင် စီစဉ်နေပါတယ်” ဟု ပြောကြားခဲ့သည်။
REF- http://www.mmdailystar.com/2014/05/blog-post_7.html
No comments:
Post a Comment