Monday, March 3, 2014

“ ဖားကန့်- မိုးကောင်း ကားလမ်း ငွေရေးကြေးရေး အရှုတ်တော်ပုံ ”

OppositEyE

စည်သူအောင်မြင့်
မြန်မာတိုင်းမ် ဂျာနယ်၊ Bi မွန်းတည့်နေ ဂျာနယ်၊ ၃-၃-၁၄။

အခု ရက်ပိုင်း ထွက်ပေါ်ခဲ့တဲ့ သတင်းတွေထဲမှာ ထူးထူးခြားခြား တစ်ခုကတော့ ဖားကန့်မှာ တွေ့ရတယ် ဆိုတဲ့ ၃၇ တန် ကျောက်တုံးဟာ ကျောက်စိမ်းတုံး မဟုတ်ပဲ သာမန် ကျောက်တုံးကြီး တစ်တုံးပဲ ဖြစ်နေတယ် ဆိုတဲ့ သတင်းပါ။ ဒါပေမယ့် လတ်တလော ကျောက်မျက်လုပ်ငန်းရှင်တွေအကြား၊ ကချင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့အကြား ဖြစ်ပွားနေတဲ့ ဖားကန့်- မိုးကောင်း ကားလမ်းဖေါက်လုပ်ရေး ငွေရေးကြေးရေး အရှုတ်တော်ပုံ ဇတ်လမ်းတစ်ခုကတော့ လူတွေ သိပ်မသိကြပါဘူး။ ဒီ ဇတ်လမ်းထဲ အဓိက ပါဝင်ပါတ်သက်သူက ကချင်ပြည်နယ် ၀န်ကြီးချုပ်ဖြစ်ပြီး နောက်ပိုင်း သမ္မတ နဲ့ပါ ဆက်စပ်လာတာ တွေ့ရပါတယ်။ ဘယ်လို ငွေရေးကြေးရေး အရှုတ်တော်ပုံမျိုးလဲ၊ ဘာတွေ ဖြစ်ကြသလဲ၊ အာဏာ အလွဲသုံးမှုတွေ၊ အဂတိ လိုက်စားမှုတွေ ပါဝင်နေသလား၊ အခုနောက်ဆုံး ဘယ် အခြေအနေ ရှိနေသလဲ ဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ဇတ်လမ်းအစ
ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဒုသမ္မတ စိုင်းမောက်ခမ်း ကချင်ပြည်နယ်ဘက် ခရီးထွက်ပါတယ်။ အဲဒီမှာ ဒေသခံ ပြည်သူတွေက ဖားကန့်- မိုးကောင်း ကားလမ်းပျက်စီး နေတာကို ပြုပြင်ပေးဖို့ တင်ပြပါတယ်။ ဒုသမ္မတ ကတော့ ကောင်းပြီ၊ ဆောက်လုပ်ရေး ၀န်ကြီးဌာနနဲ့ သတ္တုတွင်း ၀န်ကြီးဌာန နှစ်ခု တာဝန်ယူပြီး လုပ်ပေးလိုက်ပါ ဆိုပြီး လမ်းညွှန်ချက်ပေးပါတယ်။ ဒါပေမယ့် နိုဝင်ဘာလ အရောက်မှာတော့ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းဟာ သမ္မတ ဦးသိန်းစိန်ကို ဒီ လမ်းပြင်ရေး ကိစ္စ၊ သူနဲ့ ကျောက်မျက် လုပ်ငန်းရှင်တွေ တာဝန်ယူ လုပ်ကိုင်ပါရစေ ဆိုပြီး တင်ပြပါတယ်။ သမ္မတ ကတော့ လုပ်ပါ၊ လုပ်ရင် ဘယ်လိုဖြစ်သင့်တယ် ဆိုပြီး လမ်းညွှန်မှု ပေးလိုက်တယ် လို့ သိရပါတယ်။ တကယ့်အဖြစ်မှန်ကတော့ ပြည်နယ်ဝန်ကြီးချုပ်ဟာ ကျောက်မျက်လုပ်ငန်းရှင်တွေနဲ့ လုံးဝ တိုင်ပင်ဆွေးနွေးမှု မရှိပဲ သမ္မတ ဆီ သွားတင်ပြခဲ့တာပါ။ ဇတ်လမ်းက အဲဒီမှာ စပါတော့တယ်။

လုပ်ကွက်တစ်ကွက် ကျပ် သိန်း ၁၀၀ ရာဇသံ
၂၀၁၃ ဒီဇင်ဘာ (၇) ရက်နေ့မှာတော့ ကချင်ပြည်နယ် ၀န်ကြီးချုပ်ဟာ မိုးကောင်း- ဖားကန့် ကားလမ်းအဆင့်မြှင့်ပြုပြင်ဖို့ ဆိုပြီး ကျောက်စိမ်း၊ ကျောက်မျက် လုပ်ငန်းရှင်တွေကို အစည်းအဝေးခေါ်ပါတယ်။ အစည်းအဝေးကို ကချင်ပြည်နယ် ၀န်ကြီးချုပ်၊ သတ္တုတွင်း ဒုဝန်ကြီးနဲ့ ဆောက်လုပ်ရေး ၀န်ကြီးဌာနက အရာရှိကြီးတွေ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့က တာဝန်ရှိသူတွေ တက်ကြပါတယ်။ လုပ်ငန်းရှင်တွေဘက်ကတော့ ကျောက်မျက်ကုမ္ပဏီ ငါးရာကျော်ရှိတဲ့အနက် အသင်းရုံးချုပ်က တာဝန်ရှိသူတစ်ချို့နဲ့ ကုမ္ပဏီ ၂၃ ခုက ကိုယ်စားလှယ်တွေပဲ တက်ခဲ့တာပါ။ အဲဒီမှာ အစိုးရဘက် တာဝန်ရှိသူတွေက မိုင် (၆၀) လောက်ရှည်တဲ့ မိုးကောင်း- ဖားကန့်လမ်း အဆင့်မြှင့်ပြုပြင်ဖို့ ကျောက်စိမ်း ကျောက်မျက် ကုမ္ပဏီတွေဘက်က ကိုယ်လုပ်နေတဲ့ လုပ်ကွက်အရည်အတွက်အလိုက် လုပ်ကွက်တစ်ကွက်ကို ကျပ်ငွေ သိန်း ၁၀၀ ထည့်ဝင်ဖို့ တောင်းဆိုပါတယ်။ လုပ်ကွက်များတဲ့ ကုမ္ပဏီတွေ များများထည့်ရမယ့် သဘောပါ။
အစိုးရဘက်က ဒီလို တောင်းခံလာတဲ့အခါ အစည်းအဝေး တက်လာတဲ့ လုပ်ငန်းရှင်နဲ့ ကိုယ်စားလှယ်တွေဘက်က စိတ်ရှုတ်ထွေးသွားကြပါတယ်။ အကြောင်းကတော့ အားလုံးသိကြတဲ့အတိုင်း အခုအချိန်ဟာ အစိုးရနဲ့ ကေအိုင်အေ တပ်ဖွဲ့တွေ အပစ်အခတ် ရပ်စဲ မထားနိုင်သေးလို့ အားလုံး လုပ်ငန်းရပ်နားထားတဲ့ အချိန်ဖြစ်နေလို့ပါပဲ။ လုပ်ငန်းရပ်ဆိုင်းထားတဲ့ ၂ နှစ်ကျော်ကာလ
အတွင်း ကေအိုင်အေ အဖွဲ့ရဲ့ယာဉ်ယန္တယားတွေ ဖျက်ဆီးခံရတာ၊ ဂိုဒေါင်တွေ မီးရှို့ခံရတာ၊ တူးဖော်ထားတဲ့ ကျောက်တွေ လုယက်ခံရတာ စတဲ့ ပြသနာတွေ ကြုံခဲ့ကြရတဲ့အပြင် လုပ်ငန်းသုံး ပစ္စည်းတွေ ထိန်းသိမ်းထားတဲ့စားရိတ် အပါအ၀င် အထွေထွေစားရိတ်တွေလည်း ကုန်ကျခံနေရလို့ ဖြစ်ပါတယ်။ ပြောရရင် ကျောက်မတူးရ၊ ၀င်ငွေမရ၊ ထွက်ငွေချည်းပဲ ရှိနေတဲ့အခြေအနေမျိုးမှာ အစိုးရက အတင်းအကြပ် ငွေကောက်မယ်လို့ ပြောလာလို့ဖြစ်ပါတယ်။
နောက်ပြသနာတစ်ခုက အစိုးရဘက်က လုပ်ကွက်တစ်ကွက် ကျပ် သိန်း ၁၀၀ သတ်မှတ်မှုပါ။ ကျောက်စိမ်း ကျောက်မျက်ကုမ္ပဏီတွေဟာ အစိုးရဆီက လုပ်ကွက်လေလံ ရယူတဲ့အခါ ကျောက်တူးဖို့ သက်သက် ရယူထားကြတာမျိုး မဟုတ်ပါဘူး။ မြေဇာသယ်ထုတ်ဖို့ လမ်းအတွက်၊ မြေဇာ ပုံဖို့ နေရာအတွက်၊ ယန္တယားထားဖို့နဲ့ ဂိုဒေါင်တွေအတွက် ပါ ရယူထားကြရတာမျိုးပါ။ ဒီအတွက် ဒီ ငွေတောင်းခံမှုဟာ များနေပါတယ်။ တွက်ကြည့်ရင် လုပ်ကွက် ဧကပေါင်း ၁၆၀၀၀ ကျော်ရှိတဲ့အတွက် ၀န်ကြီးချုပ်က ကျပ်ငွေ ဘီလျံပေါင်း ၁၆၀ လောက် ကောက်ခံလိုတဲ့ သဘော တွေ့ရပါတယ်။ အလွန်များနေပါတယ်။ ဒါကြောင့် အစည်းအဝေးမှာ လုပ်ကွက်တစ်ကွက် ငွေ သိန်း ၁၀၀ ကောက်ခံတာ သဘောတူပါသလားလို့ မေးတဲ့အခါ ဘယ်သူကမှ သဘောတူကြောင်း လက်ထောင်မပြခဲ့ပါဘူး။ ဒါပေမယ့်လည်း အစိုးရဘက်ကတော့ သူဖာသာသူ အားလုံး သဘောတူတယ်ဆိုပြီး လုပ်ကွက်တစ်ကွက် ကျပ် သိန်း ၁၀၀ သတ်မှတ်တယ်ဆိုတဲ့အကြောင်း၊ ပထမ အရစ် ကျပ်ငွေ ၃၃ သိန်းကို ဇန်န၀ါရီ ၁၅ ရက်မတိုင်ခင် ငွေစာရင်းအမှတ် CF-002561 ကို ပေးသွင်းဖို့ အတင်းအကြပ် သတ်မှတ်လိုက်ပါတော့တယ်။

လက်တွေ့
လက်တွေ့မှာတော့ ဘယ် ကျောက်မျက် ကုမ္ပဏီကမှ အဲဒီ ငွေစာရင်းထဲ လုပ်ကွက်တစ်ကွက် ကျပ် ၃၃ သိန်း မသွင်းကြပါဘူး။ ဒီလိုနဲ့ ပြသနာက ပြီးမသွားပါဘူး။ ဒီ ပြသနာအပေါ် တာဝန်ကျလာတဲ့ ဦးတေဇ ဦးဆောင်တဲ့ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းဟာ ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးတွေလုပ်၊ အသင်းသားစုံညီ အစည်းအဝေးတွေလုပ်၊ ကချင်ပြည်နယ် ၀န်ကြီးချုပ် နဲ့ သွားတွေ့ စသဖြင့် “ပြာ”သွားအောင် အမျိုးမျိုး လုပ်ကိုင်ကြရပါတော့တယ်။ အကြောင်းကတော့ ကိုယ့် လုပ်ပိုင်ခွင့်တွေ မဆုံးရှုံးသွားကြရအောင်ပါ။ ကိုယ့်စီးပွား ပျက်မသွားအောင်ပါ။ အဲဒီလိုနဲ့ ဇန်န၀ါရီ ၁၅ ရက်နောက်ပိုင်းအထိ ငွေထည့်ဝင်တာ မရှိတော့ ကချင်ပြည်နယ် ၀န်ကြီးချုပ်က ကျောက်မျက်လုပ်ငန်းရှင်
အသင်း တာဝန်ရှိသူတွေ သူ့ဆီ လာတွေ့ဖို့ ခေါ်ပါတယ်။ ကျောက်မျက်လုပ်ငန်းရှင် အသင်းကလည်း အစည်းအဝေး ကျင်းပပြီး အဲဒီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့မှာ ကချင်ပြည်နယ် ၀န်ကြီးချုပ်ကို သွားတွေ့ခဲ့ပါတယ်။

ဝန်ကြီးချုပ် ဘာလိုချင်သလဲ
တွေ့ဆုံပွဲမှာ ကျောက်မျက် လုပ်ငန်းရှင်တွေဘက်က ကျောက်လည်း မတူးရ အခက်အခဲတွေလည်း များနေလို့ လုပ်ကွက်တစ်ကွက် ကျပ်ငွေ သိန်း ၁၀၀ ထည့်ဝင်ဖို့ အခက်အခဲရှိနေတဲ့အကြောင်း၊ ဖြစ်နိုင်ရင် ဒီ လမ်းကို BOT စနစ်နဲ့ ဖေါက်စေလိုကြောင်း၊ ဒီလမ်းဟာ ကျောက်မျက် အပါအ၀င် စီးပွားရေး လုပ်ငန်းပေါင်းစုံ သုံးတဲ့အတွက် BOT စနစ်နဲ့ ဖေါက်မယ့်သူလည်း ရှိမှာ သေခြာကြောင်း၊ နောက်ဆုံး မဖြစ်နိုင်လို့ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းကို တာဝန်ပေးရင် အသင်းက ဖေါက်ပေးမယ့်အကြောင်း တင်ပြကြပါတယ်။ ၀န်ကြီးချုပ်က အားလုံးကို ပယ်ချပါတယ်။ လမ်းကို သူကိုယ်တိုင် နာယက လုပ် စီမံခန့်ခွဲပြီး တင်ဒါ စနစ်နဲ့ ဖေါက်ခိုင်းမယ်၊ ဒီ အတွက် ငွေပဲ ပေးပါ လို့ဆိုပါတယ်။

ဒီအခါ အသင်းဒုဥက္ကဌ တစ်ယောက်က လမ်းဖေါက်ဖို့ဆိုပြီး ခုလို ကျောက်မျက်လုပ်ငန်းရှင်တွေကို
ငွေကြေးသတ်မှတ် လုပ်ဆောင်တာ ဥပဒေနဲ့ ညီညွတ်မှု ရှိမရှိ၊ မူချပြီး လုပ်တာ ဟုတ်မဟုတ် မေးမြန်းတဲ့အခါ မူလည်း မရှိ၊ ဥပဒေလည်း မရှိပေမယ့် တကယ်လို့ လုပ်ငန်းရှင်တွေဘက်က ဒါကို ထောက်ပြပြောဆိုခဲ့ရင် သူ့ဘက်ကလည်း လုပ်လို့ရတာတွေ အများကြီးရှိတယ် ဆိုပြီး ပြန်တုန့်ပြန်ခဲ့ပါတယ်။ ဒါတင်မက လုပ်ကွက်တစ်ကွက် ပထမ အရစ် ကျပ် ၃၃ သိန်း ထည့်ဝင်နိုင်ရမယ်၊ မထည့်ဝင်တဲ့သူတွေရဲ့ လုပ်ကွက် ပြန်အပ်ခိုင်းရမယ် အထိ ပြောဆိုတာပင် ရှိခဲ့ပါတယ်။ ၀န်ကြီးချုပ်က ကျောက်မျက် တူးဖော်မယ့် လုပ်ငန်းရှင်တွေအနေနဲ့ ကချင်ပြည်နယ် အစိုးရရဲ့ သဘောထား ထောက်ခံချက် မရရင် လုပ်ငန်း လုပ်နိုင်မှာ မဟုတ်တဲ့အကြောင်း၊ ဒီ ကားလမ်းကိုတော့ ၀န်ကြီးချုပ်ရဲ့ အမိန့်အာဏာနဲ့ မဖြစ်ဖြစ်အောင် လုပ်သွားမယ့် အကြောင်း၊ ရံပုံငွေ ထည့်ပြီးတဲ့ ကုမ္ပဏီတွေကိုပဲ ကျောက်သယ်ခွင့်ပြုမယ့် အကြောင်း အကြပ်ကိုင်တဲ့ သဘော ပြောဆိုပါတယ်။
ခြုံပြီးပြောရရင် ၀န်ကြီးချုပ်က BOT စနစ်နဲ့လည်း မဖေါက်နဲ့၊ ကျောက်မျက်လုပ်ငန်းရှင်တွေ ဖေါက်မယ် ဆိုလည်း မလုပ်နဲ့၊ ၀န်ကြီးဌာန နှစ်ခုက အကောင်အထည်ဖော်မယ် ဆိုလဲ မပါနဲ့ သူဖေါက်မယ် ငွေပဲ သူ့ကို ပေးပါဆိုတဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်။

ဒီအခါ လုပ်ငန်းရှင်တွေဘက်က ငွေကြေးထည့်ဝင်ရမယ် ဆိုရင် အသင်းအနေနဲ့ ကျောက်မျက်ပြပွဲ လုပ်တဲ့အခါ ခိုင်ကြေး ဆိုပြီး ရောင်းရငွေ ၁ ရာခိုင်နှုန်း စုဆောင်းထားတဲ့ ရံပုံငွေ ရှိတဲ့အကြောင်း၊ လက်ရှိ ကျောက်မျက်ပြပွဲ ကော်မတီမှာ ဒေါ်လာ ၁၈ သန်းရှိပြီး၊ ရစရာ ၁၄ သန်း စုစုပေါင်း သန်း ၃၀ ကျော်ရှိတယ်လို့ တင်ပြပါတယ်။ အဲဒီ ငွေထဲက ပေးနိုင်အောင် ရန်ကုန်ပြန် ညှိမယ်လို့ ဆိုပါတယ်။ ဒီအခါ ၀န်ကြီးချုပ်က ဒါဆိုလဲ အဲဒီ ပြပွဲ ရံပုံငွေထဲက ဒေါ်လာ ၃၅ သန်း လမ်းဖေါက်လုပ်ရေး ရံပုံငွေ ထည့်ဝင်ပါ ဆိုပြီးတောင်းဆိုပါတယ်။ ဒါပေမယ့် အသင်းတာဝန်ရှိသူတွေက ဒီငွေတွေ အားလုံးပေးလို့ ဖြစ်နိုင် မဖြစ်နိုင် မသိနိုင်သေးဘူး၊ ဒီရံပုံငွေတွေဟာ နေပြည်တော် ကျောက်မျက် ပြခန်း အပါအ၀င် အခြား တည်ဆောက်စရာတွေ လုပ်ဖို့လည်း ရှိနေသေးတဲ့ငွေဖြစ်တဲ့အပြင် ပြည်ထဲရေး၊ သတ္တုတွင်းဝန်ကြီးဌာန တွေနဲ့ပါ ဆိုင်တဲ့ ငွေ ဖြစ်တယ်လို့ ရှင်းပြတဲ့အတွက် ၀န်ကြီးချုပ်က ဒီလိုဆို ဒေါ်လာ ၁၅ သန်းပေးပါ တောင်းဆိုတဲ့ အဆင့်ရောက်သွားပါတယ်။ ပြောရရင် ကျောက်မျက်လုပ်ငန်းရှင် ကိုယ်စားလှယ်အဖွဲ့ဟာ ၀န်ကြီးချုပ်ဆီက ကျောက်မျက် လုပ်ငန်းတွေ ပြန် စ နိုင်မယ့် ကတိ မရခဲ့သလို၊ လမ်းဖေါက်ရေး ကိစ္စ ငွေပေးဖို့ တစ်တောင်းထဲ တောင်းတာ ကြုံခဲ့ရပါတယ်။

နောက်ဆုံး အခြေအနေ
နောက်ပိုင်း ရန်ကုန်မှာ ကျောက်မျက်လုပ်ငန်း အသင်းသားစုံညီ အစည်းအဝေးတွေ လုပ်ပါတယ်။ ကော်မတီ အစည်းအဝေးတွေ ထိုင်ကြပါတယ်။ ကျေက်မျက်လုပ်ငန်းရှင် တစ်ချို့ ခုလို သူတို့ကို ရံပုံငွေ အတင်းအကြပ် တောင်းခံတဲ့ ကိစ္စ သမ္မတဆီ စာတင်သူ တင်ကြပါတယ်။ လွှတ်တော်မှာ မေးခွန်းမေးဖို့ သီပေါအမတ် ဦးရဲထွန်းကလည်း တင်ပြပါတယ်။ ဒါပေမယ့် ဒီနေ့အချိန်အထိ လွှတ်တော် အစီအစဉ်ထဲ မပါသေးပါဘူး။ ကျောက်မျက်ပြပွဲ ဗဟိုကော်မတီကလည်း ရံပုံငွေထဲက ငွေတစ်ချို့ မိုးကောင်း- ဖားကန့် လမ်းဖေါက်လုပ်ရေး ရံပုံငွေအဖြစ် ကချင်ပြည်နယ် ၀န်ကြီးချုပ်ကို လွှဲပေးဖို့ တင်ပြရာမှာ သတ္တုတွင်းဝန်ကြီးက ဒေါ်လာ (၂) သန်းပဲ ခွင့်ပြုတယ်လို့ အဖြေထွက်ပါတယ်။ ကချင်ပြည်နယ် ၀န်ကြီးချုပ်ကတော့ ဒေါ်လာ (၂) သန်း နဲ့ ဘာမှ လုပ်လို့ မရဘူးလို့ ပြောဆိုထားပါတယ်။ နောက်ဆုံးသတင်းအရ ဒီ ကိစ္စ ပြီးခဲ့တဲ့ အပါတ် အမျိုးသားလွှတ်တော်မှာ ဆောက်လုပ်ရေး ၀န်ကြီးဌာနက အဖြေ တစ်ခု ပေးခဲ့ပါတယ်။ အဲဒါကတော့ ဖားကန့် မိုးကောင်း ကားလမ်း တစ်ဝက် မိုင် ၃၀ လောက်ကို ပြည်သူ့ဆောက်လုပ်ရေးက ဆောက်နေတယ်၊ ကျန် လမ်းတစ်ဝက်ကိုတော့ သမ္မတ ခွင့်ပြုချက်နဲ့ ကချင်ပြည်နယ် ၀န်ကြီးချုပ်က တာဝန်ယူနေတယ် ဆိုတာပါပဲ။ ဒုဝန်ကြီးရဲ့ အဖြေမှာ သူတို့ လုပ်တဲ့ ကားလမ်း ကိစ္စလောက်ပဲ ဖြေသွားပြီး ကျန် ပြည်နယ် ၀န်ကြီးချုပ်က ကျောက်မျက်လုပ်ငန်းရှင်တွေ ထည့်ဝင်ငွေနဲ့ အကောင်အထည် ဖော်မယ်ဆိုတဲ့ ကိစ္စ ဘာတစ်ခုမှ ပြောဆိုသွားတာ မရှိသေးတော့ ဘာမှ အဖြေ ရေရေရာရာ မသိနိုင်သေးပါဘူး။ ဒီ ကိစ္စ ပြည်သူ့လွှတ်တော်ဘက်မှာတော့ ဘာမှ ပြန်ဖြေတာ မရှိသေးပါဘူး။

နိဂုံးချုပ်
မြန်မာနိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝပါတယ်။ ကချင်ပြည်နယ်မှာ ကျောက်စိမ်းတွေ ထွက်ပါတယ်။ အဲဒီ ကျောက်စိမ်းတွေနဲ့ပဲ တရုတ်ပြည်က ပြည်နယ်၊ မြို့နယ် တစ်ချို့ အတော့်ကို ဖွံ့ဖြိုးတိုးတက်သွားခဲ့ပါပြီ။ ကချင်ပြည်နယ်ထဲမှာတော့ အဓိက လမ်းမကြီးတစ်ခုဖြစ်တဲ့ ဖားကန့်- မိုးကောင်း လမ်းဟာ ဒီလောက် နှစ်ကြာလာတာတောင် လမ်းမကောင်းလို့ ပြုပြင်ဖို့ ဆိုပြီး ငွေတွေတောင်း အငြင်းပွားနေကြတဲ့ အခြေအနေပါ။ ကချင်ပြည်နယ် ဧရိယာထဲမှာလည်း ပြည်သူတွေ ဆင်းရဲနေကြပါတယ်။ အခု ကချင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ ကျောက်မျက်လုပ်ငန်းရှင်တွေရဲ့ ငွေရေးကြေးရေး အရှုတ်တော်ပုံကို ကြည့်ရင် မြန်မာပြည် ဘာကြောင့် ဆင်းရဲရသလဲ ဆိုတာ သုံးသပ်လို့ ရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

No comments: