အမေရိကန် ထောက်လှမ်းရေးဌာန စီအိုင်အေက မိမိတို့၏ ခေါင်းဆောင်
ကင်မ်ဂျုံအန်းကို လုပ်ကြံရန် ကြိုးစားခဲ့ကြောင်း မြောက်ကိုရီးယားက
စွပ်စွဲခဲ့သည်။
စီအိုင်အေ အေးဂျင့်များက ကင်မ်ဟုသာ မျိုးရိုးအမည် ဖော်ပြသည့် မြောက်ကိုရီးယား နိုင်ငံသား တစ်ဦးကို ငွေကြေးပေးချေကာ ဓာတုအဆိပ်လက်နက် တစ်မျိုးဖြင့် မြောက်ကိုရီးယား ခေါင်းဆောင်ကို လုပ်ကြံရန် စေခိုင်းခဲ့ကြောင်း ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနက ဖော်ပြခဲ့သည်။
အဆိုပါ အစီအစဉ်ကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ဝန်ကြီးဌာနက အတည်ပြုခဲ့ပြီး ကင်မ်ဆိုသူ၏ ကံကြမ္မာနှင့် အခြား အသေးစိတ် အချက်များကို တိတိကျကျ ကြေညာခြင်း မရှိချေ။ ကိုရီးယား ကျွန်းဆွယ်တွင် အမေရိကန်နှင့် မြောက်ကိုရီးယားတို့ကြား တင်းမာမှု မြင့်တက်လာချိန်၌ မြောက်ကိုရီးယား အစိုးရဘက်က ယခုလို သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။
မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယားလက်နက် ချဲ့ထွင်တည်ဆောက်နေမှု ပြဿနာကို လက်တွေ့ ဖြေရှင်းမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြွေးကြော်ထားသည်။ တစ်ဖက်တွင် မြောက်ကိုရီးယားကလည်း ၎င်းတို့အပေါ် ရန်စမှုတိုင်းကို အပြင်းအထန် လက်စားချေ တုံ့ပြန်မည်ဟု ကြေညာထားသည်။
မြောက်ကိုရီးယား ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာန၏ ယခုထုတ်ပြန်မှုကို အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သော်လည်း ခိုင်မာတိကျသည့် အထောက်အထားမျိုး ပါဝင်လာခြင်း မရှိချေ။ ထို့အပြင် စီအိုင်အေက လုပ်ကြံရန် ကြိုးစားသော ပစ်မှတ်ကို ကင်မ်ဂျုံအန်းဟု မဖော်ပြဘဲ နိုင်ငံခေါင်းဆောင်ကြီးဟုသာ KCNAက ရွေးချယ် သုံးနှုန်းသွားခဲ့သည်။
ဖမ်းဆီးခံရသည့် ကင်မ်ဆိုသူက ရေဒီယို သတ္တိကြွ ပစ္စည်းများ အပါအဝင် ဇီဝဓာတု ပစ္စည်းများ၊ နာနိုအဆိပ်များ ပါဝင်သည့် အဆိုပါ ဓာတုလက်နက် ပစ္စည်းသည် ထိတွေ့မှုအပြီး ၆ လမှ ၁၂ လအတွင်း အာနိသင် ပေါ်လာအောင် စီမံထားသည်ဟု ထွက်ဆိုခဲ့ကြောင်းလည်း KCNAက ဖော်ပြသွားသည်။
Ref: Reuters

No comments:
Post a Comment