Thursday, May 1, 2014

အစ္စတန်ဘူလ်၊ ဧပြီ ၂၉ အမေရိကန် ပြည်ထောင်စုတွင် ခိုလှုံနေထိုင်နေသော တူရကီဝန်ကြီးချုပ် အာဒိုဂန်၏ပြိုင်ဘက် မွတ်ဆလင် ဘာသာရေးခေါင်းဆောင် ဖတ်တူလာဂူလန်ကို ပြန်လည်လွှဲပြောင်းပေးအပ်ရန် တောင်းဆိုသွားမည်ဟု ဝန်ကြီးချုပ် အာဒိုဂန်က ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အစ္စတန်ဘူလ်၊ ဧပြီ ၂၉
အမေရိကန် ပြည်ထောင်စုတွင် ခိုလှုံနေထိုင်နေသော တူရကီဝန်ကြီးချုပ် အာဒိုဂန်၏ပြိုင်ဘက် မွတ်ဆလင် ဘာသာရေးခေါင်းဆောင် ဖတ်တူလာဂူလန်ကို ပြန်လည်လွှဲပြောင်းပေးအပ်ရန် တောင်းဆိုသွားမည်ဟု ဝန်ကြီးချုပ် အာဒိုဂန်က ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။


အစ္စလာမ္မစ်ရေးရာ လှုပ်ရှားမှုများ လုပ်ဆောင်သည်ဟု တူရကီ လောကီရေးရာ အာဏာပိုင်များက ဂူလန်အပေါ် စွပ်စွဲခဲ့ခြင်းကြောင့် ၁၉၉၇ ခုနစ်မှစ၍ အမေရိကန်ပြည်ထောင်စုတွင် သွားရောက်နေထိုင် ခဲ့သည်။
ထို့အပြင် တူရကီအစိုးရ အင်အား ချိနဲ့အောင် လာဘ်စားမှု စွပ်စွဲချက်များ၊ လျှို့ဝှက်တယ်လီဖုန်း ခိုးနားထောင်မှုများ လုပ်ဆောင်ခဲ့ပြီး ဝန်ကြီးချုပ် အာဒိုဂန်ကို ရာထူးမှဖြုတ်ချရန် ဂူလန်က ကြံစည်ခဲ့ကြောင်း တူရကီဝန်ကြီးချုပ်က စွပ်စွဲထားသည်။
တူရကီဝန်ကြီးချုပ်၏ သားနှင့် အခြားသော ဝန်ကြီးသုံးဦး၏ သားများ လာဘ်စားမှုတွင် ပါဝင်ပတ်သတ်သည့် လျှို့ဝှက်မှတ်တမ်းများနှင့် ဆီးရီးယား အရေးတွင် ဝင်ရောက်စွက်ဖက်ရေး တူရကီ အရာရှိကြီးများ တိုင်ပင်နေသည့် မှတ်တမ်းများ ပေါက်ကြားအောင် ဂူလန်က လုပ်ကြံဖန်တီးခဲ့ကြောင်း ဝန်ကြီးချုပ်က စွပ်စွဲထားသည်။
အဆိုပါပေါက်ကြားမှုများ အားလုံးမှာ မတ်လ ၃၀ မြူနီစီပယ် ရွေးကောက်ပွဲများ မတိုင်ခင်တွင် ပေါ်ပေါက်လာ ခဲ့သော်လည်း ရွေးကောက်ပွဲတွင် အာဒိုဂန်၏ပါတီ ထောက်ခံမှု အများဆုံး ရရှိခဲ့သည်။ တူရကီဝန်ကြီးချုပ်၏ စွပ်စွဲချက်များကို ဂူလန်က ငြင်းဆိုထားသော်လည်း ဂူလန်အား အမေရိကန် နိုင်ငံမှ ပြန်လည် ရယူနိုင်ရေး လုပ်ငန်းများ စတင် လုပ်ဆောင်မည် ဟုလည်း တူရကီ ဝန်ကြီးချုပ်က ပြောကြားသည်။
ထို့အပြင် အမေရိကန်ပြည်ထောင်စု၏ လုံခြုံရေးကို ဂူလန်၏ လှုပ်ရှားမှုများက ထိခိုက်စေလိမ့်မည်ဟု ဂူလန်၏ မဟာမိတ်ဟောင်းဖြစ်သူ ဝန်ကြီးချုပ် အာဒိုဂန်က သတိပေး ပြောကြားလိုက်သည်။
ဂူလန်လှုပ်ရှားမှု ဝါဒီများသည် ကမ္ဘာအရပ်ရပ်တွင် အဆက်အသွယ်များ၊ စီးပွားရေး လုပ်ငန်းများ၊ ကျောင်းများ တည်ထောင်ထားပြီး ဘဏ္ဍာရေး အင်အား တောင့်တင်းမှုရှိကာ လောကီရေးရာ ဘက်သို့ ယိမ်းသည့် သဘောထားမျိုး ရှိသည့်အဖွဲ့ ဖြစ်သည်။
တရားခံ လွှဲပြောင်းပေးအပ်ရေး မှတ်တမ်း ၁၀ အထိ လုပ်ဆောင်ထားပြီး အမေရိကန်ပြည်ထောင်စုနှင့် နေတိုး အုပ်စုထံသို့ တင်သွင်းသွားမည်ဟု တူရကီဝန်ကြီးချုပ်က ပြောကြားထား သော်လည်း တရားဝင် တောင်းဆိုမှုရှိ မရှိ ကို ရှင်းလင်းစွာ ဖြေကြားသွားခြင်း မရှိပေ။

No comments: