Wednesday, May 6, 2015

နိုင်ငံတကာမီဒီယာများတွင် ရခိုင်သတင်းများကို ဘက်လိုက်ရေးသားမှုများရှိနေကြောင်း ပြင်သစ်သမိုင်း ပညာရှင် ဒေါက်တာ ဂျက်လိုင်ဒါဝေဖန်


ပန်လှအောင် (မြစ်မခ)
အနောက်နိုင်ငံသား၏ ရခိုင်နှင့်ပတ်သက်သည့် သမိုင်းဆိုင်ရာ မှားယွင်းမှုများကြောင့် နိုင်ငံတကာမီဒီယာများတွင် တဖက်သတ်ဘက်လိုက်ရေးသားမှုများ တွေ့နေရကြောင်း ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ရောက်ရှိ နေသည့်ပြင်သစ်သမိုင်းပညာရှင် ဒေါက်တာဂျက်လိုင်ဒါက ပြောဆိုလိုက်သည်။
“ဒါပေမယ့် ဘယ်လိုပဲဖြစ်နေနေ သမိုင်းကို ပြန်ကြည့်ရင် ရခိုင်တွေဟာ ဘင်္ဂါလီတွေ အများဆုံးရှိနေတဲ့ စစ်တကောင်းတောင်တန်းဒေသကို တည်ငြိမ်အောင် ထိန်းချုပ်ထားနိုင်ဖူးတယ်။ ဒါကြောင့် ရခိုင်တွေအနေ နဲ့လည်း ကိုယ်ပိုင်အနာဂတ်ကို   အကောင်းဆုံးဖန်တီးသွားနိုင်မယ်လို့ ယုံကြည်တယ်။”ဟု ပြင်သစ်သမိုင်းပညာရှင် ဒေါက်တာ ဂျက်လိုင်ဒါက ဆိုသည်။
ရခိုင်သမိုင်းအားလေ့လာပြီး ဒေါက်တာဘွဲ့ရရှိထားသည့် ပြင်သစ်နိုင်ငံသားသမိုင်းပညာရှင် ဒေါက်တာ ဂျက်လိုင်ဒါသည် မေ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ မင်းပြားမြို့နယ်များတွင် လာရောက်လေ့လာနေခြင်းဖြစ်သည်။
“မြန်မာနိုင်ငံလို နိုင်ငံတကာနဲ့အဆက်အဆံတွေကို ပိတ်ထားပြီးမှ ပြန်ပြီး ဖွင့်လှစ်တဲ့နိုင်ငံတိုင်းလိုလိုမှာ နိုင်ငံ တကာအဖွဲ့အစည်းတွေနဲ့ ပြဿာနာတွေ ဖြစ်လာတာရှိတယ်။ နိုင်ငံတကာက UN အပါအ၀င် INGO၊ NGO အဖွဲ့အစည်းတွေဟာ ဖွံဖြိုးရေးစီမံကိန်းဆောင်ရွက်တဲ့နေရာမှာ နိုင်ငံပေါင်းစုံက ရလာတဲ့အတွေ့အကြုံကို ဒီမှာ စမ်းသုံးလေ့ရှိကြတယ်။ ဒေသခံတွေကို အလေးမထားကြဘူး။ ထိရောက်တဲ့စီမံချက်တွေဖြစ်အောင် ဒေသခံ တွေကို သေချာစစ်တမ်းကောက်ထားတာလည်း မရှိဘူး။ ဒါနဲ့ပဲ လုပ်ငန်းတွေက ဒေသမှာ မအောင်မြင်တော့ဘဲ ပြဿာနာတွေဖြစ်ရတယ်။”ဟု စစ်တွေမြို့တွင် ရောက်ရှိနေသည့် ဂျက်လိုင်ဒါက ဆိုသည်။
လက်ရှိ ကုလသမဂ္ဂတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အလွတ်အကြံပေးအဖြစ် တာဝန်ယူထားသူဒေါက်တာ ဂျက်လိုင်ဒါက ၂၀၁၂ ခုနှစ်တွင်ဖြစ်ပွားသော ရခိုင်ပြည်နယ်အရေးအခင်း၌  ကမ္ထာနိုင့်ငံပေါင်းများစွာတို့ တွင် ပြောကြားနေသည့် ရိုဟင်ဂျာလူမျိုးဆိုသည်ကို ရခိုင်ဆိုင်ရာ သမိုင်းအထူးပြုလေ့လာခဲ့သည့် ၄င်းအနေဖြင့် နားမလည်နိုင်ကြောင်း ပြောကြားလိုက်သည်။
“ကျွန်တော်က ဒီက ဒေသခံတွေ ရဲ့ အဓိက ခံစားချက်တွေနဲ့ ပြောချင်တဲ့စကားတွေကို UN လို အဖွဲ့မျိုးတွေကို ပြန်ပြောပြပေးလို့ရအောင်လာရောက်တာဖြစ်ပါတယ်။ နိုင်ငံတကာက အကူအညီပေးရေးအဖွဲ့တွေထဲမှာမှ ရခိုင်ပြည်နယ် ဖွံဖြိုးရေးအတွက် မှန်မှန်ကန်ကန်ဆောင်ရွက်ပေးမယ့် အဖွဲ့တွေကို ရွေးချယ်ပေးတတ်ဖို့ လိုတယ်။”ဟု သမိုင်းပညာရှင် ဂျက်လိုက်ဒါက ဆိုသည်။
မင်းပြားမြို့ Public Center တွင် ဒေါက်တာဂျက်လိုင်ဒါသည် မင်းပြားမြို့ပေါ်ရှိနိုင်ငံရေးပါတီများမှ ကော်မတီဝင် များ၊ လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊စီးပွားရေးသမားများအပါအ၀င် လူ ၃၀ ခန့်  တက်ရောက်ကာ လက်ရှိ ရခိုင်ပြည်နယ်၏ နိုင်ငံရေး၊ စီပွားရေး၊ ပညာရေးအခြေအနေများအား ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

No comments: