Sunday, September 7, 2014

လူထုထောက်ခံမှု ကျဆင်းနေပြီလား ဒေါ်အောင်ဆန်းစုကြည်


မကြာသေးမီရက်ပိုင်းကပဲ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မှာ ဖြစ်ပွားခဲတဲ့ ပြဿနာနဲ့ပတ်သတ်ပြီး တင်းမာမှုတွေရှိခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး မျိုးချစ်လူငယ်၊လူရွယ်တွေက ကိုယ့်အမိမြေကို တစ်လက်မမျှ အထိပါးမခံလိုတဲ့စိတ်နဲ့ online တွင်သာမက အပြင်မှာပါ တညီတညွတ်ထဲ တုန့်ပြန်ခဲ့ကြပြီး ရခိုင်ဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေကို တခဲနက်အားပေးခဲ့ကြတာကို တွေ့မြင်ခဲ့ကြရမှာပါ။ ဒါပေမဲ့ ဒေါ်စုအပါအဝင် သူ့ကိုထောက်ခံတဲ့ ပါတီနဲ့လူအချို့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုပဲ သေရေးရှင်ရေးတမျှ လုပ်ဆောင်နေကြပါတယ်။ ဒီအခြေအနေကိုကြည့်လိုက်ရင် မဟောသဓာ ဇတ်ထဲကလို သားသည်မိခင်နဲ့ဘီလူးမဇတ်ကို ပြေးမြင်ယောင်မိပါတယ်။ 

ဘာလို့လဲဆိုတော့ အစိုးရဟာ သားသည် အမိပမာ ပြည်တွင်းစစ်ကော၊ ပြည်ပစစ်ပါ မဖြစ်ပွားစေဘဲ အေးဆေးတည်ငြိမ်အောင် အဘက်ဘက်မှာ လုပ်ဆောင်နေ သော်လည်း ဒေါ်စုအပါအဝင် အတိုက်ခံပါတီတွေကတော့ အသားစားဘီလူးမကဲ့သို့ နိုင်ငံတော်ကြီး ဘေးဒုက္ခအရေးကို မတွေးပဲ ခြေဥပြင်ဖို့၊ ပါတီအနိုင်ရဖို့ဆိုပြီး ပြည်သူလူထုကို လမ်းပေါ်တက်ဖို့၊ လမ်းပေါ်တက်လာသော ပြည်သူကို တပ်မတော်အပေါ် အမြင်လွဲစေမဲ့ စကားတွေပြောဖို့တွေကိုပဲ အမြတ်ထုတ်ကာ လုပ်ဆောင်နေပါတယ်။ ဒီလိုတွေလုပ် ခြင်းအားဖြင့် ရလဒ် ကတော့ ပြည်သူလူထုဟာ ဒေါ်စုအပေါ် နိုင်ငံတော်အတွက်၊ ပြည်သူလူထုအတွက် လုပ်နေပါလား ဆိုသောအမြင်မှ ဒေါ်စုသမ္မဖြစ်ဖို့အတွက် ၊ NLD ပါတီ အနိုင်ရဖို့အတွက်သာ လုပ်ဆောင်နေပါလားကို တဖြည်းဖြည်းဖြင့် လက်ခံလာကြ ပါတယ်။ 

မှန်လဲမှန်ပါတယ်။ ပထမဆုံး ဒေါ်စုအနေဖြင့် သူမ သမ္မတဖြစ်ဖို့ အဟန့်အတားဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပုဒ်မ ၅၉ (စ) ကို ပြင်ရန်အတွက် လုပ်ဆောင်သော အချိန်ကာလမှာတင်ပဲ သူမကို ထောက်ခံသော ရဟန်း၊ပြည်သူတွေထဲမှ ထောက်ခံသူ၊ မထောက်ခံသူဆိုပြီး ခွဲထွက်မှုများဖြစ်ပေါ်လာပါတယ်။ ဒါ့အပြင် အမျိုးဘာသာ၊သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ဆိုပြီး ခေတ်ပညာတက်၊ စာတက် သံဃာတော်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့များပေါ်ပေါက်ကာ ကန့်ကွက် မှုများ ဖြစ်ပေါ်ခဲ့တဲ့အတွက် ၅၉(စ) ပြင်ဆင်မှုကို လက်လျော့ခဲ့ရသည်။ အဲ့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ပုဒ်မ ၄၃၆ က ထိန်းချုပ်ထားတယ်ဆိုကာ ပုဒ်မ ၄၃၆ ကိုပြင်ဆင်ရရန် ထပ်မံပြုလုပ်လာပါတယ်။ 

ဒီလိုပြုလုပ်တဲ့ ဟောပြောပွဲ တွေမှာလဲ ပုဒ်မ ၄၃၆ ပြင်ဆင်ရခြင်းရဲ့ အကျိုးအကြောင်းကို အဓိကထားပြီး ပြောဆိုလုပ်ဆောင်နေတာထက် တပ်မတော် ဆိုတာ အခွင့်ထူးခံတွေဖြစ်တဲ့အကြောင်း၊ သတ္တိရှိဖို့လိုကြောင်း ပေါ်ပေါ်ထင်ထင် စိန်ခေါ်မှုတွေကိုသာ ပြောဆိုခဲ့ပါတယ်။ ထိုသို့ စိန်ခေါ်စကားနဲ့ ပက်သက်ပြီးတော့လဲ ယခင်က ဒေါ်စုရဲ့ လုပ်ရပ်တွေကို လက်မခံသော်လည်း ကန့်ကွက်ခြင်းမရှိတဲ့ တပ်မတော်သားတွေတောင် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါကိုကြည့်ချင်အားဖြင့် ဒေါ်စုကို တပ်မတော်ကိုတည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးအဖြစ် မမြင်တော့ပဲ တပ်မတော်နဲ့ပြည်သူ သွေးကွဲအောင်၊ တပ်မတော်သားများကို ပြည်သူတွေမှ အထင်မြင်သေးအောင် သွေးထိုးလှုံ့ဆော်နေတဲ့ သူတစ်ယောက်အဖြစ် တပ်မတော်သားများမှ မြင်လာကြလို့ဖြစ်ပါတယ်။ ဒါဟာ ဒေါ်စုအတွက် အလားအလာမကောင်းသော နမိတ်တွေဖြစ်ပါ တယ်။ ဘာလို့လဲဆိုတော့ ပြည်သူဟာ တပ်မတော်ရဲ့ အမိ၊အဖဖြစ်သလို တပ်မတော်သားများဟာလည်း ပြည်သူကနေ ဖြစ်လာတာဖြစ်ပါတယ်။

နောက်ဆုံး နေပြည်တော်မှာပြုလုပ်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့အတွက် ဟောပြောပွဲမှာတော့ ပြည်သူ
စိတ်ဝင်စားမှု နည်းလာသလို ဒေါ်စုကို သန်း ၆၀ သောပြည်သူတွေအားလုံး ထောက်ခံမှုမရှိဘူး
ဆိုတာကို တွေ့လာရပါတယ်။ ဘာလို့လဲ ဆိုတော့ ဆွေးနွေးပွဲကို တက်ရောက်သောသူများမှာ ဖွဲ့စည်းပုံအခြေံဥပဒေကို အမှန်တကယ် သိချင်၊ ပြင်ချင်သူများထက် ပုဒ်မ၊ ဥပဒေကိုနားလည်မှုမရှိတဲ့ အထူးအဆန်းကိုစိတ်ဝင်စားတက်တဲ့ ကလေးအများစုသာ ဖြစ်နေလို့ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်စုကားသွားရာ လမ်းတလျှောက်မှာတောင် ပုဒ်မ ၄၃၆ မပြင်ဆင်ဖို့ ဆန္ဒပြမှုတွေရှိခဲ့ပြီး ဒေါ်ဆုနဲ့ ဆန္ဒပြသူတွေ စကား အချေအတင်များတဲ့ ပုံစံမျိုးတွေတောင်ဖြစ်ခဲ့ပါတယ်။ ဒီလို ပြည်သူလူထုထောက်ခံမှု ကျဆင်းလာတာဟာလဲ ပြည်သူ လူထုဟာ အရင်တုန်းကလို ဒေါ်စု ပြောတိုင်း နားယောင်တဲ့သူတွေ မဟုတ်တော့ဘဲ စဉ်းစားချင့်ချိန်တက်လာတယ် ဆိုတာ ကို ဒေါ်စုနဲ့ NLD အဖွဲ့ဝင်များ သတိပြုမိဖို့ကောင်းပါတယ်။

credit to : မော်ဇော်(မကွေး)

No comments: