Jul 30, 2014
ဂါဇာတွင် ဆင်နွှဲနေသော စစ်ပွဲ၏ အချိန်ကာလ ရှည်ကြာသွားနိုင်ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟူက သတိပေး ပြောကြားလိုက်သည်။
ဂါဇာတွင် ဟားမားစ် စစ်သွေးကြွတို့ သွယ်ယှက် ဖောက်လုပ်ထားသည့် မြေအောက်တူးမြောင်းများကို ဖျက်ဆီးပစ်ရန် အစ္စရေး၏ ရည်မှန်းချက် အထမြောက်သည်အထိ စစ်ပွဲကို ဆက်လက်ဆင်နွှဲနေရန် အသင့်ရှိကြောင်း နာတန်ယာဟူက ဆိုသည်။ ကုလသမဂ္ဂက နှစ်ဖက် အပစ်အခတ် ရပ်စဲရန် တောင်းဆိုနေသော်လည်း အစ္စရေး တောင်ပိုင်းနှင့် ဂါဇာတို့တွင် အပြန်အလှန် တိုက်ခိုက်မှုများ အရှိန်မြင့်တက်နေဆဲ ဖြစ်သည်။
တရားဝင် သတင်းထုတ်ပြန်ချက်များအရ ပါလက်စတိုင်းဘက်တွင် အရပ်သား အများစု အပါအဝင် လူပေါင်း(၁၀၇၀)ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။ အစ္စရေးဘက်တွင် စစ်သည် (၄၈)ဦး ကျဆုံးပြီး အရပ်သား (၂)ဦးနှင့် ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းလုပ်သား (၁)ဦးတို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။ ဇူလိုင်(၂၉)ရက် နံနက်ပိုင်းတွင် အစ္စရေး တိုက်လေယာဉ်များသည် ဟားမားစ် ဝန်ကြီးချုပ်ဟောင်း အစ္စမေးလ် ဟာနီယာ၏ နေအိမ်ကို ပစ်မှတ်ထား ဗုံးကြဲခဲ့ကြောင်း သိရသည်။
ဇူလိုင်(၂၈)ရက်တွင် အစ္စရေးစစ်သည် (၅)ဦးနှင့် ဟားမားစ်တို့ဘက်မှ (၅)ဦး သေဆုံးခဲ့သည်။ ဝန်ကြီးချုပ် နာတန်ယာဟူက “ဇူလိုင်(၂၈)ရက်ဟာ ကျွန်တော်တို့အတွက် နာကျင်ကျေကွဲရတဲ့ နေ့တစ်နေ့ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ မျှော်လင့်ရည်မှန်းတဲ့ အခြေအနေ အထမြောက်ဖို့အတွက် အချိန်ယူဖို့၊ စိတ်ရှည်ဖို့ လိုပါတယ်။ အစ္စရေးဟာ ကိုယ့်ပြည်သူတွေ၊ စစ်သည်တွေ၊ ကလေးငယ်တွေကို အပြည့်အဝ ကာကွယ်နိုင်ဖို့အတွက် ကျူးကျော်ရန်စမှုတိုင်းကို တင်းတင်းမာမာ တုံ့ပြန်နေဦးမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက လူနေဧရိယာများကို ဦးတည်ပစ်ခတ်ခဲ့သည့်အတွက် အစ္စရေးနှင့် ဟားမားစ် နှစ်ဘက်စလုံးကို ရှုတ်ချခဲ့သည်။ “လူသားချင်း စာနာမှုကို ထောက်ထားပြီး ဒီလို အကြမ်းပတမ်း လုပ်ဆောင်နေတာတွေကို ရပ်တန့်ဖို့ လိုတယ်”ဟု ၎င်းက ဆိုသည်။ ဇူလိုင်(၂၈)ရက်က ဂါဇာစီးတီးတွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားရာ ကလေးငယ်(၈)ဦး သေဆုံးခဲ့သည်။ ပါလက်စတိုင်းဘက်က အဆိုပါ ဖြစ်ရပ်တွင် အစ္စရေးကို စွပ်စွဲခဲ့သော်လည်း အစ္စရေးကမူ ဟားမားစ်တို့၏ ပစ်ခတ်မှု လမ်းကြောင်းလွဲချော်၍ ပါလက်စတိုင်း ကလေးငယ်များကို ထိမှန်ခြင်းသာဖြစ်ကြောင်း တုံ့ပြန်ထားသည်။
_Ref: BBC
No comments:
Post a Comment