အဆိုပါ အနောက်ဘက် နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်အကူပြု ကော်မတီ (ယာယီ) သည် စစ်တွေမြို့မှ စီးပွားရေး လုပ်ငန်းရှင်များ၊ တတ်သိပညာရှင်များကို ဖိတ်ကြားပြီး စက်တင်ဘာ ၁၅ ရက် နံနက် ၉ နာရီ အချိန်က စစ်တွေမြို့ အာရီယံခန်းမတွင် တွေ့ဆုံပြီး လုပ်ငန်းစဉ်များကို ရှင်းလင်းခဲ့ကြကြောင်း သိရသည်။
အနောက်ဘက် နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်အကူပြု ကော်မတီ (ယာယီ) ကို ဘက်ပေါင်းစုံ ပျက်စီးပြိုကွဲနေသော အနောက်ဘက် နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေကို အခိုင်အမာ ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းစဉ်များ အနေဖြင့် အနောက်ဘက်ဒေသမှ ဒေသခံပြည်သူများနှင့် ယာယီတိမ်းရှောင်နေရသော ဒုက္ခသည်များအား စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးနိုင်ရန်၊ အနောက်ဘက်နယ်စပ်ရှိ ဒေသခံတိုင်းရင်းသားများ၏ ဘ၀လုံခြုံရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပံ့ပိုးကူညီသွားရန်နှင့် ရခိုင်ရေးရာ ကိစ္စရပ်များကို ကာကွယ်ရန်နှင့် ရပိုင်ခွင့်များကို ဥပဒေဘောင်အတွင်းမှ တောင်းဆိုသွားရန်တို့ဖြစ်ကြောင်း သိရသည်။
နာယက အဖွဲ့တွင် အလိုတော်ပြည့် ဆရာတော်ကြီး၊ ဦးဖေသန်း၊ ဦးထွီးလှ အကြံပေးအဖွဲ့တွင် ဦးသာပွင့်၊ ဦးဦးလှစော၊ ဒေါ်ခင်စောဝေတို့ ပါဝင်ပြီး အလုပ်အမှုဆောင် အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဒေါက်တာအေးချမ်း၊ ဒုဥက္ကဋ္ဌ (၁) ဦးခင်မောင်ကြီး၊ ဒုဥက္ကဋ္ဌ (၂) ဦးမောင်မောင်ကျော်၊ အတွင်းရေးမှူး ဦးသန်းထွန်း၊ တွဲဖက်အတွင်းရေးမှူးများအဖြစ် ဦးခိုင်ဆန်းအောင်၊ ဦးအောင်မင်းဦး၊ ဦးညီညီမောင်၊ ဦးဦးကျော်သန်းတို့ ပါဝင်ပြီး ဘဏ္ဍာရေးကော်မတီတွင် ဘဏ္ဍာရေးမှူး ဦးစံထွန်းမောင် ဒုဘဏ္ဍာရေးမှူး ဦးမောင်မောင်၊ စာရင်းစစ်အဖွဲ့တွင် ဦးသင်္ခါကျော် (ပခေါင်းဆောင်) ဦးစံသိန်း (ဒုခေါင်းဆောင်) ရုံးအဖွဲ့တွင် ဦးအောင်သိန်း၊ ဦးမောင်မောင်စော၊ ဦးစံထွန်းမောင်၊ ဦးကျော်စိုးသိန်း၊ ဦးကျော်သန်းတို့ ပါဝင်ပြီး ပြန်ကြားရေးအဖွဲ့တွင် ဦးခိုင်မြတ်ကျော် (ပ ခေါင်းဆောင်) ဦးကျော်ကျော်နိုင် စသူတို့ ပါဝင်သည်။ ကော်မတီတွင် ဆရာတော်ကြီး အပါအ၀င် စုစုပေါင်း ၂၅ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်အကူပြု ကော်မတီ (ယာယီ) ၏ အတွင်းရေးမှူး ဦးသန်းထွန်းက “ကျွန်တော်တို့ ကော်မတီအနေနဲ့ ဒီကနေ့မှာ မြို့ပေါ်က ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အတတ်ပညာရှင် အသိပညာရှင်တွေကို ဖိတ်ကြားပြီးတော့ ကျွန်တော်တို့အဖွဲ့ရဲ့ ဆက်သွားမယ့် လုပ်ငန်းစဉ်ကို ရှင်းပြပါတယ်။ သူတို့ဘက်ကလည်း အကြံဉာဏ် ငွေကြေး ပံ့ပိုးပေးကြပါတယ်။ ကျွန်တော်တို့က ဒီကော်မတီကို မောင်တောခရိုင် ဒေသဟာ သြဂုတ် ၂၅ ရက်နေ့ အကြမ်းဖက်မှု နောက်ပိုင်းမှာ အလုံးစုံ ပြိုပျက်သွားတဲ့ အနေအထားမျိုး ရှိပါတယ်။ ရခိုင်တွေရဲ့ လူမှုဘ၀ အနေအထားတွေ အကုန်လုံး အလုံးစုံ ပြိုပျက်သွားတဲ့ အနေအထားကို ပြန်လည်တည်ဆောက်ပြီးတော့ လုပ်တဲ့အခါ အစိုးရပိုင်းက လုပ်သလို ကျွန်တော်တို့ ရခိုင်တွေ ကိုယ့်လူမျိုးတွေ ဘက်ကလည်း အဲဒီဟာကို စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာကို ပြန်လည်တည်ဆောက်ဖို့ရယ်။ နောက်တစ်ခါ လုံခြုံရေး အစီအမံတွေ တင်းကျပ်ဆောင်ရွက်ပေးဖို့ရယ်။ အဲဒါတွေအတွက် ကျွန်တော်တို့ ဒီကော်မတီကို ဖွဲ့စည်းပေးခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီအဖွဲ့ကတော့ ရခိုင်တွေရဲ့ ပြိုပျက်သွားတဲ့ လူနေမှုဘ၀ကို ပြန်လည်နေရာချထားရေးနဲ့ သူတို့ရဲ့ ဘိုးစဉ်ဘောင်ဆက် မြေနေရာတွေမှာ လုံခြုံစိတ်ချ အေးချမ်းစွာနဲ့ လူမှုဘ၀ တည်ဆောက်နိုင်ရေးအတွက် ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်က အစွမ်းကုန်ပံ့ပိုး ဆောင်ရွက်သွားဖို့ ရည်ရွယ်ချက် ရှိပါတယ်” ဟု ပြောကြားသည်။
■ စပိန်နှင့် ဒိန်းမတ်သံအမတ်နှစ်ဦး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် လာရောက်တွေ့ဆုံ
မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး H.E.Mr,PETER နှင့်အဖွဲ့ ရခိုင်ပြည်နယ်သို့ လာရောက်ကာ စက်တင်ဘာ ၁၅ ရက်တွင် ပြည်နယ်အစိုးအဖွဲ့နှင့် တွေဆုံခဲ့ပြီး မောင်တောဒေသ အကြမ်းဖက် ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ဒုက္ခသည်များအား လူသားချင်း စာနာထောက်ထားပြီး အကူအညီပေးနိုင်ရေး၊ ပြန်လည်ထူထောင် နေရာချထားရေးနှင့် မစ္စတာ ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာပါ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး H.E.Mr,PETER နှင့် အဖွဲ့သည် စက်တင်ဘာ ၁၅ ရက် မွန်းတည့် ၁၂ နာရီခွဲတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် ၀န်ကြီးချုပ် ဧည့်ခန်းမဆောင်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ စက်တင်ဘာ ၁၃ ရက်ကလည်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး Tone Tinnes နှင့် အဖွဲ့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများဖြစ်သော လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်၊ ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်းတို့နှင့် တွေ့ဆုံခဲ့ကြသည်။
အဆိုပါ တွေ့ဆုံမှုတွင် နော်ဝေသံအမတ်ကြီးက သူ့အနေဖြင့် ရခိုင်ပြည်နယ်ကို ယခင်ကတည်းက အကြိမ်ပေါင်းများစွာ ရောက်ခဲ့ပြီး ဖြစ်သော်လည်း သြဂုတ် ၂၅ ရက် မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားပြီး ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားကာ မောင်တောဒေသ အကြမ်းဖက်မှု ဖြစ်စဉ်အား နော်ဝေနိုင်ငံ အနေဖြင့် ရှုတ်ချကြောင်းနှင့် သြဂုတ် ၂၅ ရက်က တင်သွင်းသည့် မစ္စတာ ကိုဖီအာနန် ကော်မရှင်၏ အစီရင်ခံစာအား အားပေးထောက်ခံကြောင်း၊ ရခိုင်ပြည်နယ် မောင်တောဒေသ ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည့် အကူအညီများကို ကူညီပေးရန်အတွက် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ မောင်တောဒေသ တည်ငြိမ်အေးချမ်းရေး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များကြောင့် မစ္စတာကိုဖီအာနန် ကော်မရှင် အစီရင်ခံစာပါ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု နှောင့်နှေးကြန့်ကြာမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရ အနေဖြင့်လည်း ဌာနပိုင်းဆိုင်ရာများ ပါဝင်သော မောင်တောဒေသ ရေရှည်တည်ငြိမ်အေးချမ်းရေး ကော်မတီအသစ် တစ်ခုကို ဖွဲ့စည်းထားပြီး လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဥက္ကဋ္ဌအဖြစ်နှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုက ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါကော်မတီမှ ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာပါ လုပ်ငန်းစဉ် အချို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
■ မောင်တောနှင့် ဘူးသီးတောင်မြို့များတွင် ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများ မိမိနေရပ်သို့ ပြန်လည်ပြောင်းရွှေ့
မောင်တောနှင့် ဘူးသီးတောင်မြို့များတွင် ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများ မိမိနေရပ်သို့ ပြန်လည်ပြောင်းရွှေ့လျက်ရှိကြောင်း သိရသည်။
သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သည့်အ ကြမ်းဖက်တိုက်ခိုက်မှုများမှာ လက်ရှိအချိန်တွင် လျော့ပါးလာပြီဖြစ်သဖြင့် ဒေသခံများမှာ မိမိနေရပ်သို့ ပြန်လည်ပြောင်းရွှေ့လျက်ရှိခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဘူးသီးတောင်မြို့နယ်၌ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်သည့် နေရပ်စွန့်ခွာ တိမ်းရှောင်သူ ငါးထောင်နီးပါးခန့်ရှိပြီး အချို့မှာ မိမိနေရပ်များသို့ ပြန်လည် ပြောင်းရွှေ့နေပြီဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့သို့ တိမ်းရှောင်နေကြသူများထဲမှ မောင်တောမြို့ပေါ်တွင် တာဝန်ကျသည့် ဌာနဆိုင်ရာ ၀န်ထမ်းတချို့ နေရပ်ပြန်သော်လည်း ဘူးသီးတောင်မှတစ်ဆင့် စစ်တွေမြို့သို့ နေရပ်စွန့်ခွာလာသူ တစ်နေ့လျှင် နှစ်ရာကျော် ရှိနေသေးပြီး စစ်တွေမြို့ တစ်ခုတည်းတွင် ကယ်ဆယ်ရေးစခန်း ၃၀ အထိ ရှိပြီဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံ တိုင်းရင်းသားများအနက် ဘူးသီးတောင်မြို့တွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ဒေသခံများမှာ နယ်မြေတည်ငြိမ်လာသဖြင့် အချို့သည် မူလနေရပ်သို့ ပြန်လည်ပြောင်းရွှေ့လျက်ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
နေရပ်သို့ ပြန်ပို့မှုများအား စက်တင်ဘာ ၇ ရက်တွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ကျေးရွာ၂၅ ရွာအား နေရပ်သို့ ပြန်လည်ပို့ဆောင်ပြီးဖြစ်ကြောင်း အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားထားသည်။
No comments:
Post a Comment