Saturday, April 11, 2015

တရုတ်နိုင်ငံမှ အရာရှိပေါင်း ၁.၅ မီလီယံ ပုဂ္ဂလိက ပိုင်ဆိုင်မှုများကို တင်ပြ

တရုတ်နိုင်ငံမှ အစိုးရ အရာရှိများ လာဘ်စားမှုအပေါ် သရော်ထားသည့် ကာတွန်း (ဆင်ဟွာ
ပေကျင်း ၊ မတ် ၂၄ ရက် (ဆင်ဟွာ) 
၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံမှ အရာရှိပေါင်း ၁.၅ မီလီယံသည် ၄င်းတို့၏ ပုဂ္ဂလိက ပိုင်ဆိုင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို တရုတ်ကွန်မြူနစ် ပါတီ (CPC) သို့အစီရင်ခံ တင်ပြခဲ့ကြောင်း သိရသည်။ 
ယခုနှစ်တွင် ၄င်းအစီရင်ခံ တင်ပြချက်များကို ပိုမို စိစစ်သွားမည်ဖြစ်ကြောင်း ပြည်သူ့နေ့စဉ် သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။ ရာထူးတိုးမြှင့်ခံရသော သို့မဟုတ် အရေးကြီးသည့် ရာထူးနေရာအတွက် ခန့်အပ်ခြင်းခံရသော အရာရှိများသည်လည်း ၄င်းတို့၏ ပုဂ္ဂိုလ်ရေးရာ အစီရင်ခံစာများကို အသေးစိတ် စစ်ဆေးခံရမည် ဖြစ်ပြီး ဖော်ပြချက်အမှားများနှင့် ထိမ်ချန်ထားခြင်း များရှိပါက ရှင်းလင်း တင်ပြကြရမည် ဖြစ်သည်။ အကယ်၍ ရည်ရွယ်ချက်ရှိရှိဖြင့် အရေးကြီးသည့် အချက်များ ဖုံးကွယ်ထားပါက ရာထူးနေရာအသစ် အတွက် ခန့်အပ်ခံရခြင်းမှ ပယ်ဖျက်ခံရမည် ဖြစ်သည်။ 
၂၀၁၀ ခုနှစ်မှ စတင်ကာ ပြည်နယ် အဆင့်နှင့်အထက် အရာရှိများသည် ၄င်းတို့၏ ထိမ်းမြားလက်ထပ်ခြင်း၊ ခရီးသွားခြင်း၊ ဝင်ငွေ၊ ပိုင်ဆိုင်မှု၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ၄င်းတို့အိမ်ထောင်ဖက်နှင့် သားသမီးများ၏ အလုပ်အကိုင် အစရှိသည့် အချက်အလက်များ အပါအဝင် ကဏ္ဍ (၁၄) ခု၌ အကျုံးဝင်သော ပုဂ္ဂိုလ်ရေးရာ အချက်အလက်များကို မဖြစ်မနေ တင်ပြကြရကြောင်း သိရသည်။ 

ကျဗန်းစစ်ဆေးမှုစနစ်ကို ယမန်နှစ်က စတင်ခဲ့ပြီး ပြည်နယ်အဆင့် စီရင်စု ဝန်ထမ်းများနှင့် ကိုယ်စားလှယ် ၁,၅၅၀ ဦးကို စစ်ဆေးခဲ့သည်။ ဒေသဆိုင်ရာ အစိုးရမှ စစ်ဆေးမှုများတွင် ပြည်နယ်အဆင့်နှင့် အထက်အရာရှိပေါင်း ၆၀,၀၀၀ ကျော်ကိုစစ်ဆေးခဲ့သည်။ 
ပြည်နယ်အဆင့်နှင့် အထက် အရာရှိ (၅) ဦးအပါအဝင် အရာရှိ ဒါဇင်ပေါင်းများစွာသည် ရာထူးတိုးမြှင့်ခြင်းမှ ပယ်ဖျက်ခြင်းခံခဲ့ရသည်။ စစ်ဆေးမှုအတွင်း အကျင့်ပြက်ခြစားခြင်းနှင့် လက်မခံနိုင်သော အပြုအမှုများ တွေ့ရှိပါက စည်းကမ်းထိန်းသိမ်းရေး အဖွဲ့သို့ လွှဲပြောင်း စစ်ဆေးခံရကြောင်း ပြည်သူ့နေ့စဉ် သတင်းစာတွင် ဖော်ပြထားသည်။ 
  တရုတ်ကွန်မြူနစ်ပါတီ အာဏာပိုင်မှလည်း မှန်ကန်မှု မရှိသည့်ဖော်ပြချက်များကို စွမ်းဆောင်ရည် အကဲဖြတ်ခြင်းနှင့် ရာထူးနေရာချထားခြင်း ကဲ့သို့သော ကိစ္စရပ်များတွင် အသုံးပြုသည့် အရာရှိများ၏ ကိုယ်ကျင့် သိက္ခာဆိုင်ရာ မှတ်တမ်းတွင် ထည့်သွင်းဖော်ပြရန် ထုတ်ပြန်ထားသည်။
 (Xinhua)

No comments: