Wednesday, July 30, 2014

ရန်ကုန်မြို့လယ်တွင် ယာဉ်လေးစီးနှင့် လူခုနစ်ဦးကိုတိုက်ကာ ထွက်ပြေးသွားသော ယာဉ်မောင်းအား ဖမ်းဆီးရမိပြီး မူးယစ်ဆေးသုံးစွဲထားခြင်း ရှိ၊ မရှိ စစ်ဆေးနေ

ဆူးလေရှန်ဂရီလာဟိုတယ်ရှေ့ မီးပွိုင့်အနီးရှိ အခင်းဖြစ်ပွားရာနေရာအား ဇူလိုင် ၂၈ ညပိုင်းက တွေ့ရစဉ်

 Jul 30, 2014

ရန်ကုန်မြို့လယ်ကောင်တွင် ယာဉ်လေးစီးနှင့် လူခုနစ်ဦးကို တိုက်ပြီး ထွက်ပြေးသွားသော ယာဉ်မောင်းအား ဇူလိုင် ၂၉ ရက် နံနက် ၄ နာရီခန့်က ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးသုံးစွဲထားခြင်း ရှိမရှိ စစ်ဆေးနေကြောင်း အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူး မျိုးအောင်မြင့်က ဇူလိုင် ၂၉ ရက်တွင် ပြောကြားသည်။

ဇူလိုင် ၂၈ ရက် ညပိုင်းက ပန်းဘဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့တွင် ယာဉ်တိုက်မှုကျူးလွန်ခဲ့သော ယာဉ်မောင်း မောင်မောင် ၂၄ နှစ်ကို စမ်းချောင်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ကျူးလွန်သူကို စမ်းချောင်းမြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ရှိမရှိနဲ့ အရက်သေစာသောက်စားထားခြင်း ရှိမရှိ ရန်ကုန်ဆေးရုံကြီးမှာ ဆေးစစ်နေပါတယ်” ဟု ဒုရဲမှူးမျိုးအောင်မြင့်က ဇူလိုင် ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ပြောကြားသည်။

ဇူလိုင် ၂၈ ရက် ည ၁ဝ နာရီခန့်က ပန်းဘဲတန်းမြို့နယ်မှ ကျောက်တံတားမြို့နယ်သို့ ယာဉ်မောင်း မောင်မောင် မောင်းနှင်လာသော ပရိုဘောက်စ်အမျိုးအစား 9D-6213 ကိုယ်ပိုင်ယာဉ်သည် ပန်းဘဲတန်းမြို့နယ် မဟာဗန္ဓုလလမ်းပေါ် (၃၁) လမ်းထိပ်၊ မြန်မာ့ဆက်သွယ်ရေးရုံရှေ့အရောက်တွင် မောင်းနှင်လာရာမှ ရပ်တန့်၍ နောက်ဆုတ်မောင်းနှင်ရာ ၎င်းယာဉ်နောက်ရှိ ဟွန်ဒါဖစ် ကိုယ်ပိုင်ယာဉ်နှင့် နစ်ဆန်းအေဒီဗင် အငှားယာဉ်အား တိုက်မိပြီး ဝဲဘက်သို့ ချိုးကွေ့၍ လမ်းပြောင်းပြန်မောင်းနှင်ခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

ယင်းသို့ လမ်းပြောင်းပြန် မောင်းနှင်မှုကြောင့် ရပ်ထားသော ဟွန်ဒါစီဗစ် ကိုယ်ပိုင်ယာဉ်နှင့် ကိုရိုလာဗင် အငှားယာဉ်တို့အား ထပ်ဆင့်တိုက်မိခဲ့ကြောင်း၊ ထိုစဉ် ပန်းဘဲတန်းမြို့နယ်ရဲတပ်ဖွဲ့မှ ဒုတပ်ကြပ် သက်ပိုင်စိုးသည် ပရိုဘောက်စ်ယာဉ်အား ရပ်တန့်ရန် ယာဉ်ဘောနပ်အဖုံးပေါ်တွင် လိုက်ပါသွားခဲ့ကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် ပရိုဘောက်စ်ယာဉ်သည် ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းအတိုင်း မောင်းနှင်ထွက်ပြေးရာ ဆူးလေရှန်ဂရီလာဟိုတယ်ရှေ့မီးပွိုင့်အနီးရှိ လမ်းလယ်ကျွန်းပေါ်သို့ တက်သွားခဲ့ကြောင်း၊ အဆိုပါ လမ်းလယ်ကျွန်းပေါ်တွင် ထိုင်နေသော မထက်ထက် (၁၁)နှစ်၊ မသူဇာဝင်း (၁၉)နှစ်၊ ဦးမောင်တူး (၆ဝ)နှစ်၊ ကို ဒီဇင်ဘာ (၂၈)နှစ်၊ အမည်မသိ အမျိုးသားနှစ်ဦးနှင့် အသက်(၅ဝ)ခန့်ရှိ အမျိုးသားတစ်ဦးတို့ကို တိုက်မိခဲ့ကြောင်း ဆက်လက်သိရသည်။

ယာဉ်တိုက်ခံရမှုကြောင့် မထက်ထက်တွင် ဝဲတံတောင်းပွန်းပဲ့ စုတ်ပြဲဒဏ်ရာ၊ မသူဇာဝင်းတွင် ယာနာထင်ပွန်းပဲ့ဒဏ်ရာနှင့် ဝဲ၊ ယာဒူး ပွန်းပဲ့ဒဏ်ရာ၊ ဦးမောင်တူတွင် ဦးခေါင်း၊ တံတောင်၊ ခြေထောက်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ်လည်းကောင်း၊ ကိုဒီဇင်ဘာတွင် ခါးနှင့်တင်ပါး၌ ပွန်းပဲ့ဒဏ်ရာနှင့် အမည်မသိ အမျိုးသားနှစ်ဦးတွင်လည်း ဒဏ်ရာအသီးသီး ရရှိခဲ့သည်။

အသက် (၅ဝ)ခန့်ရှိ အမျိုးသားတွင်မူ နဖူးဝဲဘက်စုတ်ပြဲ၊ ဦးခေါင်းငယ်ထိပ်စုတ်ပြဲ၊ ဝဲခြေသလုံး ပွန်းစုတ်ဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ပြီး၊ ဒုတပ်ကြပ် သက်ပိုင်စိုးတွင် လက် နှင့် ခြေထောက်တို့တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရသိရသည်။

အခင်းဖြစ်ညပိုင်းက တစ်ဦးသေဆုံးခဲ့ပြီး ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် တစ်ဦးထပ်မံ သေဆုံးခဲ့ကြောင်း ကျောက်တံတားမြို့မ ရဲစခန်းမှ စုံစမ်းသိရှိရသည်။

ထို့ပြင် ယာဉ်တိုက်မှုဖြစ်ပွားစဉ် ပရိုဘောက်စ်ပေါ်၌ လိုက်ပါလာသော အမျိုးသမီးများကို သက်သေအဖြစ် ပန်းဘဲတန်းမြို့မရဲစခန်းက ခေါ်ဆောင်ထားကြောင်း ကျောက်တံတားမြို့မရဲစခန်းမှ ဆက်လက်သိရသည်။

ပရိုဘောက်စ်ယာဉ်မောင်း မောင်မောင်(၂၄)နှစ်ကို ပန်းဘဲတန်းမြို့မရဲစခန်းတွင် ယာဉ်(ပ) ၇/၁၄ ၊ ပြစ်မှုပုဒ်မ ၂၇၉/၂ဝ၂ ဖြင့် အမှုဖွင့်ထားပြီး ကျောက်တံတားမြို့မရဲစခန်းတွင်လည်း ယာဉ်(ပ)၁၈/၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/ ၃၃၈/၃၃၇/၂ဝ၂ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။ 

No comments: