Saturday, April 11, 2015

သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသား ၁၅ဝ ကျော်ကို ရုံးထုတ်စစ်ဆေး


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဒီနှစ် ဇန်နဝါရီလ ဆန်းပိုင်းက စက်ယန္တရားတွေနဲ့ သစ်ခိုးထုတ်ခဲ့တဲ့ တရုတ်နိုင်ငံသား ၁၅ဝ ကျော်ကို မြစ်ကြီးနားခရိုင် တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

အဲ့ဒီ တရုတ်နိုင်ငံသားတွေကို အမှု ၃ ခုနဲ့ စွဲဆိုထား တာဖြစ်ပြီး ခရိုင်တရားရုံးမှာ အများနဲ့သက်ဆိုင်သော ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ အ.ပ.က ၃ အတွက် ဒီနေ့ စစ်ဆေးတာဖြစ်တယ်လို့ ကချင်ပြည်နယ် ရဲမှူးကြီး စန်းယုက RFA ကို ပြောပါ တယ်။

"သူတို့မှာပစ်ဒဏ်က အကြမ်းမျဉ်း ၃ မျိုးလို့ပြောလို့ ရမယ်၊ တစ်ခုကတော့ လ.ဝ.က ပေါ၊့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပတ်သက်တယ်၊ တစ်ခုကတော့ သစ်နဲ့ပတ်သက်တယ်၊ တစ်ခုကတော့ မူးယစ်ဆေး ဝါးနဲ့ပါမိတာကြောင့်မို့ မူးယစ်ဆေးဝါးနဲ့ လက်ဝယ်တွေ့ရှိသောသူများကတော့ မူယစ်ဆေးဝါးနဲ့ပတ်သက်မှာပေါ့၊ သစ်နဲ့ပတ်သက်တဲ့ဥစ္စာကတော့ ကျနော်တို့ ပထမ ၆ ကြိမ်ပေါ့၊ ပြည်ထဲရေးကနေပြီးတော့မှ ဒါဟာဥပဒေရဲ့အကြံပြုချက်အရ တင်ပြတဲ့အခါမှာ ဒါအဲ့ဒါဆိုရင် အ.ပ.က ၃ နဲ့ချမယ်၊ ပြည်ထဲရေးကနေပြီးတော့မှ အ.ပ.က ၃ နဲ့ ချပေး တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က အ.ပ.က ၃ နဲ့သွားမယ်၊ ကျနော်တို့ ပြည်ထဲရေးကနေပြီးတော့မှ တရားစွဲတင်နိုင်အောင်၊ အမှုကို ခိုင်မာစွာတည်ဆောင်နိုင်အောင် ဒါပဲ ကျနော်တို့ လမ်းညွှန်မှု ညွှန်ကြား မှုရှိနိုင်မှာပါ"

အဲ့ဒီတရုတ်နိုင်ငံသားတွေကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃ (၁) နဲ့ မနေ့က ရုံးထုတ်စစ်ဆေးခဲ့တယ် လို့လည်း သိရပါတယ်။

ဒီနှစ်ဆန်းပိုင်းက ဝိုင်းမော်မြို့နယ် ဝါးရှောင်၊ မန်ဝိန်း၊ ဆဒုံး စတဲ့ ဒေသက တောတောင်တွေမှာ တရားမဝင်သစ်ခိုး ထုတ်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၁၅ဝ ကျော်ကို အစိုးရ တပ်မတော် စစ်ကြောင်းက မူးယစ်ဆေးဝါးအပါ အဝင် ယာဉ်စက်ယန္တရားတွေနဲ့ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ တရုတ်နိုင်ငံသား သစ်ခိုးထုတ်သမားတွေကို မြစ်ကြီးနားအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ထားပါတယ်။

RFA Burmese

ကိုးကန့်တိုက်ပွဲ နှစ်ဖက် အထိအခိုက်များ

ကိုးကန့်တပ်ဖွဲ့ဝင်များ။
 ကိုးကန့်ဒေသအတွင်း တိုက်ပွဲတွေဟာ ဒီရက်ပိုင်း အတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့ရာ က ဒီကနေ့မှာလည်း ဆက်လက် ဖြစ်ပွားနေခဲ့ပါတယ်။ လက်ရှိ တိုက်ပွဲတွေမှာ အစိုးရတပ်ဖက်က သံချပ် တိုက်ယာဉ်တွေနဲ့ပါ ပူးပေါင်း စစ်ဆင်နေပြီး ဒီကနေ့ တိုက်ပွဲမှာတော့ ကိုးကန့်တပ်ဖွဲ့ဖက်က သံချပ်ကာ တိုက်ယာဉ် ၂စင်းကို ဖျက်ဆီးခဲ့ တယ်လို့ ပြောပါတယ်။ အစိုးရဖက်က ထုတ်ပြန်ချက်မှာတော့ ကိုးကန့်တပ်ဖွဲ့ရဲ့ စစ်ဗျူဟာ အရ အရေးပါတဲ့ နေရာအများစုကို သိမ်းယူထားကြောင်း သတင်း ထုတ်ပြန်ပါတယ်။ ကိုးကန့်ဒေသက နောက်ဆုံးရ တိုက်ပွဲသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၉ရက်နေ့က စတင်ခဲ့တဲ့ ကိုးကန့်ဒေသတိုက်ပွဲတွေဟာ ၂လ တင်းတင်းပြည့်ချိန်မှာ အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဟာ လောက်ကိုင်နဲ့ ချင်းရွှေဟော်အကြားက ပါစင်ကျော်ရွာအနီး အနားဒေသတွေမှာ ဖြစ်ပွားနေပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေနဲ့ပတ်သက်ပြီး ဒီကနေ့ အစိုးရ သတင်းစာတွေမှာ တပ်မတော်စစ်ကြောင်းတွေဟာ ပါစင်ကျော်ကျေးရွာအရှေ့ဖက် ကိုးကန့်သောင်းကျန်သူတွေ့ရဲ့ စစ်ဗျူဟာအရ အရေးပါတဲ့ ခံစစ်စခန်း ရှိရာ ပွိုင့် ၁၈၄၅ကို ဧပြီလ ၈ရက်နေ့က သိမ်းယူနိုင်ခဲ့ကြောင်း၊ တဆက်တည်းမှာပဲ ပါစင်ကျော်ရွာနဲ့ နယ်စပ်မှတ်တိုင် ၁၃၇သွားကားလမ်းဒေသက အရေးပါတဲ့ ကိုးကန့်တပ်စခန်းတွေကို ထိန်းချုပ်ထားခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

Friday, April 10, 2015

ဒေါ်အောင်ဆန်းစုကြည်၏ ဆက်ဆံမှု ကရင်ခေါင်းဆောင်များ စိတ်မကောင်းဖြစ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ဖထီး (မူတူးဆေးဖော) လာချိန်မှာ အပြင်မှာအချိန်
အတော်ကြာ စောင့်ခဲ့ရတယ်ဆိုလို့ အရမ်းစိတ်မကောင်းဖြစ်မိတယ်။ တွေ့ကြတော့လည်း နိုင်ငံခြား
က ခေါင်းဆောင်တွေကို တွေ့သလိုမျိုး ဒေါ်စုဖက်က ဟက်ဟက်ပက်ပက် မရှိပြန်ဘူး။ အပြင်ထွက်ကြိုတာလည်း မတွေ့ရဘူး။ ဖထီးက အသက် ၈၀ ကျော်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ထက် ၁၀ နှစ်ကျော် အသက်ပိုကြီးပါတယ်။ ဖထီးက ဒေါ်စုလောက်ပညာမတတ်ဘူးဆိုတာ မှန်ပါတယ်၊ ဒေါ်စုလို နိုင်ငံခြားတွေမှာ မနေခဲ့ဖူးဘူးဆိုတာ မှန်ပါတယ်၊ 
ဒါပေမယ့် ဒီလောက်ထိ မတူသလို မတန်သလို ဆက်ဆံဖို့မလိုပါဘူး။

ဒေါ်စုဟာ သမ္မတ မဖြစ်သေးပါဘူး။ သမ္မတများ ဖြစ်လိုက်ရင် ဘယ်လို ဆက်ဆံ ခံရမလဲ ဆိုပြီး ပြောကြာပါတယ်။ ကရင်တိုင်းရင်းသားတွေ အစိုးရနဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းတဲ့နေရာမှာ အဆင်ပြေနေတာကိုလည်း မနာလို မရှုစိမ့် ဖြစ်နေပုံ ရပါတယ်။ 

နိုင်ငံခြားသားတွေလာတိုင်း ကားနားအထိ ဒေါ်စုကပြေးပြီးကြိုတာတွေ၊ ဖက်နမ်းတာတွေ တွေ့ဖူး ပါတယ်။ ဖထီးကို အဲလိုလုပ်ဖို့မဆိုလိုပါဘူး။ အသက်အရွယ်ကြီးသူမို့ လေးလေးစားစား ထွက်ကြိုစေချင်တာပါ။
ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာသိခေါင်းဆောင်တစ်ယောက်ကို မိကျောင်းမင်းရေကင်းပြတာတော့ မဟုတ်ပါဘူး။ နိုင်ငံ့ခေါင်းဆောင်လုပ်ချင်သူအတွက် ပြည်ပက နိုင်ငံခြားသားခေါင်းဆောင်တွေရဲ့ ထောက်ခံ
မှုရဖို့ထက် ပြည်တွင်းက တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ထောက်ခံမှုရဖို့က ပိုပြီးအရေးကြီးတယ်
ဆိုတာ ဒေါ်အောင်ဆန်းစုကြည်သိစေချင်ပါတယ်။ 

တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ များများတွေ့ဆုံပါ။ တိုင်းပြည် ကောင်းစားဖို့အတွက် ဘယ်လိုရှေ့ဆက်လုပ်ဆောင်ရမယ်ဆိုတဲ့ အဖြေကိုရရှိလာပါလိမ့်မယ်။ အင်္ဂလိပ်စာ မတတ်တဲ့ အစွန်အဖျားက တိုင်းရင်းသားတွေကို အထင်မသေးပါနဲ့။ ဖထီးကိုမှမဟုတ်ပါဘူး။ တခြား ဘယ်တိုင်းရင်းသားခေါင်းဆောင်ကိုမှ အထင်မသေးပါနဲ့။ မတူသလိုမတန်သလို မဆက်ဆံပါနဲ့။ တိုင်းရင်းသား ခေါင်းဆောင်တွေကို မတူသလိုမတန်သလို ဆက်ဆံနေသမျှ ကာလပတ်လုံး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အောင်မြင်မှာမဟုတ်ဘူးလို့
ပြောလိုက်ပါရစေ။

အင်းလေးကန်ကြီး ထာဝရ တည်တံ့နေပါစေ

ဓာတ်ပုံ ။ ။ မန္တလေးမှ ဓာတ်ပုံဆရာ ကိုရွှေသွေး (ဘောဂဗလ) ရိုက်ကူးပါသည်။

ပြီးခဲ့တဲ့ရက်ပိုင်းက အင်းလေးကန်ပုံတွေ တက်လာတာ တွေ့ရပါတယ်.. ၂၀၁၀ တုံးက ပုံဟောင်းတွေဖြစ်ပြီး အလဲဗင်းဂျာနယ်က သတင်းပုံများပါ.. ပုံတွေက ကင်မရာဆရာ ဖန်တီးရိုက်ကူးထားပြီး အဖြစ်မှန်နဲ့ကွဲ
ပါတယ်.. ဖောင်တော်ဦးစေတီအနား ကျွန်းမျောပေါ်ကနေ ကင်မရာကို တင်ရိုက်ထားပြီး
ရေများလုံးဝခန်းခြောက်သယောင် ထင်စေရပါတယ်..


ကျွန်တော် ၂၀၁၃ တုန်းက ရောက်သွားတော့ အချို့နေရာတွေမှာ တကယ်ပဲ နုံးမြေများတင်ကျန်ပြီး
ရေမဝပ်နိုင်တော့တာကို တွေ့ခဲ့ရပါတယ်.. အမှန်တကယ်တော့ ကျွန်တော်တို့ တွေ့မြင်နေရတဲ့ အင်းလေးကန်ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကန်ကြီးရဲ့ လေးပုံတစ်ပုံပဲ ကျန်တော့တဲ့ သဘာဝတောင်ပေါ်ရေအိုင်ကြီးပါ.. တချိန်မှာ တဖြေးဖြေးကောပြီး ကွယ်သွားနိုင်ပါတယ်..

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု့ .. ရေဝေရေလဲ သစ်တောဧရိယာ ကျဉ်းမြှောင်းလာမှု့ .. အပူချိန်မြင့်မားလာမှု့ တို့ကြောင့် အချိန်မတိုင်ခင် ပျောက်ကွယ်မသွားဖို့သာ အရေးကြီးပါတယ်.. သိပ်တန်ဘိုးကြီးမားတဲ့ သမိုင်းသုတေသီအချက်အလက်များလဲ ရှိနေပါတယ်.. အစောဆုံး မြန်မာလူမျိုးစုကြီး အစပြုရာ နေရာဖြစ်နေလို့ပါ.. ဆရာကြီး ဒေါက်တာသန်းထွန်း သုတေသနပြု ဖော်ထုတ်သွားတာတွေ ရှိပေမဲ့ အစပဲ ရှိပါသေးတယ်..

သမိုင်းအမွေကြီးမားနေတဲ့ အင်းလေးကန်ကြီးအကြောင်း ပို့စ်အဟောင်းကို မဖတ်ရသူများ
အတွက် ပြန်တင်ပါတယ်..

ဟိုအရင် တစ်ချိန်တုံးဆီက...
အင်းလေးကန် ရေပြင်ကျယ်ကြီးထက်...

ဦးမြင့် နဲ့ နေထွန်းနိုင်


၁ ပူးက ဆောင်းပါးရှင် နေထွန်းနိုင် ရေးထားတဲ့ မြန်မာ့စီးပွားရေး ပြိုလဲသွားနိုင်သလား ဆောင်းပါးမှာ ဦးမြင့်ကို ဘိုင်နိမ်းတတ်ပြီး ရေးထားတာ တွေ့ရတယ်……… အဲ့ဒါက “သမ္မတရဲ့ စီးပွားရေး အကြံပေးအဖွဲ့မှာ ဦးမြင့်၊ ဒေါက်တာအောင်ထွန်းသက်၊ ဒေါက်တာဇော်ဦးတို့ ပါဝင်ပါတယ်။ ဒီသုံးဦးထဲမှာ ဦးမြင့်ကိုယ်တိုင် တွေဝေသလို ဖြစ်နေပါတယ်။”

ဒီအတွက်ကြောင့် ဦးမြင့်က ပညာရှင်ဆန်ဆန် တစ်ချက်ခြင်းစီ တုံ့ပြန်သွားတာ တွေ့ရတယ်…….. ဒီအပေါ် ၁ ပူးက နေထွန်းနိုင် ဘယ်လိုတုံ့ပြန်မလဲ စောင့်ကြည့်ရင်း သူတုံ့ပြန်တာ ဖတ်လိုက်တာ အွန်လိုင်းမှာ စကားနိုင်လုသလို မနိုင်နိုင်မယ့်၊ လူမုန်းများစေမယ့် ခေါင်းစဉ်တစ်ခုကို အစ ပျိုးသွားတာ တွေ့ရတယ်………



အင်္ဂလိပ်ဘာသာစကား အသုံးအနှုံးကို ဖယ်ထားဦး၊ ဦးမြင့်မေးတဲ့ အချက်တွေကို ပြန်လည်တောင် တုံ့ပြန် ဖြေရှင်းခြင်း မပြုနိုင်ပဲ ဒီကိစ္စကို အစပြုစေတဲ့ ခေါင်းစဉ်နဲ့ မဆိုင်တဲ့ ပညာရေးကို ဆွဲယူသွားပြီး လိုသလို ပုံဖော် ရေးထားတာကို တွေ့ရတယ်……..

သူ့ရဲ့ စာ အစ မှာတင် ဦးမြင့်ကို ပုဂ္ဂိုလ်ရေးဆန်ဆန် ရေးတယ်လို့ ခပ်တည်တည်နဲ့ စွတ်စွဲထားခဲ့တယ်…….. ဒါပေမယ့် သူ့မူရင်း ဆောင်းပါးမှာ ဦးမြင့်ကို ဘိုင်နိမ်းနဲ့ တွယ်ထားတာကို မေ့နေပုံရတယ်…….. ဦးမြင့်ဘက်က ပညာရှင်ဆန်ဆန် တုံ့ပြန်တာကို နေထွန်းနိုင် ပြန်ရေးတဲ့ပုံစံက လမ်းဘေး စကားနိုင်လုသလို မဆိုင်တဲ့ ကိစ္စတွေပဲ ခေါင်းစဉ်တပ်ပြီး ရန်ပြန်တွေ့ထားသလို ဖြစ်နေတယ်……..

ဆရာကြီး ဦးမြင့်ကတော့ ဝိတ်တန်းအောက်ဆင်းပြီး လက်ဝှေ့ထိုးသလိုပဲ………. ၁ ပူးဘက်က နေထွန်းနိုင် တုံ့ပြန်တာတော့ မနိုင်နိုင်ရာ ဖက်ကိုက်တဲ့ပုံစံ ဖြစ်သွားတယ်……..

မပိုင်ပဲ ခေါင်တက် ဝေဖန်လို့ အဆော်ခံရချိန်မှ မနိုင်နိုင်ရာ လုပ်ချင်တဲ့ သဘောမျိုး ညစ်တွန်းတွန်းတာ တွေ့ရတယ်……… ဦးမြင့်နဲ့ အပြိုင်အဆိုင် တစ်ချက်ခြင်းစီ အပြန်အလှန် ဝေဖန်ကြရင်း လက်ရှိ ဖြစ်နေတဲ့ တိုင်းပြည်စီးပွားရေးအတွက် အဖြေတစ်ခုရမလား မျှော်လင့်တကြီး ဖတ်မိတာ မှားတာပဲ……..


Voice of James Mint

လောက်ကိုင်၊ ချင်းရွှေဟော် ကားလမ်းအား စိုးမိုးထားသည့် ကိုးကန့် သောင်းကျန်းသူများ အခိုင်အမာ အခြေပြုထားသော ပွိုင့်-၁၈၄၅ တောင်ကုန်းအား သိမ်းပိုက်ရရှိ


နေပြည်တော် ၊ ဧပြီ-၉

လောက်ကိုင်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာ ကာကွယ် စောင့်ရှောက်နိုင် ရန်အတွက် တပ်မတော်အနေဖြင့် လိုအပ်သော အုပ်ချုပ်ထောက်ပံ့မှုနှင့် အင်အားဖြည့်တင်းခြင်းကို လေယာဉ်၊ ရဟတ် ယာဉ်၊ မော်တော် ယာဉ်များ အသုံးပြု၍ ဆောင်ရွက်ခဲ့ပြီး ပစ်ကူပစ်အား အတွက် လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများကို အပြည့်အဝ အသုံးပြု ၍ ကိုးကန့်သောင်းကျန်းသူများအား တိုက်ခိုက်ချေမှုန်းခဲ့သည်။ ထိုသို့ တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ချေမှုန်း ခဲ့ခြင်းကြောင့် ဧပြီ ၈ ရက်တွင် ပွိုင့်-၁၈၄၅ တောင်ကုန်းအား သိမ်းပိုက်ရရှိပြီး ယနေ့ထိ သောင်းကျန်းသူ အခိုင်အမာအခြေပြုစခန်း ၂၀ ကျော်အား သိမ်းပိုက်ရရှိခဲ့ ကာ လောက်ကိုင်ဒေ သ၏ စစ်ဗျူဟာအရေးကြီးနေရာ အများစုနှင့် ဆက်သွယ်ရေး လမ်းကြောင်း များအား သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့သည်။

တပ်မတော်စစ်ကြောင်းများက ပါစင်ကျော်ကျေးရွာ၏ အရှေ့ဘက်ရှိ ကိုးကန့် သောင်းကျန်းသူ များ အခိုင်အမာခံစစ်တည်ဆောက် ၍ ခြေကုပ်ယူ ထား သော စစ်ဗျူဟာအရ အရေးကြီးသည့် ပွိုင့်-၁၈၄၅ တောင်ကုန်းအား ဧပြီ ၈ ရက် နံနက်ပိုင်းမှစတင်၍ လက်နက်ကြီး ပစ်ကူ၊ သံချပ်ကာတိုက်ယာဉ် ပစ်ကူ များဖြင့် ဟန်ချက်ညီညီ အဆင့်ဆင့်တိုက်ခိုက် ချေမှုန်းခဲ့ရာ တိုက်ပွဲများပြင်းထန် စွာ ဖြစ်ပွားခဲ့ပြီး နံနက် ၁၁ နာရီတွင် အောင်မြင်စွာဖြင့် သိမ်းပိုက် ရရှိခဲ့သည်။

တစ်ချိန်တည်းတွင် ပါစင်ကျော်ကျေးရွာ နှင့် ဘီပီ ၁၃၇ သွား ကားလမ်း ၏ မြောက်ဘက်ရှိ ပွိုင့်-၁၅၈၄ တောင်ကုန်း၊ တာကထန်ကျေးရွာ မြောက် ဘက်ရှိတောင်ကုန်း၊ မာလီရှူးဝါးကျေး ရွာ အရှေ့ဘက်ရှိ ပွိုင့်-၁၇၅၃နှင့် တာရွှေကျင်ကျေးရွာ အရှေ့ဘက်ရှိ တောင်ကုန်းတို့တွင် အခိုင်အမာ အခြေပြုထားသည့် ကိုးကန့်သောင်းကျန်းသူများအား တပ်မတော် စစ်ကြောင်း များက လက်နက်ကြီးပစ်ကူများ၊ သံချပ်ကာတိုက်ယာဉ် ပစ်ကူများရယူ၍ တိုက်ခိုက်ချေမှုန်းခဲ့ရာ ကိုးကန့်သောင်းကျန်းသူများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ခုခံ တိုက်ခိုက်လျက်ရှိပြီး တပ်မတော် စစ်ကြောင်းများက အဆင့်ဆင့်ခြေကုပ်ယူ ၍ သောင်းကျန်းသူ များအား ရင်ဆိုင်ထိန်းချုပ် ထားလျက်ရှိသည်။

အီရန် သဘောတူညီချက် ခါမေနီ အာမ မခံသေး

အီရန်ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei ။
 အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်တွေကို လျှော့ချပြီး၊ အပြန်အလှန် အနေနဲ့ နိုင်ငံတကာ က အရေးယူ ဒဏ်ခတ်မှုတွေကို လျှော့ပေါ့ပေးရေး အနောက်နိုင်ငံတွေ နဲ့ မကြာသေးခင်က ရရှိထားတဲ့ အခြေခံ လုပ်ငန်းစဉ် ဟာ နောက်ဆုံး သဘောတူညီချက် ရနိုင်အောင် အာမ မခံနိုင်သေးဘူးလို့ အီရန် ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei က ပြောလိုက်ပါတယ်။

အီရန်နိုင်ငံနဲ့ အင်အားကြီး ၆ နိုင်ငံတို့ကြား ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ရရှိခဲ့တဲ့ ယာယီသဘောတူညီချက်အပေါ် သူ့အနေနဲ့ ထောက်ခံတာပဲဖြစ်ဖြစ် ဆန့်ကျင်တာပဲဖြစ်ဖြစ် သဘောထား မပေးလိုပေမဲ့ ဒါဟာ နောက်ဆုံး သဘောတူညီချက်မဟုတ်သလို၊ မဖြစ်မနေ လိုက်နာရမယ့် သတ်မှတ်ချက် မဟုတ်ဘူးလို့လည်း ပြောဆိုခဲ့တာပါ။

Wednesday, April 8, 2015

ပျောက်ဆုံးနေသော ယေရှုအုတ်ဂူပင်လော?

 သိပ္ပံပညာရှင်က ခရစ်တော်၏ ရုပ်အလောင်းတော် မည်သည့်နေရာတွင် ရှိနေသည်ကို ရှင်လင်းပြနိုင်သော "လုံးဝနီးပါးထင်ရှားလှသောသက်သေ" ၎င်း၌ရှိနေပြီဟု ဆိုနေချေပြီ။
ဧပြီ ၈၊ ၂၀၁၅
ဂျေရုဆလမ်ရှိ ဘူမိပညာရှင်တစ်ဦးက ၎င်း၌ ယေရှုခရစ်တော် နောက်ဆုံးလဲလျောင်းရာနေရာနှင့် ပတ်သက်၍ အငြင်းပွားဖွယ်တစ်ခုကို ဖော်ထုတ်လိုက်ပြန်ပြီဖြစ်သည်။
၁၉၈၀ ခုနှစ်က အရှေ့ဂျေရုဆလမ်တွင် ရှေးဟောင်းတူးဖော်ရေးနယ်မြေမှ တွေ့ရှိခဲ့ရသော တယ်လ်ပီးယော့ အုပ်ဂူ (Talpiot Tomb) အား ထပ်မံသော စစ်ဆေးမှုအသစ်များ ပြုလုပ်ခဲ့ရာ ထိုအုပ်ဂူသည် ယေရှု (Jesus of Nazareth) ၊ ၎င်း၏ဇနီး မာရီ မဂ်ဒလင်း (Mary Magdalene) နှင့် ၎င်း၏သား ယုဒ (Judah) တို့၏ အုပ်ဂူဖြစ်ကြောင်း ဖြစ်နိုင်ဖွယ်ရာအချင်များ ပိုမိုညွှန်းဆိုနေသည်ဟု ဒေါက်တာ အာယေ ရှင်မရွန် (Dr Aryeh Shimron) က ဆိုသည်။
တယ်လ်ပီးယော့အုတ်ဂူတွင်း ထွင်းထုစာသားများနှင့် မြှုပ်နှံခဲ့သော နေ့ရက်များအရ မှန်းဆ၍ ရသည်မှာ ယေရှုသည် "အိမ်ထောင်ကျခဲ့သည်၊ ကလေးတစ်ယောက်အဖေ ဖြစ်ခဲ့သည်၊ ၎င်း၏ကျွင်းကျန် ရုပ်ကလပ်ကို ထောက်ချင့်လျှင် ‪#‎ရှင်သန်ထမြောက်ခြင်းသည်မည်သည့်အခါကမျှမဖြစ်ခဲ့‬ ဟု အဓိပ္ပါယ် ရနေသည်။
(အငြင်းပွားနေကြသော ယေရှုနာမည်ပါသည့်) ၁၀ ခု မြောက်ဖြစ်သော သေတ္တာကို ဘူမိဓာတုနည်းဖြင့် စစ်ဆေးကြည့်ရာတွင် ၎င်းသေတ္တာမှာ တယ်လ်ပီးယော့အုတ်ဂူရှိ ပစ္စည်းပစ္စယများထဲမှ မကြာသေးမီကမှ ခွဲထုတ်ဖယ်ထားလိုက်သော တစ်ခုဖြစ်သည်ဟု တွေ့ရှိရကြောင်း ဒေါက်တာ ရှင်မရွန်က New York Times ကို ပြောကြားခဲ့သည်။
ဤသည်မှာ အရေးပါလှသည့် တွေ့ရှိချက်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၁၀ ခုမြောက် သေတ္တာ၌ ရေးထိုးထားသည့် အာရာမဲ့အစ် (Aramaic -- BC ၆ ရာစုကတည်းက ပြောဆိုခဲ့သော ဘာသာစကား) ဖြင့် “James son of Joseph brother of Jesus” (ဂျိုးဆက်ဖ်၏ သားဖြစ်၍ ယေရှု၏ ညီဖြစ်သော ဂျိမ်းစ်) ရေးထွင်းထားသော ၎င်းကျောက်သေတ္တာ၌အရ ထိုအမည်များမှာ ယေရှုခရစ်တော် နှင့် ၎င်း၏မိသားစုတို့ ဖြစ်နိုင်သောကြောင့်ဖြစ်သည်ဟု ဒေါက်တာရှင်မရွန်က ဆိုသည်။
Myo Min Thant

Tuesday, April 7, 2015

ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံ၏ အိမ်ဈေးနှုန်းများ ကျဆင်း


ပေကျင်း ၊ မတ် ၁၈ ရက် (ဆင်ဟွာ) 
တရုတ်နိုင်ငံ၏ အိမ်အရောင်းအဝယ် ဈေးကွက်အားနည်းနေပြီး အိမ်အသစ် ဈေးနှုန်းများလည်း ဇန်နဝါရီလနှင့် ယှဉ်လျှင် ဖေဖော်ဝါရီလတွင် မြို့တော်တော်များများ၌ ကျဆင်းနေကြောင်း သုတေသန ပြုလုပ်မှု များအရ သိရသည်။
မြို့ပေါင်း (၇၀) ကို သုတေသန ပြုလုပ်ရာတွင် (၆၆)မြို့ရှိ အိမ်အသစ် ဈေးနှုန်းများ ဖေဖော်ဝါရီလအတွင်း၌ ယခင်လထက် နိမ့်ဆင်းသွားကြောင်း သုတေသနပြုလုပ်နေသည့် National Bureau of Statistics (NBS) က မတ်လ ၁၈ ရက်နေ့က ပြောကြားသည်။ 
ဇန်နဝါရီလတွင် ဝူဟန် (Wuhan) နှင့် လုကျိုး (Luzhou) ၌ အိမ်ဈေးနှုန်းများ တန့်နေပြီး စန်းကျန့် (Shenzhen) နှင့် ကန့်ကျိုး (Ganzhou) တို့ရှိ အိမ်ဈေးနှုန်းများမှာ ၀.၂ ရာခိုင်နှုန်း နှင့် ၀.၁ ရာခိုင်နှုန်း ခန့်အနည်းငယ် မြင့်တက်လာကြောင်း NBS က ဖော်ပြသည့် အချက်အလက်များအရ သိရသည်။ 
အိမ်ဟောင်း ဈေးနှုန်းများနှင့် ပတ်သက်၍ ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံရှိ မြို့ပေါင်း (၆၁) မြို့ ၌ ဈေးနှုန်းများ ကျဆင်းလာပြီး မြို့ (၅) မြို့တွင် ဈေးနှုန်း အနည်းငယ် မြင့်တက်လာကာ (၄) မြို့တွင် ဈေးတန့် နေကြောင်း သိရသည်။ 
(Xinhua) 

သတ်မှတ်နှုန်းထက် ပိုယူတဲ့ အဝေးပြေးကားများ အရေးယူခံရ

အဝေးပြေးကားတစ်စင်းကို တွေ့ရစဉ် Photo: commons.wikimedia.org

လာမယ့် သင်္ကြန်ကာလအတွင်း အဝေးပြေးကား လက်မှတ်ခတွေကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချတဲ့ယာဉ်လိုင်းတွေကို ရန်ကုန်တိုင်းဒေသ ကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော် မတီက ခေါ်ယူစစ်ဆေးပြီး အရေးယူနေပါတယ်။

ငွေပိုပေးပြီးဝယ်ခဲ့ရတဲ့ ခရီးသည်တွေကို ရောင်းချ သူတွေထံက ပြန်တောင်းပြီး ငွေပြန်အမ်းမှာဖြစ် သလို ဈေးပိုရောင်းထားတဲ့ယာဉ်လိုင်းဟာ ဒဏ်ငွေ ငါးသောင်း ပေးဆောင်ရမှာဖြစ်တယ်လို့ မော်တော် ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (ဗဟို) ဥက္ကဌ ဦးလှအောင်က ပြောပါတယ်။

အောင်မင်္ဂလာ အဝေးပြေးနဲ့ ဒဂုံဧရာ အဝေးပြေးဂိတ်တွေ မှာ အဝေးပြေးကြီးကြပ်မှုကော်မတီကို ဖွင့်လှစ်ပေး ထားပြီး ခရီးသည်တွေအနေနဲ့ အဲဒီကော်မတီမှာ သွားရောက်တိုင်ကြားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ယာဉ်စီးခပိုမိုကောက်ခံတဲ့ မြို့တွင်းယာဉ်လိုင်းတွေကိုလည်း ငွေဒဏ် သုံးသောင်းနဲ့ ပြေးဆွဲခွင့် တစ်လရပ်ဆိုင်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က အဲဒီလိုလက်မှတ်ဈေးနှုန်း ပိုရောင်းတာကို တိုင်ကြားမှု ၁၄ မှုရှိခဲ့တယ်လို့ သိရပါတယ်။

သင်္ကြန်ကာလဟာ ခရီးသွားလာမှု အများဆုံးအချိန်ဖြစ်တာကြောင့် မှောင်ခိုလက်မှတ်သဘောမျိုး ရောင်းချနေကြပြီး ခရီးသည်တွေဟာ ဈေးကြီးပေးသွားလာနေရတာဖြစ်ပါတယ်။

RFA Burmese