.
လွန်ခဲ့သော နှစ်ပေါင်း ရှစ်ရာကျော်ခန့်က ဖြစ်သည်..
ရှမ်းလူမျိုးတစ်စုတို့သည် ပတ်ကွိုင်တောင်တန်းကြီးကို ဖြတ်ကျော်လျက် အနောက်ဘက်သို့
ရှေးရှုသွားလျက်ရှိကြ၏.. ခရီးသည်အုပ်စုများတွင် ကလေးများ.. အမျိုးသမီးများနှင့် လူအိုများ ပါဝင်သည်..
သူတို့သည် တစ်မိုးခိုလိုက် နားနေလိုက်နှင့် ခရီးဆက်ခဲ့ကြသည်မှာ တစ်ဆယ့်သုံးနှစ်မျှ ရှိခဲ့သည်.. လမ်းတွင် တောင်ပေါ်လူရိုင်းတို့၏ တိုက်ခိုက်ခြင်းကို ခုခံတွန်းလှန်ခဲ့ကြရသော အကြိမ်များလဲ မရေမတွက်နိုင်ကြတော့ပေ.. ဌက်ဖျားဒဏ်.. ပင်ပန်းမှု့ နှင့် အဟာရချို့တဲ့မှု့ တို့ကြောင့် လမ်းတွင်သေဆုံးခဲ့ကြသူများလဲ မနည်းတော့ပေ..
တောင်ထိပ်တစ်နေရာမှ ဗြဟ္မပုတ္တရမြစ်ကြီးကို ရေးရေးမျှ လှမ်းမြင်ကြရသောအခါ သူတို့၏ ပင်ပန်းယိမ်းယိုင်သော ခြေလှမ်းများသည် သွက်လာကြသည်.. မျှော်လင့်ချက် ရောင်ခြည်များလဲ သမ်းလာကြတော့သည်..
ခရစ်သက္ကရာဇ် ၁၂၂၈ တွင် သူတို့သည် `` ခမ်နန်းဂျန် ´´ မြစ်ကို ဖောင်များနှင့်ကူးကာ `` နောင်ဉာဏ် ´´ ရေအိုင်ကြီး အနီးသို့ ရောက်လာခဲ့ကြသည်.. အာသံပြည်နယ်ထဲသို့ ဝင်ရောက်ပြီးနောက် အကြိမ်ကြိမ်ရွှေပြောင်းကြကာ ခရစ် ၁၂၅၃ ခုတွင် အာသံနယ် `` အဖိုင်ပူရ ´´ မှာ အခြေချနေထိုင်ကြလေသည်..

ခရစ်နှစ် ၁၂၅၃ ခုတွင် `` ချာရိုင်ဒီယို ´´ တွင် မြို့တော်ကြီး တည်ဆောက်ခဲ့ကြ၏.. သို့မျှဇွဲကြီးလှသော ရှမ်းလူမျိုးတို့ကား လူဦးရေ ကိုးထောင်မျှရှိပြီး သူတို့နှင့်အတူ ဆင်နှစ်ကောင် ၊ မြင်းသုံးရာ ပါရှိခဲ့ကြသည်..
သူတို့၏ ခေါင်းဆောင်ဘုရင်ကား မောရှမ်းအနွယ် `` စူးခဖ ´´ ( ကောင်းကင်မှလာသောကျား ) ဖြစ်သည်.. သူသည် ပတ်ကွိုင်တောင်ကြီးကို အောင်မြင်စွာ ကျော်ဖြတ်လျက် မောရှမ်းလူမျိုးများကို အာသံပြည်နယ်ထဲသို့ ခေါ်ဆောင်ဝင်ရောက်လာသူဖြစ်သည်..
ခရစ် ၁၂၆၈ ခုနှစ်တွင် သားတော် `` စူးတင်ဖ ´´ က ထီးနန်းဆက်ခံသည်.. သူတို့သည် ဇွဲနှင့် သတ္တိကို အရင်းခံ၍ ရဲရင့်စွန့့် စားသူများ ဖြစ်သည့်အတိုင်း အင်အားကြီးမားသော `` အဟုန် ´´ နိုင်ငံကြီးကို စတင် တည်ထောင်ခဲ့ကြပြီး ဗြဟ္မပုတ္တရမြစ်ဝှမ်းဒေသတစ်ခုလုံးကို စိုးမိုးအုပ်ချုပ်ခဲ့ကြ၏.....
``စူး´´ ( သို့မဟုတ် ) ``စေ´´ ဟူသည်မှာ ``ကျား´´ဟုအဓိပ္ပါယ် ရသည်.. ``စူး ၊ စေ´´ သည်မြန်မာအသံထွက် ``သို´´ သို့ပြောင်းလဲနိုင်ပေသည်။ မြန်မာ့သမိုင်းတွင် ဖော်ပြခြင်းခံရသော သိုဟန်ဘွား၊ သိုချီဘွား စသော မောရှမ်းဘုရင်များသည် ``ကျား´´ ဘွဲ့ကို ခံယူထားကြသူများ ဖြစ်သည်။
မြန်မာများက ``သီဟ´´ ခေါ် ခြင်္သေ့ဘွဲ့ကို ချစ်မြတ်နိုးပြီး သီဟဘွဲ့ ခံယူသလို မောရှမ်းများက ``စူး/စေ/သို´´ ခေါ် ကျားဘွဲ့ကို မြတ်နိုးကြပေသည်။ ထို့ကြောင့် စူးတင်ဖနောက် ဆက်ခံသော အဟုန်ဘုရင်အချို့ကို ဖော်ပြရလျှင်....
*စူးတင်ဖ ( ခရစ်-၁၂၈၁ မှ ၁၂၉၂ )
*စူးခန်ဖ ( ခရစ်-၁၂၉၃ မှ ၁၃၃၂ )
*စူးခရန်ဖ ( ခရစ်-၁၃၃၂ မှ ၁၃၆၄ )
အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ မှာအဓိက ပါဝင်ပတ်သက်ခဲ့သူ ``စန္ဒရကန္တရှိန်´´ ( Candrakant Singh ) မှာ မြန်မာပြည်မှ မောရှမ်းအနွယ်ဝင် အဟုန်ဘုရင်ဖြစ်သည်ဆိုလျှင် အံ့သြကြပေလိမ့်မည်.. သူ၏ မောရှမ်းဘွဲ့မှာ ``စူးဒင်ဖ´´ ဖြစ်သည်..
သို့နှင့် အဟုန်တို့သည် တဖြည်းဖြည်း အင်အားကြီးထွားလာပြီး ခရစ် ( ၁၆ ) ရာစုတွင် အနီးအနားနယ်ပယ်နိုင်ငံများကို သိမ်းပိုက် နိုင်ခဲ့ကြသည်.. ထိုအချိန်တွင် အိန္ဒိယနိုင်ငံတစ်ခုလုံးကို အစ္စလာမ်ဘာသာဝင် မဂိုဘုရင်များက လွှမ်းမိုးအုပ်ချုပ်ပြီး မဂိုအင်ပါယာကြီးကို တည်ထောင်အုပ်ချုပ်နေချိန်ဖြစ်သည်..
အိန္ဒိယတစ်နိုင်ငံလုံးကို အစ္စလာမ်ဘာသာသို့ အတင်းသွပ်သွင်းပြီး မဝင်ရောက်သူများကို သေဒဏ်ပေးသည်.. အိန္ဒိယနိုင်ငံအတွင်းရှိ အခြားဘာသာဝင်များ၏ အထွဋ်အမြတ် ဘာသာရေး အဆောက်အဦ.. အထိမ်းအမှတ်နေရာများကို မြေလှန်ဖျက်စီးပစ်သည်.. အင်အားကြီးမားပြီး ရက်စက်သော မဂိုစစ်တပ်ကြီးကို မဂိုဘုရင် ``ရှာဂျဟန်´´ ( ``တဂ်ျမဟာလ်´´ တည်ဆောက်သူ ) အုပ်ချုပ်သည်..
မဂိုတို့သည် သူတို့အင်ပါယာကြီးကို အရှေ့ဘက်သို့ ဆက်လက်ချဲ့ ထွင်ခဲ့ရာ အာရကန်ဒေသတွင် ရခိုင်ဘုရင်နိုင်ငံနှင့်၎င်း.. အရှေ့မြောက်တွင် အဟုန်ဘုရင့်နိုင်ငံနှင့်၎င်း ထိပ်တိုက်တွေ့ခဲ့သည်.. အိန္ဒိယတစ်နိုင်ငံလုံးကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သော မဂိုတို့သည် ရခိုင်နှင့် အဟုန်လူမျိုးတို့၏ ရဲဝင့်စွန့့် စားစွာ တုန့်ပြန်တိုက်ခိုက်မှု့ နှင့် ကြုံရသည်..

အဟုန်လူမျိုးတို့နှင့် မဂိုစစ်တပ်တို့ တိုက်ပွဲအကြမ်ကြိမ်ဖြစ်ပွားခဲ့ပြီး အဟုန်လူမျိုးတို့ ဇွဲသတ္တိရှိစွာ ခုခံနိုင်ခဲ့ကြသဖြင့် မဂိုတို့ အထိအခိုက် အကျဆုံးများခဲ့သည်.. ထို့ကြောင့် ခရစ်နှစ် ၁၆၃၉ ခုနှစ်တွင် မဂိုဘုရင် ``ရှာဂျဟန်´´ နှင့် အဟုန်ဘုရင် ``စူးစင်ဖ´´ တို့ မကျူးကျော်ရေးစာချုပ် ချုပ်ဆိုလိုက်ကြသည်.. နယ်စပ်တွင်ရှိသည့် ``ဘားနဒီ´´ ခေါ် မြစ်ငယ်လေးကို နှစ်နိုင်ငံနယ်ခြား အဖြစ် သတ်မှတ်လိုက်ကြ၏..
နှစ်နိုင်ငံကြားထားရှိခဲ့သော ငြိမ်းချမ်းရေးသည် နှစ်အနည်းငယ်သာကြာခဲ့သည်.. အဘယ်ကြောင့်ဆိုသော် မဂိုအင်ပါယာတွင် ဘာသာရေး အယူဝါဒပြင်းထန်သော စစ်ခေါင်းဆောင်များ ခေါင်းထောင်လာပြီး အဟုန်လူမျိုးတို့၏ သတ္တိကို မှတ်ကျောက်တင်မည့် စစ်ပွဲအရိပ်မဲကြီးက လွှမ်းမိုးလာသည်.. လွတ်လပ်မှု့ ကို အသက်ထက် မြတ်နိုးသော အဟုန်လူမျိုးတို့အတွက် စိမ်ခေါ်မှု့ တစ်ခု ဖြစ်နေသလို.. အဟုန်တို့စစ်ရှုံးနိမ့်ခဲ့ပါက ပြည်မသို့ ဒလကြမ်းဝင်ရောက်လာမည့် မဂိုတပ်မကြီးကို တားဆီးနိုင်ဖို့ ခက်ခဲလိမ့်မည်.. အဟုန်တို့၏ ကြေကွဲဖွယ်.. ကြက်သီးမွှေးညင်းထဖွယ်.. သမိုင်းကို ဆက်လက် လေ့လာကြပါစို့......
.......ဆက်ပါအုံးမည်......
အက်ရှင်ဘဘဒီမို
စာညွှန်း : ဆရာဝန်တင်မောင်ကြည် ( ပျောက်ကွယ်သွားသော အဟုန်နိုင်ငံ / သုတေသန စာတမ်း ) မှ ဖော်ပြပါသည်။
မန္တလေး ယဉ်ကျေးမှုဂျာနယ် ( အတွဲ-၂ ၊ အမှတ်-၁၂၊ ၁၉၉၇ ဇွန်လ )
စာကိုး : Terwiel ( Ahom )
Thailand Journal ( No.71 / 1983 )
No comments:
Post a Comment