Friday, April 10, 2015

ဒေါ်အောင်ဆန်းစုကြည်၏ ဆက်ဆံမှု ကရင်ခေါင်းဆောင်များ စိတ်မကောင်းဖြစ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ဖထီး (မူတူးဆေးဖော) လာချိန်မှာ အပြင်မှာအချိန်
အတော်ကြာ စောင့်ခဲ့ရတယ်ဆိုလို့ အရမ်းစိတ်မကောင်းဖြစ်မိတယ်။ တွေ့ကြတော့လည်း နိုင်ငံခြား
က ခေါင်းဆောင်တွေကို တွေ့သလိုမျိုး ဒေါ်စုဖက်က ဟက်ဟက်ပက်ပက် မရှိပြန်ဘူး။ အပြင်ထွက်ကြိုတာလည်း မတွေ့ရဘူး။ ဖထီးက အသက် ၈၀ ကျော်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ထက် ၁၀ နှစ်ကျော် အသက်ပိုကြီးပါတယ်။ ဖထီးက ဒေါ်စုလောက်ပညာမတတ်ဘူးဆိုတာ မှန်ပါတယ်၊ ဒေါ်စုလို နိုင်ငံခြားတွေမှာ မနေခဲ့ဖူးဘူးဆိုတာ မှန်ပါတယ်၊ 
ဒါပေမယ့် ဒီလောက်ထိ မတူသလို မတန်သလို ဆက်ဆံဖို့မလိုပါဘူး။

ဒေါ်စုဟာ သမ္မတ မဖြစ်သေးပါဘူး။ သမ္မတများ ဖြစ်လိုက်ရင် ဘယ်လို ဆက်ဆံ ခံရမလဲ ဆိုပြီး ပြောကြာပါတယ်။ ကရင်တိုင်းရင်းသားတွေ အစိုးရနဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းတဲ့နေရာမှာ အဆင်ပြေနေတာကိုလည်း မနာလို မရှုစိမ့် ဖြစ်နေပုံ ရပါတယ်။ 

နိုင်ငံခြားသားတွေလာတိုင်း ကားနားအထိ ဒေါ်စုကပြေးပြီးကြိုတာတွေ၊ ဖက်နမ်းတာတွေ တွေ့ဖူး ပါတယ်။ ဖထီးကို အဲလိုလုပ်ဖို့မဆိုလိုပါဘူး။ အသက်အရွယ်ကြီးသူမို့ လေးလေးစားစား ထွက်ကြိုစေချင်တာပါ။
ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာသိခေါင်းဆောင်တစ်ယောက်ကို မိကျောင်းမင်းရေကင်းပြတာတော့ မဟုတ်ပါဘူး။ နိုင်ငံ့ခေါင်းဆောင်လုပ်ချင်သူအတွက် ပြည်ပက နိုင်ငံခြားသားခေါင်းဆောင်တွေရဲ့ ထောက်ခံ
မှုရဖို့ထက် ပြည်တွင်းက တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ထောက်ခံမှုရဖို့က ပိုပြီးအရေးကြီးတယ်
ဆိုတာ ဒေါ်အောင်ဆန်းစုကြည်သိစေချင်ပါတယ်။ 

တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ များများတွေ့ဆုံပါ။ တိုင်းပြည် ကောင်းစားဖို့အတွက် ဘယ်လိုရှေ့ဆက်လုပ်ဆောင်ရမယ်ဆိုတဲ့ အဖြေကိုရရှိလာပါလိမ့်မယ်။ အင်္ဂလိပ်စာ မတတ်တဲ့ အစွန်အဖျားက တိုင်းရင်းသားတွေကို အထင်မသေးပါနဲ့။ ဖထီးကိုမှမဟုတ်ပါဘူး။ တခြား ဘယ်တိုင်းရင်းသားခေါင်းဆောင်ကိုမှ အထင်မသေးပါနဲ့။ မတူသလိုမတန်သလို မဆက်ဆံပါနဲ့။ တိုင်းရင်းသား ခေါင်းဆောင်တွေကို မတူသလိုမတန်သလို ဆက်ဆံနေသမျှ ကာလပတ်လုံး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အောင်မြင်မှာမဟုတ်ဘူးလို့
ပြောလိုက်ပါရစေ။

ကနေ့ပဲ မင်းဇင်ရဲ့ စကား တွေ့လိုက်ပါတယ်။ “ဒေါ်စုဟာ ငြိမ်းမလိုတဲ့ ဘုရားမျိုး ထင်နေပုံရတယ်” ဆိုတဲ့ သဘောပါ။ တိုင်းရင်းသားတွေ၊ ကျန်တဲ့နိုင်ငံရေး အင်အားစုတွေကပဲ သူ့ကို မှီခိုရမယ်၊ သူကတော့ ဒီအဖွဲ့တွေ ကြိုက်တာ မကြိုက်တာ၊ ထောက်ခံတာ မထောက်ခံတာ အရေးမစိုက်ဘူး ပေါ့။ 

နိုင်ငံခြားသားကိုမှ အထင်တကြီး ရှိနေမယ် ဆိုရင် ဒီနိုင်ငံမှာ မနေတော့နဲ့။ တစ်ခုတော့ ပြောလိုက်မယ်။ တိုင်းရင်းသားခေါင်းဆောင်တွေကို မတူသလို မတန်သလို ဆက်ဆံရင် တိုင်းရင်းသားတွေကလည်း မတူသလို မတန်သလို ပြန်ပြီးတော့ ဆက်ဆံမယ် ဆိုတာပါပဲ။ 

(စောထီးဝါး)

No comments: