အဟုန် စာပေ
အဟုန်တို့သည် မှတ်တမ်းမှတ်ရာ အရေးအသား အလွန်ထုံကြ၏.. ဝါသနာပါကြ၏.. ထို့ကြောင့် ``ဘူရမ်ဂျီ´´ ခေါ် သမိုင်းမှတ်တမ်း များစွာ ကျန်ရစ်ခဲ့၏.. သစ်ခေါက်ဖြင့် ပြုလုပ်ထားသော ပုရပိုက်များကို ယခုတိုင် အာသံပြတိုက်တို့တွင် ပြသထားရှိသည်..
၁၉၆၀ ပြည့်လွန်နှစ်များက ထိုင်းနိုင်ငံမှ ``ကန်ကျနပထွမ်ဒီလိုက်´´အမည်ရှိ အမျိုးသမီးဘာသာဗေဒပညာရှင်သည် မြန်မာပြည် နယ်စပ်ဒေသများရှိ ရှားပါးလူမျိုးစုများအကြောင်းကို သုတေသနပြုလုပ်ခဲ့ပြီး ကျမ်းတစ်စောင်ပြုစုခဲ့ရာ အဟုန်လူမျိုးတို့၏ အက္ခရာများကို ဖော်ပြထားပြီး
မြန်မာပြည်မိုးကောင်းနယ်ထဲမှ အာသံနယ်ထဲသို့ ပြောင်းရွှေ့ဝင်ရောက်သွားပုံကို အထောက်အထားပြည့်စုံစွာဖြင့် ဖော်ထုတ်ရေးသားခဲ့သည်..
အဟုန်တို့သည် လွတ်လပ်မှု့ ကို မြတ်နိုးသူများပီပီ ရေကြည်ရာ မြက်နုရာ နယ်မြေသစ်ကို ရှာဖွေခဲ့ကြသူများပင် ဖြစ်သည်.. အမှန်တကယ်ဆိုလျှင် ``အာသံ´´ ဟူသော အမည်ကပင် ``အားဟုန်´´ ဆိုသည့်စကားမှပင် ဆင်းသက်လာသည်.. အာသံပြည်နယ်သားများသည် ``ဟ´´နှင့်``စ´´ကို ဖလှယ် ခေါ်ဝေါ်တတ်ကြသည်.. မြန်မာများက အာသံ ဟုပင် အနီးစပ်ဆုံး ခေါ်လိုက်ကြသည်.. အာသံနယ်သည် အဟုန်တို့ သီးခြားထူထောင်ခဲ့သော နယ်မြေဖြစ်သည်..
တာဝဲလ်၏ ``အဟုန်နှင့် ရှေးဦးထိုင်း လူအဖွဲ့အစည်းကို လေ့လာခြင်း´´စာတမ်းတွင် ``တော်.. ဖရာ့.. ခ..´´စသော စကားလုံးများကို ဥပမာပေး၍ ဖော်ပြထားသည်.. ``ခ´´ဟူသောစကားသည် ခယခြင်း.. နှိမ့်ချခြင်း..သဘောဆောင်၍ ဇင်းမယ်နှင့် ရှမ်းပြည်နယ်တို့တွင် ``ခ´´ဖြင့် ယဉ်ကျေးစွာ အဆုံးသတ် ပြောလေ့ရှိကြ၏.. မြန်မာလို ``ခင်ဗျ´´နှင့် သဘောဆင်မည်..
အဟုန်အက္ခရာများသည် မွန်နှင့်မြန်မာ အက္ခရာမှ ဆင်းသက်ကြောင်း တွေ့ရှိရသည်.. အဟုန်-အာသံ-အင်္ဂလိပ် အဘိဓာန်ကို ၁၉၂၆ တွင် ပုံနှိပ်ထုတ်ဝေသည်.. ၁၉၃၀ ပြည့်နှစ်တွင် ``အဟုန် ဘူရမ်ဂျီး´´ခေါ် သမိုင်းမှတ်တမ်းကျမ်း ထွက်ရှိခဲ့သည်.. ရေးသားသူမှာ အဟုန်သမိုင်း ပညာရှင် ``ချန္ဒရာဘာရူးဝါး´´ဖြစ်ပြီး ကာလကတ္တားမြို့ ဘက်ပတစ်မစ်ရှင်အဖွဲ့မှ ရိုက်နှိပ်ကြောင်း သိရသည်..
၁၉၈၄ ခုနှစ် ၊ ဖေဖော်ဝါရီလက အဟုန်မျိုးနွယ်များပါဝင်သော ပညာရှင်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး တောင်ကြီးမြို့မှ ရှေးဟောင်းရှမ်းသမိုင်း ပညာရှင် ``စောဆိုင်မိုင်း´´နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်.. ဆရာကြီးသည် ကျိုင်းတုံစော်ဘွားကြီး တပ်ကောင် ကျောက်အင်တလိုင်၏ သားဖြစ်ပြီး အမေရိကန်၊ ဂျပန်စသော နိုင်ငံများတွင် ပညာပို့ချဖူးသူ ဖြစ်သည်..
၁၉၈၈ ခုနှစ်တွင် ပါမောက္ခ ``ချန္ဒရာ ဂိုဂွိုင်း´´မှ အပြည့်စုံဆုံး အဘိဓာန်ကို တည်းဖြတ်ထုတ်ဝေခဲ့သည်.. စာအုပ်အဖုံးတွင် ခြူးပန်းနွယ်များနှင့် အဟုန်ရှေးဟောင်း ပန်ချီပုံကို ရေးဆွဲထားသည်.. အထူးခြားဆုံးမှာ စာမျက်နှာ-၁ မှ စာမျက်နှာ- ၂၂၉ အထိ မြန်မာဂဏန်းအက္ခရာများဖြင့် ရေးထိုးထားခြင်းဖြစ်သည်.. (အဟုန်အက္ခရာများနှင့် ရေးသားထားသော ရဟန်းတော်တစ်ပါး၏လက်ရေးကို မင်းကွန်းလူအိုရုံ ဧည့်သည်မှတ်တမ်းတွင် ထူးဆန်းစွာ တွေ့ရသည်..)
အဟုန်တို့ကား ကျွန်တော်တို့ ပြည်ထောင်စုဖွား မြန်မာပြည်သားများ ဖြစ်ခဲ့ကြသည် အမှန်ပင်.. ``စူးခဖ´´ခေါင်းဆောင်လျှက် အဘယ်ကြောင့် အာသံနယ်သို့ ပြောင်းရွှေ့သွားခဲ့ကြပါသနည်း.....? ပဟေဋိဆန်နေသည်.. လူမျိုးစုတစ်ခု၏ ရန်ကြောင့် ရွှေ့ပြောင်းရသည်ဟု မှတ်ချက်ချရအောင် အဟုန်တို့သည် သွေးကြောင်တတ်သည့်လူမျိုးမဟုတ်..
ဤအချက်ကို သမိုင်းပညာရှင်တို့ ဆက်လက်သုတေသနပြုလေ့လာ ဖော်ထုတ်ကြရပေလိမ့်ဦးမည်.. အလွန်စိတ်ဝင်စားဖွယ် ကောင်းလှပါ၏.. အဟုန်တို့သည် မူလကနဦးက အမိမြန်မာပြည်၏ ရှေးဟောင်းဘုံနိုင်ငံဟု ခေါ်ဆိုအပ်သော ``မိုင်းလုံ´´မှဟု အမှတ်အသားရှိ၏.. မိုင်းလုံဒေသသည် ရှေးဟောင်းကျေးရွာတစ်ခုဖြစ်ပြီး ချုံနွယ်ပိတ်ပေါင်းများစွာ ဖုံးအုပ်နေသော စေတီပျက်နှင့် မြို့ရိုးကြီးများကို ယခုတိုင်တွေ့ရှိနိုင်သည်ဟု သိရှိရပါသည်..
အဟုန်တို့၏ သမိုင်းခြေရာများက ကျွန်တော်တို့ကို စောင့် ကြိုလျှက်.......။
(ပြီးပါပြီ)
ဤနေရာမှ အဟုန်တို့ကို ဦးညွတ်လိုက်ပါ၏။
Min Nay Myo (28.4.2014)
စာညွှန်း : ဆရာဝန်တင်မောင်ကြည် ( ပျောက်ကွယ်သွားသော အဟုန်နိုင်ငံ / သုတေသန စာတမ်း ) မှ ဖော်ပြပါသည်။
မန္တလေး ယဉ်ကျေးမှုဂျာနယ် ( အတွဲ-၂ ၊ အမှတ်-၁၂၊ ၁၉၉၇ ဇွန်လ )
စာကိုး : Terwiel ( Ahom )
Thailand Journal ( No.71 / 1983 )

No comments:
Post a Comment