Sunday, March 15, 2015

ဘာမီယန်ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဗုံးဖောက်ခွဲဖျက်ဆီးခဲ့စဉ်က ကူညီခဲ့ရသူတစ်ယောက်အကြောင်း



တာလီဘန်တပ်မှုးများက ၎င်း၏ မွေးရပ်မြေ (အာဖဂန်နစ္စတန်နိုင်ငံ)၊ ဘာမီယန်ပြည်နယ်အတွင်းရှိ လွန်စွာထင်ရှားကျော်ကြားလှသော ဗုဒ္ဓဆင်းတုတော်များကို ဗုံးခွဲဖျက်ဆီးရန် ၎င်းအားအမိန့်ပေးစဉ်က မီယာဇာ ဟူစိန် (Mirza Hussain) ၏ အသက်မှာ ၂၆ နှစ်မျှသာ ရှိသေးသည်။
တစ်ချိန်က ကမ္ဘာ့အမြင့်ဆုံးရပ်တော်မူ ရုပ်ပွားတော်မြတ်ဖြစ်ပြီး ရှေးဟောင်းကျောက်ပန်းပုလက်ရာများနှင့် လွန်စွာသပ္ပါယ်လှသော ဘာမီယန်ဆင်းတုတော်များသည် ဖောက်ခွဲဖျက်ဆီးမှုတစ်ခုအတွင်းမှာပင် အပြီးတိုင်ပျောက်ကွယ်သွားခဲ့ရသည်။ ယင်းဖောက်ခွဲမှုအပေါ် တစ်ကမ္ဘာလုံးကလည်း အံ့သြတုန်လှုပ်သွားခဲ့ရသည်။ ယင်းဖြစ်ရပ်သည် နောင်တစ်ချိန် အစ္စလမ္မစ်နိုင်ငံအဖွဲ့မူဆလင်အကြမ်းဖက်သမားများက အီရတ်ရှိ ရှေးဟောင်းအမွေအနှစ်များအား မီးရှို့၊ ဖျက်ဆီးခြင်းများ၏ ရှေ့ဆောင်လမ်းပြ ဖြစ်ခဲ့သည်။
ယခုဆိုလျှင် ဗုဒ္ဓဆင်းတုတော်မြတ်များအား ဖျက်ဆီးခဲ့သည်မှာ ၁၄ နှစ်တိုင် ရှိခဲ့ပြီ။ ထိုကြားထဲ အာဖဂန်နစ္စတန်၌ အဖြစ်အပျက်များစွာ ဖြစ်ခဲ့သည်။ သို့သော် မီယာဇာ ဟူစိန်၏ မှတ်ဥာဏ်ထဲတွင်မှာမူ ထိုအဖြစ်အပျက်က ပြက်ပြက်ထင်ထင် ရှိနေဆဲဖြစ်သည်။
"ပထမမှာ သူတို့က တင့်ကားတွေက အမြောက်တွေနှင့် ထုတယ်။ ဒါပေမယ့် ထူးခြားဟန်မတူတော့ ဖောက်ခွဲရေးပစ္စည်းတွေထောင်ပြီး ဖျက်ဆီးဖို့ ကြိုးစားတယ်" ဟု မီယာဇာ ဟူစိန်က ပြောကြားသည်။
ထိုသို့အနေအထားဖြစ်လာသည်တွင် တာလီဘန်မှ ၎င်းတို့သိမ်းပိုက်ထားသော မိမိတို့ ဒေသခံလူများကို ချွေးတပ်ဆွဲသည်။ မိမိသည်လည်း အခြားသော နယ်ခံများနှင့်အတူ တာလီဘန်တို့၏ ချွေးတပ်ဆွဲခြင်းကို ခံခဲ့ရသည်ဟု မီယာဇာ ဟူစိန်က ပြောကြားသည်။
မစ္စတာဟူစိန် အပါအဝင် ဘာမီယန်စီးတီး၌ နေထိုင်ကြသူအများစုမှာ ရှီးဟိုက်မူဆလင်များဖြစ်ကြပြီး ဆွန်နီမူဆဘးလင်များဖြစ်ကြသော တာလီဘန်တို့က ၎င်းတို့ ရှီးဟိုက်များကို ရန်သူများအဖြစ် သို့မဟုတ် ကာဖိရ်များအဖြစ် ရှုမြင်သတ်မှတ်ကြသည်။
တာလီဘန်တို့မှ ဘာမီယန်တောင်တန်းပြည်နယ်ကို လပေါင်းများစွာကြာအောင် တိုက်ပွဲဆင်နွှဲပြီးမှ ၁၉၉၉ မေလတွင် သိမ်းယူနိုင်ခဲ့သည်။ နယ်ခံများစွာမှာ ထွက်ပြေးသွားခဲ့ကြပြီး အဖမ်းခံရသော နယ်ခံများစွာလည်း ရှိခဲ့သည်။

"ကျွန်တော်က ချွေးတပ်သား ၂၅ ယောက်ထဲမှာ တစ်ယောက်အပါအဝင်ပေါ့။ ဒီအမှုမှာ တာလီဘန်တွေရဲ့ လက်ချက်တွေချည်းပါပဲ။ တာလီဘန်တွေထဲမှာ ဒီကိစ္စ လုပ်မယ့်သူမမြင်တော့ ကျွန်တော်တို့အရပ်သားတွေကို ချွေးတပ်ဆွဲခဲ့တာပါ။ ကျွန်တော်တို့ကိုခိုင်းတယ်ဆိုတာက ပလိုင်းထဲကဖား၊ ဘယ်အချိန်သတ်စားစား ဆိုတဲ့အနေအထားရှိနေလို့ပါ" ဟု မီယာဇာ ဟူစိန်က ပြောကြားသည်။
တစ်ချိန်က လွန်စွာကြီးကျယ်ခမ်းနားခဲ့သော ဘာမီယန်ရုပ်ပွားတော်မြတ်များ ကိန်းဝပ်တော်မူခဲ့ရာ ကျောက်ကမ်းပါးစွန်းကို နောက်ကျောပေးရင်း မီယာဇာ ဟူစိန်မှ ဖြစ်ပျက်ခဲ့ပုံကို ဇာတ်ကြောင်းပြန်ပြောပြနေသည်။ တာလီဘန်တို့က ဒိုင်းနမိုက်နှင့် လက်နက်ကြီးများ ယူဆောင်လာပြီး ဖောက်ခွဲခဲ့သည်ဟု ဟူစိန်က ပြောကြားသည်။
"တာလီဘန်တွေက ဖောက်ခွဲရေးပစ္စည်းတွေကို ကားနှင့်သယ်လာတယ်။ နောက် ကျွန်တော်တို့က ဒီပစ္စည်းတွေကို ရုပ်တုတွေဆီကို ကုန်းပိုးသယ်ရတယ် ဒါမှမဟုတ် ပွေ့သယ်ရတယ်။ ဗုံးအကြီးကြီးတွေဆိုရင် ပျဉ်ပြားတစ်ချောင်းမှာ ပူးချည်ပြီး ဝိုင်းထမ်းပို့ရတယ်" ဟု မီယာဇာ ဟူစိန်မှ ပြောကြားသည်။
၂၀၀၁ ခုနှစ်၊ နွေဦးရာသီအစောပိုင်း၊ မနက်ခင်းစောစောစီးစီး၌ အလုပ်လုပ်နေကြရသော ၎င်းတို့သည် အစောင့်တာလီဘန်စစ်သားတို့၏ လက်ချက်ဖြင့် သို့မဟုတ် ပေါက်ကွဲမှုအတွင်း သေသွားနိုင်ကြောင်း သဘောပေါက်ပြီး သေဖို့ရန်လည်း ပြင်ဆင်ထားခဲ့ကြပြီး ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
"ချွေးတပ်သားတစ်ယောက်က ခြေတစ်ဖက်မသန်ဘူး။ ဆိုတော့ ဖောက်ခွဲရေးပစ္စည်းတွေကို မသယ်နိုင်တော့ဘူး။ ဒီအချိန် ကျွန်တော်မြင်လိုက်ရတာက တာလီဘန်က သူ့ကို ပစ်သတ်လိုက်တယ်။ ပြီးတော့ အခြားချွေးတပ်သားတစ်ယောက်ကို သူ့အလောင်းကို ကန်ချခိုင်းလိုက်တယ်" ဟု ၎င်းက ပြောကြားသည်။
မီယာဇာ ဟူစိန်၏ ပြောကြားချက်အရဆိုလျှင် ရုပ်ပွားတော်မြတ်ဘေးပတ်ပတ်လည်၌ ဖောက်ခွဲရေးပစ္စည်းများတပ်ဆင်မှုသည် သုံးရက်တိုင်အောင် ကြာမြင့်ခဲ့သည်။ စနစ်တံဝါယာကြိုးများကို ရုပ်ပွားတော်များနှင့် မလှမ်းမကမ်းရှိ ဗလီတစ်ခုအတွင်းသို့ သွယ်တန်းပေးထားရသည်။ ထိုဗလီအတွင်းမှနေ၍ တာလီဘန်တို့က "အလ္လာဟူ အက္ကဘာ" အော်ဟစ်ရင်း စနစ်တံကို မီးရှို့ကာ ရုပ်ပွားတော်မြတ်များကို ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ကြသည်။
"ဖောက်ခွဲမှုကြီးဖြစ်ပွားတော့ ရုပ်ပွားတော်မြတ်ရှေ့မှာ မီးတော်တွေ မီးခိုးတွေ ဖုံးလွှမ်းသွားတယ်။ လေထဲမှာလည်း ယမ်းနံတွေ ယမ်းမှုန်တွေ လွင့်ပျံနေတယ်" ဟု မီယာဇာ ဟူစိန်က အတိတ်ကို ပြန်ပြောပြသည်။
တာလီဘန်တပ်မှုးများက ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးရုံသာမကပဲ ကျောက်ကမ်းပါးယံ တစ်ခုလုံးကိုပါ ဖြိုဖျက်လိုခဲ့ကြသည်။ သို့ရာတွင် ဖောက်ခွဲရေးပစ္စည်းများက အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ခြေထောက်တော်များကိုသာ ဖောက်ခွဲနိုင်ခဲ့သည်ဟု မီယာဇာ ဟူစိန်က ပြောကြားခဲ့သည်။
‪#‎တာလီဘန်တို့‬၏အောင်ပွဲခံမှုများ
နိုင်ငံတကာမှ ဝင်ရောက်စွက်ဖက်တားမြစ်မှု နှင့် ပြစ်တင်ရှုတ်ချမှုများ တစ်သံတည်းပြုခဲ့ကြသော်လည်း တာလီဘန်များက ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။
မီယာဇာ ဟူစိန်မှ နောက်ထပ်သော ဗုံးများ၊ ဖောက်ခွဲရေးပစ္စည်းများ တာလီဘန်တို့မှ မည်သို့ယူဆောင်လာခဲ့သည့်အကြောင်း အမှတ်တရ ပြန်ပြောပြခဲ့သည်။ ထိုပစ္စည်းများမှာ ဆပ်ပြာနှင့် ဆင်ဆင်တူပြီး ပျော့စိစိ ခံစားရသည်ဟု ဆိုသည်။
"အဲဒီကစပြီး တာလီဘန်တွေက ဗုဒ္ဓရုပ်ပွားတော်တွေကို အပြီးအပိုင်ဖောက်ခွဲဖို့ တစ်နေ့ကို ဗုံး နှစ်လုံး သို့မဟုတ် သုံးလုံး နေ့စဉ်ခွဲတယ်" ဟု မီယာဇာ ဟူစိန်မှ ပြောကြားသည်။
"ဒိုင်းနမိုက်တွေ တပ်ဆင်လို့ရဖို့ ရုပ်တုတော်မှာ အပေါက်တွေ ဖောက်ရတယ်။ ကျွန်တော်တို့မှာ ပစ္စည်းကောင်းကောင်း မရှိဘူး။ လုပ်ငန်းစဉ်က ၂၅ ရက် ကြာသွားတယ်"
တာလီဘန်တို့မှ ချွေးတပ်သားများကို ထမင်းအနည်းငယ်သာ ကျွေးသည်။ လုပ်ငန်းတောက်လျှောက် အင်္ကျီတစ်ထည်တည်းကိုသာ မချွတ်တမ်း ဝတ်ဆင်ခဲ့ရပြီး အသည်းခိုက်အောင် အေးချမ်းလှသည့်ညများအတွင်း စောင်ပါးတစ်ထည်နှင့်သာ ကွေးခဲ့ရသည်ဟု ဆိုသည်။
ရုပ်ပွားတော်မြတ်များကို အပြီးအပိုင် ဖျက်ဆီးပြီးသောအခါ တာလီဘန်များက ပျော်ပွဲရွှင်ပွဲများကို အောင်ပွဲခံ ဆင်နွှဲကြသည်။
"တာလီဘန်တွေက လက်နက်ကြီးတွေကို လေထဲပစ်ကြတယ်။ ကကြခုန်ကြတယ်။ နွားငါးကောင်ကို ဆွဲလာပြီး လည်လှီးသတ်ယဇ်ပူဇော်ကြတယ်" ဟု မီယာဇာ ဟူစိန်က ပြောကြားသည်။
ယခု မီယာဇာ ဟူစိန်သည် ဘာမီယန်၌ စက်ဘီးပြင်သမားအဖြစ် အသက်မွေးနေသည်။
ယခုအချိန်၌ မြို့တွင်း၌ နေရသည်မှာ လုံခြုံမှုရှိကြောင်း၊ အာဖဂန်အစိုးရနှင့် နိုင်ငံခြားအလှူရှင်များမှ ဗုဒ္ဓရုပ်ပွားတော်များကို ပြန်လည်တည်ဆောက်ပေးမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။ ဖျက်ဆီးဖောက်ခွဲရေး၌ ၎င်းပါဝင်ခဲ့ရသည့်ဖြစ်ရပ်အတွက် နောင်တရရုံသာ တတ်နိုင်ခဲ့သည်ဟု ပြောကြားသည်။
"ကျွန်တော် အဲဒီအချိန်တုန်းကလည်း နောင်တရတယ်။ အခုလည်း နောင်တရတယ်။ ကျွန်တော်အမြဲတမ်း နောင်တရနေမှာပါ။ ဒါပေမယ့် ကျွန်တော် မလုပ်ပဲမနေရဲခဲ့ဘူး။ ကျွန်တော့်မှာ ရွေးစရာမရှိခဲ့ဘူး။ ကျွန်တော်မလုပ်ခဲ့ဖူးဆိုလျှင် တာလီဘန်တွေက ကျွန်တော့်ကို သတ်မှာ"
မီယာဇာ ဟူစိန်၏ဆန္ဒဖြစ်သည့် ရုပ်ပွားတော်မြတ်များ ပြန်လည်တည်ဆောက်ရေးမှာ ပြည့်ဖွယ်မရှိပေ။ အနည်းဆုံးတော့ လတိတလော အနာဂတ်၌ ဖြစ်လာဖွယ် မရှိသေးပေ။
ရုပ်ပွားတော်မြတ်များ -- အနည်းဆုံးတစ်ဆူကို ပြန်လည်တည်ဆောက်မည်လော (သို့တည်းမဟုတ်) တာလီဘန်တို့ ဖျက်ဆီးခဲ့သည့်အတိုင်း အများမြင်သာအောင် သတိပေးစရာတစ်ခုအဖြစ် ထားရှိမည်လော ဆိုသည့်အပေါ် ဆွေးနွေးငြင်းခုံမှုများမှာ နှစ်များစွာတိုင် ကြာမြင့်နိုင်ပေသည်။
- ဘာမီယန်ပြည်နယ်၌ မြင့်မြတ်သော ဗုဒ္ဓဘာသာထွန်းကားစဉ် ၆ ရာစုနှစ်က တည်ဆောက်ခဲ့သည်။
- အေဒီ ၆၉၂ တွင် တရုတ်လူမျိုး ခရီးသွားဧည့်သည် ရွှန်စန်းမှ ဘာမီယန်သည် ထောင်ပေါင်းများစွာသော သံဃာတော်များနှင့် လွန်စွာစည်ကားသော အရပ်ဒေသဖြစ်ပေ၏ဟု ၎င်း၏မှတ်တမ်း၌ ဖော်ပြခဲ့သည်။
- အထင်ရှားဆုံးသော ဆင်းတုတော်နှစ်ဆူမှာ ၅၅ မီတာ နှင့် ၃၇ မီတာ ဥာဏ်တော်ရှိသည်။
- ရုပ်ပွားတော်များမှာ ကျောက်တောင်ကမ်းပါးစွန်းမှ ထိုးထွက်လျက် တည်ရှိသည်။
- ကာဖိရ်များကိုးကွယ်သော ရုပ်တုများဖြစ်သည်၊ အစ္စလာမ်၌ ရုပ်တုများကို မထားရှိရဟူ၍ တာလီဘန်တို့မှ ၂၀၀၁ ခုနှစ် မတ်လ၌ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။
http://m.bbc.com/news/world-asia-31813681 ပါ The man who helped blow up the Bamiyan Buddhas ကို ဘာသာပြန်ဆိုပါသည်။

No comments: