Saturday, April 11, 2015

ဒေါက်တာအေးမောင်ရဲ့ ၆ ပွင့်ဆိုင် အတွေ့အကြုံ

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲမှာ တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် တက်ရောက်တဲ့ ဒေါက်တာအေးမောင်။ 
 မနေ့သောကြာနေ့က ကျင်းပခဲ့တဲ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ အခြေခံ သဘောထားတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ် လို့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ မှာ ပါဝင်တဲ့ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။ သင်္ကြန်ကာလပြီး ကျင်းပမယ့် ဆွေးနွေးပွဲမှာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် အဓိက ပြင်သင့်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ အချက်တွေကို ဆွေးနွေး ညှိနှိုင်းဖို့ရှိတယ်လို့လည်း ပြောပါတယ်။ အခုဆွေးနွေးပွဲဟာ အောင်မြင်သော ဆွေးနွေးပွဲဖြစ်တယ်လို့လည်း ဆိုပါတယ်။ မအင်ကြင်းနိုင်က ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင်။    ။ အဲ့တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ အပိုင်းကပေါ့နော် ဘယ်လောက် အတိုင်းအတာ အထိ ပြင်ဆင်နိုင်မယ် လို့ ဒေါက်တာအေးမောင် အနေနဲ့ သုံးသပ်ပါလဲရှင့်။

ဒေါက်တာအေးမောင်။    ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုတဲ့ ကဏ္ဍကို ချဉ်းကပ်တဲ့အခါမှာ ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ် တရားမျှတပြီးမှ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေး ကို အဓိက မဏ္ဍိုင် ထားပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒုတိယ သက်တမ်း ဒီမိုကရေစီ အပြောင်းအလဲဟာ ပထမ အပြောင်းအလဲ ကာလထက် အင်မတန် အရေးကြီးတယ် ဆိုတာကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးရော ဒေါ်အောင်ဆန်းစုကြည်ရော သဘောတူညီစွာ တင်ပြခဲ့ကြပါတယ်။ အဲ့တာကြောင့် ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင် လွတ်လပ်ပြီးမှ တရားမျှတစွာ ကျင်းပနိုင်ဖို့ အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ တချို့ ကို လက်ရှိအခြေအနေ အရ ပြုပြင်ပြောင်းလဲနိုင်မှသာ အဲ့ဒီ့ဘက် လမ်းကြောင်းပေါ်ကို ရောက်နိုင်မယ်ဆိုရင် ကျနော်တို့ ဖွဲ့စည်းပုံပါ အချို့ပုဒ်မ များကို ပြောင်းလဲပေးရမှာဖြစ်တယ်ဆိုတဲ့ သဘော သက်ဝင်လာပါတယ်။ ကြားမှာ လက်ရှိဖြစ်တည်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တချို့ ပြင်သင့်ပြင်ထိုက်တဲ့ ပုဒ်မများကို ချဉ်းကပ်ပုံက ကျနော်တို့ရဲ့ ခြောက်- ခြမ်းပေါ့နော်။ အခုကာလမှာ ပြင်မှ ရမယ်ဆိုတဲ့ ပုဒ်မများကို မိမိတို့ ဘက်ခြမ်း အလိုက် တင်ပြပြီးမှ အပေးအယူလေးနဲ့ ဘာကြောင့်ပြင်သင့်တယ် တင်ပြဆွေးနွေးပုံကာလဟာ လာမယ့် ဆွေးနွေးပွဲ ဖြစ်ပါတယ်။ အဲ့လောက်အထိ ကျနော်တို့ သဘောတူညီရနိုင်ခဲ့ပါတယ်။"

တရုတ်နိုင်ငံမှ အရာရှိပေါင်း ၁.၅ မီလီယံ ပုဂ္ဂလိက ပိုင်ဆိုင်မှုများကို တင်ပြ

တရုတ်နိုင်ငံမှ အစိုးရ အရာရှိများ လာဘ်စားမှုအပေါ် သရော်ထားသည့် ကာတွန်း (ဆင်ဟွာ
ပေကျင်း ၊ မတ် ၂၄ ရက် (ဆင်ဟွာ) 
၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံမှ အရာရှိပေါင်း ၁.၅ မီလီယံသည် ၄င်းတို့၏ ပုဂ္ဂလိက ပိုင်ဆိုင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို တရုတ်ကွန်မြူနစ် ပါတီ (CPC) သို့အစီရင်ခံ တင်ပြခဲ့ကြောင်း သိရသည်။ 
ယခုနှစ်တွင် ၄င်းအစီရင်ခံ တင်ပြချက်များကို ပိုမို စိစစ်သွားမည်ဖြစ်ကြောင်း ပြည်သူ့နေ့စဉ် သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။ ရာထူးတိုးမြှင့်ခံရသော သို့မဟုတ် အရေးကြီးသည့် ရာထူးနေရာအတွက် ခန့်အပ်ခြင်းခံရသော အရာရှိများသည်လည်း ၄င်းတို့၏ ပုဂ္ဂိုလ်ရေးရာ အစီရင်ခံစာများကို အသေးစိတ် စစ်ဆေးခံရမည် ဖြစ်ပြီး ဖော်ပြချက်အမှားများနှင့် ထိမ်ချန်ထားခြင်း များရှိပါက ရှင်းလင်း တင်ပြကြရမည် ဖြစ်သည်။ အကယ်၍ ရည်ရွယ်ချက်ရှိရှိဖြင့် အရေးကြီးသည့် အချက်များ ဖုံးကွယ်ထားပါက ရာထူးနေရာအသစ် အတွက် ခန့်အပ်ခံရခြင်းမှ ပယ်ဖျက်ခံရမည် ဖြစ်သည်။ 
၂၀၁၀ ခုနှစ်မှ စတင်ကာ ပြည်နယ် အဆင့်နှင့်အထက် အရာရှိများသည် ၄င်းတို့၏ ထိမ်းမြားလက်ထပ်ခြင်း၊ ခရီးသွားခြင်း၊ ဝင်ငွေ၊ ပိုင်ဆိုင်မှု၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ၄င်းတို့အိမ်ထောင်ဖက်နှင့် သားသမီးများ၏ အလုပ်အကိုင် အစရှိသည့် အချက်အလက်များ အပါအဝင် ကဏ္ဍ (၁၄) ခု၌ အကျုံးဝင်သော ပုဂ္ဂိုလ်ရေးရာ အချက်အလက်များကို မဖြစ်မနေ တင်ပြကြရကြောင်း သိရသည်။ 

''နယူးစိန်ဌေးလှိုင်''ခရီးသည်တင်ယာဉ် တိုးဂိတ်အား ၀င်တိုက်


 တိုးဂိတ်တွင် ဂိတ်ကြေး ကောက်ခံသည့် မှန်လုံခန်းအား ယာဉ်ဘေးရှိ ပွင့်နေသော ပစ္စည်းသိုလှောင်ခန်း တံခါးဖြင့် ဝင်ရောက်တိုက်မိ

နေပြည်တော်၊ ဧပြီ ၁ဝ

၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ နံနက် ၄ နာရီခွဲအချိန် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂ဝ၁/၆)၊ နေပြည်တော်တိုးဂိတ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပလွေးအမြန်လမ်းမကြီး ရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ရန်ကုန်မှ မန္တလေးသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နေ ဦးဝင်းကိုကို(၅၂)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက်ဖြစ်သူ ရေဦးမြို့နယ်၊ တင်းတိမ်ယံကျေးရွာနေ အောင်မျိုးထက်(၁၉)နှစ် လိုက်ပါလာသည့် 9D/xxxx ''နယူးစိန်ဌေးလှိုင်''ခရီးသည်တင်မှန်လုံယာဉ်သည် ဂိတ်ကြေးပေးဆောင်ရန် တိုးဂိတ်သို့ ဖြတ်သန်း ဝင်ရောက်စဉ် ယာဉ်၏ယာဘက်ဘေးရှိပွင့်နေသည့် ပစ္စည်းသိုလှောင်ခန်းတံခါးဖြင့် ဂိတ်ကြေးကောက်ခံသည့် မှန်လုံခန်းအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိုက်မိမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ မှန်လုံခန်းတစ်ခန်း၊ မှန်လုံခန်းအတွင်းရှိ ကွန်ပျူတာတစ်စုံ၊ CCTV တစ်လုံး၊ လေအေးပေးစက် တစ်စုံတို့ ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ယာဉ်မောင်း ဦးဝင်းကိုကိုနှင့် ပစ္စည်းသိုလှောင်ခန်းအား စနစ်တကျ မပိတ်သူ အောင်မျိုးထက်တို့အား ပလွေးအမြန်လမ်းမကြီးရဲစခန်းယာဉ်(ပ)၅/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မလေးရှား အကြည်ညိုပျက်စေမှု ဥပဒေ ပြစ်ဒဏ် ထပ်တိုး

ဒီဥပဒေဟာ နိုင်ငံ တည်ငြိမ်ရေး အတွက် ဖြစ်တယ်လို့ ဝန်ကြီးချုပ် နာဂျစ်က ပြော။ 
 မလေးရှား နိုင်ငံမှာ အငြင်းပွားဖွယ်ရာ နိုင်ငံတော် အကြည်ညို ပျက်စေမှု ဥပဒေကို ပိုမို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေနဲ့ လွှတ်တော်က ပြင်ဆင်ချက် ထည့်သွင်းလိုက်ပါတယ်။

အခုလို ပြင်ဆင် ထည့်သွင်းချက်တွေ အရ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ ထောင် အနှစ် ၂ဝ လောက်ထိ ပြစ်ဒဏ်တွေ ချလို့ရပါတယ်။

ကိုလိုနီခေတ် ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ အဲဒီ နိုင်ငံတော် အကြည်ညို ပျက်စေမှု ဥပဒေကို အတိုက်အခံ လှုပ်ရှားသူတွေကို ဖိနှိပ်ဖို့အတွက် သုံးနေတာ ဖြစ်တယ်လို့ အတိုက်အခံတွေဘက်က ပြောပါတယ်။

မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက်ကတော့ နိုင်ငံ တည်ငြိမ် အေးချမ်းရေးအတွက် ထိန်းထိန်း သိမ်းသိမ်း ရှိဖို့ လိုတယ်လို့ ပြောပါတယ်။

ကုလ သမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးကတော့ အစကတည်းက မကောင်းတဲ့ ဥပဒေဟာ အခုလို ပြင်ဆင်ချက်တွေကြောင့် ပိုဆိုးသွားပြီလို့ ပြောပါတယ်။

အချိန် အကန့်အသတ် မရှိ ချုပ်နှောင်နိုင်တဲ့ အကြမ်းဖက်မှု တားဆီးရေး ဥပဒေကို မလေးရှား လွှတ်တော်က အတည်ပြုပြီး ရက်ပိုင်းအတွင်းမှာ ဒီဥပဒေကို ပြင်ဆင်ချက်တွေ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

BBC Burmese

သတင်းမှားယွင်းဖော်ပြမှု ကျပ်သိန်း ၆ဝဝဝ နစ်နာကြေးတောင်း

ရွှေစကြ်ာ Express နှင့် မန်းရာဇာ Express ယာဉ်မတော် တဆမှု ဖြစ်ပွားစဉ်။ ဓါတ်ပုံ - ရဲဇာနည်
ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က နေပြည်တော် အမြန်လမ်းမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုသတင်းကို ဒီမိုကရေစီတူဒေး သတင်းစာမှာ ယာဉ်လိုင်းနာမည် မှားယွင်းဖော်ပြခဲ့တဲ့အတွက် နစ်နာကြေးအဖြစ် ကျပ်သိန်းပေါင်း ခြောက်ထောင် လျော်ကြေးပေးဖို့ မှားယွင်းဖေါ်ပြခံရတဲ့ ရွှေစင်စင်္ကြာယာဉ်လိုင်းက တောင်းဆို လိုက်ပါတယ်။

ဧပြီ ၇ ရက်နေ့ထုတ် ဒီမိုကရေစီတူဒေးသတင်းစာမှာ မှားယွင်းဖော်ပြခဲ့တဲ့အတွက် ယာဉ်လိုင်းမှာ နစ်နာမှုတွေရှိခဲ့ တာကြောင့် နစ်နာကြေးတောင်းတာဖြစ်တယ်လို့ ရွှေစင်စင်္ကြာယာဉ်လိုင်းရဲ့ အကျိုးဆောင်ရှေ့နေ ဦးနေလက ပြော ပါတယ်။

"ဒီမိုကရေစီတူဒေးကဗျ သူ့သတင်းစာမှာပါတာက ရွှေစင်စင်္ကြာရဲ့ ယာဉ်တိုက်မှုသတင်းဆိုပြီးတော့ ၇ ရက်နေ့က ဖေါ်ပြပါတယ်၊ အဲ့ဒီတော့ ကျနော်တို့က ၁ ရက်နေ့မှာ MNTV နဲ့ ပတ်သက်ပြီး သတင်းစာကြေညာချက်ပါတာပဲ၊ ဒါဆိုလို့ရှိရင် ဘယ်လိုမဆို မီဒီယာလောကမှာနေတဲ့လူတွေအားလုံးဟာ ဒီလောက်ကတော့ သူတို့ရဲ့အမှားကိုသိလောက်ပြီလို့ထင်ပါတယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့က ၉ ရက်နေ့ထုတ်တဲ့ ဒီမိုကရေစီတူဒေးသတင်းစာကို စောင့်ကြည့်ပါတယ် အမှားပြင်ဆင်ချက်မပါပါဘူး၊ ဒါကြောင့်မို့လို့ ကျနော်တို့ဘက်ကနေပြီးတော့ ၉ ရက်နေ့မှာတိုက်ရိုက် ဒီမိုကရေစီတူဒေး သတင်းစာ တိုက်ကို နစ်နာကြေးတောင်းခံတဲ့ စာပို့ပါတယ်၊ နစ်နာကြေးတောင်းခံတဲ့ ငွေကြေးပမာဏက သိန်း ၆ဝဝဝ ဖြစ်ပါတယ်"

သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသား ၁၅ဝ ကျော်ကို ရုံးထုတ်စစ်ဆေး


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဒီနှစ် ဇန်နဝါရီလ ဆန်းပိုင်းက စက်ယန္တရားတွေနဲ့ သစ်ခိုးထုတ်ခဲ့တဲ့ တရုတ်နိုင်ငံသား ၁၅ဝ ကျော်ကို မြစ်ကြီးနားခရိုင် တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

အဲ့ဒီ တရုတ်နိုင်ငံသားတွေကို အမှု ၃ ခုနဲ့ စွဲဆိုထား တာဖြစ်ပြီး ခရိုင်တရားရုံးမှာ အများနဲ့သက်ဆိုင်သော ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ အ.ပ.က ၃ အတွက် ဒီနေ့ စစ်ဆေးတာဖြစ်တယ်လို့ ကချင်ပြည်နယ် ရဲမှူးကြီး စန်းယုက RFA ကို ပြောပါ တယ်။

"သူတို့မှာပစ်ဒဏ်က အကြမ်းမျဉ်း ၃ မျိုးလို့ပြောလို့ ရမယ်၊ တစ်ခုကတော့ လ.ဝ.က ပေါ၊့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပတ်သက်တယ်၊ တစ်ခုကတော့ သစ်နဲ့ပတ်သက်တယ်၊ တစ်ခုကတော့ မူးယစ်ဆေး ဝါးနဲ့ပါမိတာကြောင့်မို့ မူးယစ်ဆေးဝါးနဲ့ လက်ဝယ်တွေ့ရှိသောသူများကတော့ မူယစ်ဆေးဝါးနဲ့ပတ်သက်မှာပေါ့၊ သစ်နဲ့ပတ်သက်တဲ့ဥစ္စာကတော့ ကျနော်တို့ ပထမ ၆ ကြိမ်ပေါ့၊ ပြည်ထဲရေးကနေပြီးတော့မှ ဒါဟာဥပဒေရဲ့အကြံပြုချက်အရ တင်ပြတဲ့အခါမှာ ဒါအဲ့ဒါဆိုရင် အ.ပ.က ၃ နဲ့ချမယ်၊ ပြည်ထဲရေးကနေပြီးတော့မှ အ.ပ.က ၃ နဲ့ ချပေး တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က အ.ပ.က ၃ နဲ့သွားမယ်၊ ကျနော်တို့ ပြည်ထဲရေးကနေပြီးတော့မှ တရားစွဲတင်နိုင်အောင်၊ အမှုကို ခိုင်မာစွာတည်ဆောင်နိုင်အောင် ဒါပဲ ကျနော်တို့ လမ်းညွှန်မှု ညွှန်ကြား မှုရှိနိုင်မှာပါ"

အဲ့ဒီတရုတ်နိုင်ငံသားတွေကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃ (၁) နဲ့ မနေ့က ရုံးထုတ်စစ်ဆေးခဲ့တယ် လို့လည်း သိရပါတယ်။

ဒီနှစ်ဆန်းပိုင်းက ဝိုင်းမော်မြို့နယ် ဝါးရှောင်၊ မန်ဝိန်း၊ ဆဒုံး စတဲ့ ဒေသက တောတောင်တွေမှာ တရားမဝင်သစ်ခိုး ထုတ်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၁၅ဝ ကျော်ကို အစိုးရ တပ်မတော် စစ်ကြောင်းက မူးယစ်ဆေးဝါးအပါ အဝင် ယာဉ်စက်ယန္တရားတွေနဲ့ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ တရုတ်နိုင်ငံသား သစ်ခိုးထုတ်သမားတွေကို မြစ်ကြီးနားအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ထားပါတယ်။

RFA Burmese

ကိုးကန့်တိုက်ပွဲ နှစ်ဖက် အထိအခိုက်များ

ကိုးကန့်တပ်ဖွဲ့ဝင်များ။
 ကိုးကန့်ဒေသအတွင်း တိုက်ပွဲတွေဟာ ဒီရက်ပိုင်း အတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့ရာ က ဒီကနေ့မှာလည်း ဆက်လက် ဖြစ်ပွားနေခဲ့ပါတယ်။ လက်ရှိ တိုက်ပွဲတွေမှာ အစိုးရတပ်ဖက်က သံချပ် တိုက်ယာဉ်တွေနဲ့ပါ ပူးပေါင်း စစ်ဆင်နေပြီး ဒီကနေ့ တိုက်ပွဲမှာတော့ ကိုးကန့်တပ်ဖွဲ့ဖက်က သံချပ်ကာ တိုက်ယာဉ် ၂စင်းကို ဖျက်ဆီးခဲ့ တယ်လို့ ပြောပါတယ်။ အစိုးရဖက်က ထုတ်ပြန်ချက်မှာတော့ ကိုးကန့်တပ်ဖွဲ့ရဲ့ စစ်ဗျူဟာ အရ အရေးပါတဲ့ နေရာအများစုကို သိမ်းယူထားကြောင်း သတင်း ထုတ်ပြန်ပါတယ်။ ကိုးကန့်ဒေသက နောက်ဆုံးရ တိုက်ပွဲသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၉ရက်နေ့က စတင်ခဲ့တဲ့ ကိုးကန့်ဒေသတိုက်ပွဲတွေဟာ ၂လ တင်းတင်းပြည့်ချိန်မှာ အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဟာ လောက်ကိုင်နဲ့ ချင်းရွှေဟော်အကြားက ပါစင်ကျော်ရွာအနီး အနားဒေသတွေမှာ ဖြစ်ပွားနေပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေနဲ့ပတ်သက်ပြီး ဒီကနေ့ အစိုးရ သတင်းစာတွေမှာ တပ်မတော်စစ်ကြောင်းတွေဟာ ပါစင်ကျော်ကျေးရွာအရှေ့ဖက် ကိုးကန့်သောင်းကျန်သူတွေ့ရဲ့ စစ်ဗျူဟာအရ အရေးပါတဲ့ ခံစစ်စခန်း ရှိရာ ပွိုင့် ၁၈၄၅ကို ဧပြီလ ၈ရက်နေ့က သိမ်းယူနိုင်ခဲ့ကြောင်း၊ တဆက်တည်းမှာပဲ ပါစင်ကျော်ရွာနဲ့ နယ်စပ်မှတ်တိုင် ၁၃၇သွားကားလမ်းဒေသက အရေးပါတဲ့ ကိုးကန့်တပ်စခန်းတွေကို ထိန်းချုပ်ထားခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

Friday, April 10, 2015

ဒေါ်အောင်ဆန်းစုကြည်၏ ဆက်ဆံမှု ကရင်ခေါင်းဆောင်များ စိတ်မကောင်းဖြစ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ဖထီး (မူတူးဆေးဖော) လာချိန်မှာ အပြင်မှာအချိန်
အတော်ကြာ စောင့်ခဲ့ရတယ်ဆိုလို့ အရမ်းစိတ်မကောင်းဖြစ်မိတယ်။ တွေ့ကြတော့လည်း နိုင်ငံခြား
က ခေါင်းဆောင်တွေကို တွေ့သလိုမျိုး ဒေါ်စုဖက်က ဟက်ဟက်ပက်ပက် မရှိပြန်ဘူး။ အပြင်ထွက်ကြိုတာလည်း မတွေ့ရဘူး။ ဖထီးက အသက် ၈၀ ကျော်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ထက် ၁၀ နှစ်ကျော် အသက်ပိုကြီးပါတယ်။ ဖထီးက ဒေါ်စုလောက်ပညာမတတ်ဘူးဆိုတာ မှန်ပါတယ်၊ ဒေါ်စုလို နိုင်ငံခြားတွေမှာ မနေခဲ့ဖူးဘူးဆိုတာ မှန်ပါတယ်၊ 
ဒါပေမယ့် ဒီလောက်ထိ မတူသလို မတန်သလို ဆက်ဆံဖို့မလိုပါဘူး။

ဒေါ်စုဟာ သမ္မတ မဖြစ်သေးပါဘူး။ သမ္မတများ ဖြစ်လိုက်ရင် ဘယ်လို ဆက်ဆံ ခံရမလဲ ဆိုပြီး ပြောကြာပါတယ်။ ကရင်တိုင်းရင်းသားတွေ အစိုးရနဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းတဲ့နေရာမှာ အဆင်ပြေနေတာကိုလည်း မနာလို မရှုစိမ့် ဖြစ်နေပုံ ရပါတယ်။ 

နိုင်ငံခြားသားတွေလာတိုင်း ကားနားအထိ ဒေါ်စုကပြေးပြီးကြိုတာတွေ၊ ဖက်နမ်းတာတွေ တွေ့ဖူး ပါတယ်။ ဖထီးကို အဲလိုလုပ်ဖို့မဆိုလိုပါဘူး။ အသက်အရွယ်ကြီးသူမို့ လေးလေးစားစား ထွက်ကြိုစေချင်တာပါ။
ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာသိခေါင်းဆောင်တစ်ယောက်ကို မိကျောင်းမင်းရေကင်းပြတာတော့ မဟုတ်ပါဘူး။ နိုင်ငံ့ခေါင်းဆောင်လုပ်ချင်သူအတွက် ပြည်ပက နိုင်ငံခြားသားခေါင်းဆောင်တွေရဲ့ ထောက်ခံ
မှုရဖို့ထက် ပြည်တွင်းက တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ထောက်ခံမှုရဖို့က ပိုပြီးအရေးကြီးတယ်
ဆိုတာ ဒေါ်အောင်ဆန်းစုကြည်သိစေချင်ပါတယ်။ 

တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ များများတွေ့ဆုံပါ။ တိုင်းပြည် ကောင်းစားဖို့အတွက် ဘယ်လိုရှေ့ဆက်လုပ်ဆောင်ရမယ်ဆိုတဲ့ အဖြေကိုရရှိလာပါလိမ့်မယ်။ အင်္ဂလိပ်စာ မတတ်တဲ့ အစွန်အဖျားက တိုင်းရင်းသားတွေကို အထင်မသေးပါနဲ့။ ဖထီးကိုမှမဟုတ်ပါဘူး။ တခြား ဘယ်တိုင်းရင်းသားခေါင်းဆောင်ကိုမှ အထင်မသေးပါနဲ့။ မတူသလိုမတန်သလို မဆက်ဆံပါနဲ့။ တိုင်းရင်းသား ခေါင်းဆောင်တွေကို မတူသလိုမတန်သလို ဆက်ဆံနေသမျှ ကာလပတ်လုံး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အောင်မြင်မှာမဟုတ်ဘူးလို့
ပြောလိုက်ပါရစေ။

အင်းလေးကန်ကြီး ထာဝရ တည်တံ့နေပါစေ

ဓာတ်ပုံ ။ ။ မန္တလေးမှ ဓာတ်ပုံဆရာ ကိုရွှေသွေး (ဘောဂဗလ) ရိုက်ကူးပါသည်။

ပြီးခဲ့တဲ့ရက်ပိုင်းက အင်းလေးကန်ပုံတွေ တက်လာတာ တွေ့ရပါတယ်.. ၂၀၁၀ တုံးက ပုံဟောင်းတွေဖြစ်ပြီး အလဲဗင်းဂျာနယ်က သတင်းပုံများပါ.. ပုံတွေက ကင်မရာဆရာ ဖန်တီးရိုက်ကူးထားပြီး အဖြစ်မှန်နဲ့ကွဲ
ပါတယ်.. ဖောင်တော်ဦးစေတီအနား ကျွန်းမျောပေါ်ကနေ ကင်မရာကို တင်ရိုက်ထားပြီး
ရေများလုံးဝခန်းခြောက်သယောင် ထင်စေရပါတယ်..


ကျွန်တော် ၂၀၁၃ တုန်းက ရောက်သွားတော့ အချို့နေရာတွေမှာ တကယ်ပဲ နုံးမြေများတင်ကျန်ပြီး
ရေမဝပ်နိုင်တော့တာကို တွေ့ခဲ့ရပါတယ်.. အမှန်တကယ်တော့ ကျွန်တော်တို့ တွေ့မြင်နေရတဲ့ အင်းလေးကန်ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကန်ကြီးရဲ့ လေးပုံတစ်ပုံပဲ ကျန်တော့တဲ့ သဘာဝတောင်ပေါ်ရေအိုင်ကြီးပါ.. တချိန်မှာ တဖြေးဖြေးကောပြီး ကွယ်သွားနိုင်ပါတယ်..

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု့ .. ရေဝေရေလဲ သစ်တောဧရိယာ ကျဉ်းမြှောင်းလာမှု့ .. အပူချိန်မြင့်မားလာမှု့ တို့ကြောင့် အချိန်မတိုင်ခင် ပျောက်ကွယ်မသွားဖို့သာ အရေးကြီးပါတယ်.. သိပ်တန်ဘိုးကြီးမားတဲ့ သမိုင်းသုတေသီအချက်အလက်များလဲ ရှိနေပါတယ်.. အစောဆုံး မြန်မာလူမျိုးစုကြီး အစပြုရာ နေရာဖြစ်နေလို့ပါ.. ဆရာကြီး ဒေါက်တာသန်းထွန်း သုတေသနပြု ဖော်ထုတ်သွားတာတွေ ရှိပေမဲ့ အစပဲ ရှိပါသေးတယ်..

သမိုင်းအမွေကြီးမားနေတဲ့ အင်းလေးကန်ကြီးအကြောင်း ပို့စ်အဟောင်းကို မဖတ်ရသူများ
အတွက် ပြန်တင်ပါတယ်..

ဟိုအရင် တစ်ချိန်တုံးဆီက...
အင်းလေးကန် ရေပြင်ကျယ်ကြီးထက်...

ဦးမြင့် နဲ့ နေထွန်းနိုင်


၁ ပူးက ဆောင်းပါးရှင် နေထွန်းနိုင် ရေးထားတဲ့ မြန်မာ့စီးပွားရေး ပြိုလဲသွားနိုင်သလား ဆောင်းပါးမှာ ဦးမြင့်ကို ဘိုင်နိမ်းတတ်ပြီး ရေးထားတာ တွေ့ရတယ်……… အဲ့ဒါက “သမ္မတရဲ့ စီးပွားရေး အကြံပေးအဖွဲ့မှာ ဦးမြင့်၊ ဒေါက်တာအောင်ထွန်းသက်၊ ဒေါက်တာဇော်ဦးတို့ ပါဝင်ပါတယ်။ ဒီသုံးဦးထဲမှာ ဦးမြင့်ကိုယ်တိုင် တွေဝေသလို ဖြစ်နေပါတယ်။”

ဒီအတွက်ကြောင့် ဦးမြင့်က ပညာရှင်ဆန်ဆန် တစ်ချက်ခြင်းစီ တုံ့ပြန်သွားတာ တွေ့ရတယ်…….. ဒီအပေါ် ၁ ပူးက နေထွန်းနိုင် ဘယ်လိုတုံ့ပြန်မလဲ စောင့်ကြည့်ရင်း သူတုံ့ပြန်တာ ဖတ်လိုက်တာ အွန်လိုင်းမှာ စကားနိုင်လုသလို မနိုင်နိုင်မယ့်၊ လူမုန်းများစေမယ့် ခေါင်းစဉ်တစ်ခုကို အစ ပျိုးသွားတာ တွေ့ရတယ်………



အင်္ဂလိပ်ဘာသာစကား အသုံးအနှုံးကို ဖယ်ထားဦး၊ ဦးမြင့်မေးတဲ့ အချက်တွေကို ပြန်လည်တောင် တုံ့ပြန် ဖြေရှင်းခြင်း မပြုနိုင်ပဲ ဒီကိစ္စကို အစပြုစေတဲ့ ခေါင်းစဉ်နဲ့ မဆိုင်တဲ့ ပညာရေးကို ဆွဲယူသွားပြီး လိုသလို ပုံဖော် ရေးထားတာကို တွေ့ရတယ်……..

သူ့ရဲ့ စာ အစ မှာတင် ဦးမြင့်ကို ပုဂ္ဂိုလ်ရေးဆန်ဆန် ရေးတယ်လို့ ခပ်တည်တည်နဲ့ စွတ်စွဲထားခဲ့တယ်…….. ဒါပေမယ့် သူ့မူရင်း ဆောင်းပါးမှာ ဦးမြင့်ကို ဘိုင်နိမ်းနဲ့ တွယ်ထားတာကို မေ့နေပုံရတယ်…….. ဦးမြင့်ဘက်က ပညာရှင်ဆန်ဆန် တုံ့ပြန်တာကို နေထွန်းနိုင် ပြန်ရေးတဲ့ပုံစံက လမ်းဘေး စကားနိုင်လုသလို မဆိုင်တဲ့ ကိစ္စတွေပဲ ခေါင်းစဉ်တပ်ပြီး ရန်ပြန်တွေ့ထားသလို ဖြစ်နေတယ်……..

ဆရာကြီး ဦးမြင့်ကတော့ ဝိတ်တန်းအောက်ဆင်းပြီး လက်ဝှေ့ထိုးသလိုပဲ………. ၁ ပူးဘက်က နေထွန်းနိုင် တုံ့ပြန်တာတော့ မနိုင်နိုင်ရာ ဖက်ကိုက်တဲ့ပုံစံ ဖြစ်သွားတယ်……..

မပိုင်ပဲ ခေါင်တက် ဝေဖန်လို့ အဆော်ခံရချိန်မှ မနိုင်နိုင်ရာ လုပ်ချင်တဲ့ သဘောမျိုး ညစ်တွန်းတွန်းတာ တွေ့ရတယ်……… ဦးမြင့်နဲ့ အပြိုင်အဆိုင် တစ်ချက်ခြင်းစီ အပြန်အလှန် ဝေဖန်ကြရင်း လက်ရှိ ဖြစ်နေတဲ့ တိုင်းပြည်စီးပွားရေးအတွက် အဖြေတစ်ခုရမလား မျှော်လင့်တကြီး ဖတ်မိတာ မှားတာပဲ……..


Voice of James Mint