Saturday, May 6, 2017

ဒေလီမုဒိမ်းမှု တရားခံများ၏ အယူခံကို ပယ်ချပြီး သေဒဏ်ကို အိန္ဒိယ တရားရုံးချုပ် အတည်ပြု


နာမည်ကျော် ဒေလီမုဒိမ်းမှုမှ တရားခံများအပေါ် ချမှတ်ထားသည့် သေဒဏ်ပြစ်ဒဏ်ကို အိန္ဒိယ တရားရုံးချုပ်က အတည်ပြုလိုက်ကြောင်း သိရသည်။
၂၀၁၂၊ ဒီဇင်ဘာက ဒေလီရှိ ဘတ်စ်ကား တစ်စီးပေါ်တွင် ကျောင်းသူ မိန်းကလေး တစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့မှုအတွက် အက်ရှ်ကေး သော်ကူ၊ ဗီနေရှာမား၊ ပါဝမ်ဂူပ်တာနှင့် မူကက်ရှ်တို့ လေးဦးကို အိန္ဒိယ တရားရုံး တစ်ခုက ၂၀၁၃ ခုနှစ်တွင် သေဒဏ် ချမှတ်ခဲ့သည်။
အသက် ၂၃ နှစ်အရွယ် မိန်းကလေးငယ်မှာ အမျိုးသား အဖော်တစ်ဦးနှင့် ရုပ်ရှင်ကြည့်ပြီး ပြန်လာချိန်တွင် ယခုလို အဖြစ်ဆိုး ကြုံခဲ့ရပြီး ဒဏ်ရာဒဏ်ချက်များဖြင့် သေဆုံးခဲ့ရှာသည်။ သူမ၏ အမျိုးသား အဖော်မှာလည်း ရန်ပြုတိုက်ခိုက်ခြင်း ခံခဲ့ရသည်။
ထိုဖြစ်ရပ်က နိုင်ငံတကာ အာရုံစိုက်မှုကို ခံလာရသလို အိန္ဒိယတွင် အမျိုးသမီးများအပေါ် နိုင်လိုမင်းထက် ဆက်ဆံမှုများ ရှိနေဆဲဖြစ်ကြောင်း ထင်ရှားစွာ ပေါ်လွင်လာသည်။ ထို့အပြင် အိန္ဒိယ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှုများ အားကောင်းလာအောင်လည်း လှုံ့ဆော်ပေးခဲ့သည်။
တရားခံများက ပြစ်ဒဏ်ကို အယူခံ ဝင်ခဲ့သော်လည်း တရားရုံးချုပ် တရားသူကြီး အာရ်ဘာနူမာသီက ပယ်ချခဲ့ပြီး လူ့အဖွဲ့အစည်း တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည့် လူမဆန်သည့် ပြစ်မှု ကျူးလွန်သူများအတွက် သေဒဏ်သာ ထိုက်တန်ကြောင်း ဆုံးဖြတ်ခဲ့သည်။
သေဆုံးသူ မိန်းကလေး၏ အမည်မှာ ဂျီယိုတီဆင်းဖြစ်ပြီး ၂၀၁၅ တွင်မှ သူမ၏ မိခင်က သမီး၏ အမည်ကို လူသိရှင်ကြား ကြေညာခဲ့သည်။ ဆင်းသည် မုဒိမ်းကျင့်ကြံခံရသည့်အပြင် ဆိုးရွားလှသည့် နိုင်လိုမင်းထက် ပြုမူမှုများကိုပါ ခံစားခဲ့ရသည့်နောက် ဆေးရုံပေါ်တွင် ၁၃ ရက်လုံးလုံး ဝေဒနာ ခံစားခဲ့ရရှာပြီး ကွယ်လွန်ခဲ့ရသည်။
တရားရုံးချုပ် တရားသူကြီး၏ စီရင်ချက် ဖတ်ကြားမှုကို ဆင်း၏ မိခင်က တက်ရောက် နားထောင်ခဲ့ပြီး ဆုံးဖြတ်ချက် အပြီးတွင် လက်ခုပ်တီး ဩဘာပေး၍ ထောက်ခံခဲ့သည်။ “ဒါဟာ လူတိုင်းကို ပေးပို့လိုက်တဲ့ သမိုင်းဝင် သတင်းစကားတစ်ခု ဖြစ်လာပါပြီ။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်လိုတဲ့ စိတ်အခြေခံဟာ လုံးဝ မှားယွင်းပါတယ်။ ကျွန်မတို့ နိုင်ငံရဲ့ ဥပဒေကလည်း ဒီလို လုပ်ရပ်မျိုးအတွက် အမြင့်ဆုံး ပြစ်ဒဏ်မျိုး စီရင်ထိုက်တယ် ဆိုတာကို ထင်ထင်ရှားရှား ပြသလိုက်ပါပြီ”ဟု အိန္ဒိယ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ ရန်ဂျာနာ ကူမာရီက မှတ်ချက်ပေးခဲ့သည်။
ယခုအခါ တရားခံများအတွက် နောက်ဆုံး မျှော်လင့်ချက်သည် အစိုးရထံ အသနားခံစာ တင်ရန်သာ ရှိတော့သည်။ သို့သော် ပြည်သူလူထု၏ ဘက်ပေါင်းစုံ ဖိအားကြောင့် ထိုကိစ္စမှာလည်း အောင်မြင်နိုင်ခြေ အလွန်နည်းနေသည်။
ထိုမုဒိမ်းမှုနှင့် ပတ်သက်၍ လူ ၆ ဦးကို ဖမ်းဆီးခဲ့ပြီး ရမ်ဆင်းဆိုသည့် တရားခံမှာမူ ၂၀၁၃ ခုနှစ်တွင် အချုပ်ခန်းထဲ၌ သေကြောင်းကြံသွားခဲ့သည်။ အခြားတစ်ဦးမှာ အသက် ၁၇ နှစ်သာ ရှိသေးသည့်အတွက် အိန္ဒိယ ဥပဒေအရ စာရိတ္တ ပြန်လည်ထူထောင်ရေး စခန်းတွင် ၃ နှစ်ကြာ နေထိုင်ပြီးနောက် ပြန်လည် လွတ်မြောက်သွားသည်။ ယင်းသည် အိန္ဒိယတွင် အသက် ၁၈ နှစ်အောက် လူငယ်များအတွက် အမြင့်ဆုံး ပေးအပ်နိုင်သည့် ပြစ်ဒဏ်ဟုလည်း သိရသည်။
Ref: BBC

No comments: