
မေ ၂၅ ၂၀၁၇ ကြာသပတေးနေ့ ရန်ကုန်
#သာသနာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့ ဦးဇင်းအနေနဲ့ ဘာများမိန့်ကြားချင်ပါသလဲ။
@ ဒါကလည်း အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေမှာ ပုဂ္ဂိုလ်ရေးအရ ရေးနေတာတွေကို သုံးသပ်ဆုံးဖြတ်ပြီးတော့ သာသနာရေးဝန်ကြီးဌာန စာထုတ်ထားတာလို့ပြောချင်ပါတယ်။ အမှန်တော့သူက စည်းစည်းလုံးလုံးလုပ်နေတဲ့ ဦးဇင်းတို့အဖွဲ့အစည်းကို သွေးခွဲဖို့အတွက်ထုတ်တဲ့စာပါ။ သွေးခွဲဖို့အတွက် လမ်းကြောင်းနေတဲ့သဘောပါ။ ကလေးကစားစရာလိုဖြစ်နေတယ် သာသနာရေးဝန်ကြီးဌာနက။ ကျန်တာတော့ထွေထွေထူးထူး မပြောချင်ပါဘူး။
#သာသနာရေးဝန်ကြီး ဦးအောင်ကို ကိုဆန္ဒပြတဲ့ပွဲမှာ ပါတဲ့သူတွေအနေနဲ့ ငွေကြေးရယူတာတွေရှိတာ သိရတယ်လို့ သာသနာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာလည်းပါတယ်။ဆန္ဒပြတဲ့သူတွေ ငွေကြေးရယူတယ်လို့လည်း အင်တာနက်မှာ ပျံ့နေပါတယ်။ ဒီအပေါ်မှာ ဆရာတော်အနေနဲ့ ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။
@ ဒါတွေက ကောလဟာလတွေပါ။ တကယ်တမ်းတော့ငွေပေးတယ်ဆိုတာ မရှိတဲ့အပြင်ကို ပွဲတက်ရောက်လာတဲ့လူတွေဆီက အလှုခံရတာတွေတောင်ရှိတယ်။ တချို့လမ်းစာရိတ်အဆင်မပြေတဲ့ လူတွေကို ကားဆီဖိုးလေး ထည့်ပေးနိုင်အောင် အဆင်ပြေတဲ့လူတွေဆီက အလှူငွေကို ကောက်ခံရတယ်။ မလိုတဲ့လူတွေက ဒါတွေကိုပြောနေကြတာပါ။
#ဆန္ဒပြပွဲအတွက် သိန်း ၈၀၀၀ လောက် သုံးရတယ်လို့လည်း ပြောနေတာတွေ ကြားနေရပါတယ်။ သာသနာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာလည်းပါတယ်။ အဲ့ဒါကိုရော ဆရာတော် ဘာများမိန့်ကြားချင်ပါသလဲ။
@ တကယ်တမ်းတော့ ဒါတွေက လေပေါ်မှာပြောနေကြတဲ့ စကားတွေပါ။ ဦးဇင်းတို့ ဆန္ဒပြပွဲတွေ အကြိမ်ကြိမ်နွှဲလာခဲ့တာ ကြာပါပြီ။ အကုန်လုံးက ကိုယ့်စာရိတ်ကိုယ်စားပြီး လုပ်နေကြတာပါ။ ဧရာဝတီတိုင်းကဆိုရင်လည်း သူ့အဖွဲ့နဲ့သူ သူ့စာရိတ်နဲ့သူ လာတာပါ။ ရန်ကုန်က အဖွဲ့တွေလည်း ထိုနည်းတူပဲ။ ကိုယ့်ကားကိုယ်ဆီဖြည့်ပြီး ကိုယ့်စာရိတ်နဲ့ကိုယ်လာတာ။ တခြားအဖွဲ့တွေကလည်း ဒီအတိုင်းပါပဲ။ ဒါပေမဲ့ တစ်ခုရှိတာက နေပြည်တော်အထိ သွားရမယ်ဆိုတဲ့ အတွက်ကြောင့် အရင်ဆန္ဒပြပွဲတွေနဲ့ ကွာခြားသွားတာက နှစ်သောင်းလှူ သုံးသောင်းလှူတဲ့ လူတွေရှိတယ်။ စိတ်ပါဝင်စားပြီး တပည့်တော်တို့ကတော့ လူတော့မလိုက်နိုင်ဘူး။ ငွေကြေးတော့ လှူဒါန်းတာတွေရှိတယ်။ အဲ့ဒါတွေကိုလည်း ဝေးလံတဲ့ဒေသက လာရတဲ့လူတွေကို ကားဆီဖြည့်ပေးလိုက်ရတာရှိတယ်။ သိန်း ၈၀၀၀ ရတယ်ဆိုတာ ဘယ်နည်းနဲ့မှ မဟုတ်ပါဘူး။ အဲ့ဒီ့ သိန်း ၈၀၀၀ လောက်သာ ထောက်ပံ့ကြေးရလို့ကတော့ သာသနာရေးဝန်ကြီး ဖြုတ်ချနိုင်လောက်အောင် လုပ်နိုင်တဲ့အဆင့်အထိရောက်မှာပါ။
#သာသနာရေးဝန်ကြီးဌာန ဘက်က တုံ့ပြန်ဆောင်ရွက်လာမယ့် အပိုင်းတွေရှိရင်တော့ ဆရာတော်တို့ အနေနဲ့ ဘယ်လိုဖြေရှင်းဖို့ ရှိမလဲ။
@ သူတို့က တုံ့ပြန်ရမှာမဟုတ်ပါဘူး။ သူတို့က မှားယွင်းနေတာ။ တက်လာကတည်းက ပြည်သူ့အစိုးရဆိုပြီး သူတို့တက်လာတာ။ ရဟန်း ရှင် လူ ပြည်သူတွေရဲ့အသံ ဆန္ဒ အမှန်ကို ဥပဒေဘောင်ထဲကနေ လွတ်လွတ်လပ်လပ် ဖေါ်ထုတ်တာပါ။ အဲ့ဒီအပေါ်မှာ အစိုးကသာလျှင် တစ်စုံတစ်ခုကို ဖြေရှင်းပေးရမှာလေ။ သာသနာရေးဝန်ကြီးရဲ့ လုပ်ရပ်မှန်နေသလား မှားနေသလားဆိုတာကို ဖြေရှင်းချက်တွေထုတ်ပေးရမယ်။ သာသနာရေးဝန်ကြီးရဲ့ လုပ်ရပ်က မှားနေတယ်။ အမှားကလည်း ကြီးမားတဲ့အမှားဆိုရင် အစိုးရက ဝန်ကြီးကိုဖြုတ်ချပေးရမယ်။ ဒါကိုပဲလုပ်ပေးရမှာပါ။
#နောက်တစ်ခုက ဆရာတော်တို့အနေနဲ့ သာသနာရေးဝန်ကြီးကို ဆန္ဒပြကြတယ်။ သူ့ရဲ့လုပ်ကိုင်ဆောင်ရွက်ချက်တွေက မှားတယ်လို့ပြောကြတယ်။ ဖြုတ်ချပေးဖို့ပြောကြတယ်ဆိုတော့ သူ့ရဲ့အမှားတွေက ဘာတွေလဲ။ ဘယ်လောက်အထိ ကြီးကြီးမားမားရှိလို့လဲ။ သူ့ရဲ့အမှားတွေကို ပြောပါဆိုရင် ဆရာတော်အနေနဲ့ ဘာတွေက မှားနေတယ်လို့ ပြောနိုင်မလဲ။
@ ဥပမာ- သာကေတ အနော်မာ မှာ ဖြစ်တဲ့ ပြဿနာပေါ့။ အဲ့ဒီ့မှာဆိုရင် အာရပီကျောင်းကို ဗလီအဖြစ်သုံးနေတယ်။ ဒါကိုလည်း ၂၀၁၅ ကတည်းက သူတို့ဥပဒေအရ ခံဝန်လက်မှတ်ထိုးပြီးသားဖြစ်တယ်။ ဗလီမတက်တော့ပါဘူးဆိုပြီး ခံဝန်ထိုးတယ်ဆိုကတည်းက သူတို့မှားနေလို့ပေါ့။ အဲ့ဒါတွေကို ထောက်ပြတဲ့အနေနဲ့ ဒီဘက်ကလူတွေက သွားတယ်။ ဘာသာရေးအဆောက်အအုံတွေဆိုတာ သာသနာရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာပဲ ရှိတယ်။ ဒါကို သာသနာရေးဝန်ကြီးက တစ်စုံတစ်ရာ အရေးယူခြင်းမရှိဘူးလေ။ နောက်ပြီး တမန်တော်မွေးနေ့ ဆိုပြီး တစ်နိုင်ငံလုံးမှာလုပ်ကြတယ်။ ဦးဇင်းတို့ ဗုဒ္ဓဘာသာမှာဆိုရင် ကဆုန်လပြည့်ဗုဒ္ဓနေ့ ဆိုပြီး တစ်ရက်ပဲရှိတယ်လေ။ သို့သော် သူတို့လိုမျိုး တစ်မြို့နယ်မှာတစ်ရက် လိုက်မလုပ်ဘူး။ ဗုဒ္ဓဘာသာတွေက တစ်က်တည်းကျင်းပပြီးရင်ပြီးသွားတာ။ အဲ့လိုကိစ္စမျိုးတွေကို သာသနာရေးဝန်ကြီးဌာနက အလွယ်တကူ ခွင့်ပြုပေးနေတယ်လေ။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့တွေရှိတယ်။ ဦးဇင်းတို့ကတော့ အဲ့ဒီက မဟုတ်ပါဘူး။ ဒါပေမဲ့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့တွေရဲ့လုပ်ဆောင်ချက်တွေကို အမြဲတမ်းလိုက်နှိပ်ကွပ်နေတယ်။ အစ္စလာမ်တွေနဲ့ ပတ်သက်ရင် အမြဲတမ်း ကာပေးနေတယ်။ နောက်တစ်ခုက သတင်းထောက်ဆွေဝင်းနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးဌာနကြီးတစ်ခုလုံးက စာထုတ်ပေးတယ်ဆိုတာကတော့ သာသနာရေးဝန်ကြီးရဲ့ ကြီးမားတဲ့အမှားပဲ။ ဒါနဲ့ပတ်သက်ပြီးတော့လည်း မှတ်ချက်တွေပေးတယ်။ Cover ပေးတယ်ဆိုတာက သူ့ရဲ့ အမှားတွေပါပဲ။
#တစ်လအတွင်း အစိုးရကဆောင်ရွက်ပေးတာမရှိရင် ထိုင်သပိတ်သွားမယ်လို့ ဆုံးဖြတ်ထားတယ်ဆိုတော့ ဒါက လမ်းကြောင်းမှန်တယ်လို့ ဦးဇင်းထင်လား။ တခြားလမ်းကြောင်းက သွားဖို့ရော ဦးဇင်းတို့ ဆုံးဖြတ်ထားတာရှိလား။
@ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ဦးဇင်းတို့အစည်းအဝေးတွေလုပ်ဖို့ ရှိပါတယ်။ ဒီလုပ်ရပ်အပေါ်မှာ ပြန်ပြီးသုံးသပ်ဖို့လည်း ရှိပါတယ်။ ကြေညာချက်ထုတ်ပြန်ပြီး တစ်လအတွင်း တောင်းဆိုထားတာမှန်ပေမယ့် ဒီကြားထဲမှာလည်း အစည်းအဝေးတွေလုပ်မှာပါ။ အကုန်လုံးတိုင်ပင်ပြီးတော့မှ ဘယ်ဟာ အကောင်းဆုံးဖြစ်မယ် ဘယ်ဟာကိုတော့ အရင်ဦးစားပေး လုပ်မယ်။ ထိုင်သပိတ်လုပ်တာ နည်းလမ်းမှန်လားဆိုတာက ဒါ ပြည်သူရဲ့လုပ်ပိုင်ခွင့်ပါ။ ပြည်သူ့အခွင့်အရေးပါ။ ခွင့်ပြု့ချက်တွေတင်ပြီးတော့မှ ဥပဒေဘောင်ထဲကနေသွားမှာပါ။ ဒါကလည်း လမ်းကြောင်းမမှားပါဘူး။
#ဦးဇင်းအနေနဲ့ ဘာများဖြည့်စွက်မိန့်ကြားချင်ပါသလဲ။
@ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အစိုးရမဖြစ်ခင်ကတည်းက ပြောထားပါတယ်။ တရားဥပဒေ စိုးမိုးရေးကို တရားဥပဒေတကယ်စိုးမိုးချင်ရင် သူ့အစိုးရအောက်မှာရှိတဲ့ ဝန်ကြီးဌာနတွေ သူ့အစိုးရရဲ့ ယန္တရားတွေကို လည်ပတ်နေတဲ့ ပုဂ္ဂိုလ်တွေကလည်း တရားဥပဒေကို လေးစားလိုက်နာဖို့လိုတယ်။ ပြည်သူတွေ တောင်းဆိုနေတာတွေကိုလည်း မျက်ကွယ်မပြု့ဖို့ လိုပါတယ်။ ပြည်သူတွေက ရင်ထဲမှာခံစားနေရလို့ ထုတ်ဖေါ်ပြောဆိုတာပါ။ ရင်ထဲမှာ မခံစားရရင် ဘယ်သူမှ ထုတ်ဖေါ်ပြောဆိုမှာ မဟုတ်ပါဘူး။ ပြည်သူ့အစိုးရဆိုရင် ပြည်သူ့ဆန္ဒကို နားထောင်ပေးပါ။
အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
ရန်ကုန်တိုင်းမ် ဂျာနယ် Interview မှ




















