1 May 2014
ရန်ကုန်သည် မြန်မာတို့အတွက်လွန်စွာအရေးကြီးသည်။ ရာဇဝင်အတိတ်ကာလတွင် ရန်ကုန်သည် ဆိပ်ကမ်းမြို့အဆင့်မှ စတင် သန္ဓေတည်ခဲ့သော်လည်း ကိုလိုနီ လှိုင်းလုံးနှင့်အတူ ကျွဲကူးရေပါလာသည့်ခေတ်မီ အုပ်ချုပ်ရေးစနစ်၏ အကျိုးအာနိသင်ကြောင့် ရန်ကုန်သည် အချက်အချာကျသော ဗဟိုနေရာဖြစ်လာခဲ့သည်။ လွတ်လပ်ရေးရရှိပြီး ပါလီမန်ဒီမိုကရေစီခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်နှင့် နိုင်ငံ
တော်ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေးအဖွဲ့လက်ထက်တိုင် အုပ်ချုပ်ရေးမြို့တော်အဖြစ် မာန်ဟုန်ကြွကြွသရဖူဆောင်းနိုင်ခဲ့သည်။
သို့သော် ၂ဝဝ၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်သို့ရောက်သောအခါ ရန်ကုန်သည်၎င်း၏အရိုက်အရာကို နေပြည်တော်သို့ လွှဲပြောင်းပေးအပ်လိုက်ရသည်။
မျက်မှောက်တွင် နိုင်ငံ၏မြို့တော်ကို နေပြည်တော်အဖြစ် ပြောင်းလဲသတ်မှတ်ကြသည့်တိုင် လူထု သို့မဟုတ် လူအများစု၏ သိစိတ်နှင့်မသိစိတ်ထဲတွင် ရန်ကုန်ကို မြို့တော်အဖြစ် စွဲမက်မက်ဖြစ် ကျန်ရစ်နေဆဲ ပင်ဖြစ်သည်။ နေဖို့၊ သေဖို့ ခက်ခဲလှသော ရန်ကုန်၊ ယာဉ်ကြောများပိတ်ဆို့လေ့ရှိသော ရန်ကုန်၊ ဘယ်တော့မှ မအိပ်စက်တတ်သော ရန်ကုန်၊ ဆန္ဒပြပွဲများဖြင့် စည်ကားသိုက်မြိုက်သော ရန်ကုန် စသည် စသည်ဖြင့် မဆုံးနိုင်သော ဝိသေသထူးများဖြင့်ဝိဂြိုဟ်ပြုရမည့် ရန်ကုန်သည်အဘယ်ကြောင့် စွဲမက်စရာကောင်းလွန်း နေသနည်း။ ဤအမေးကို ဝါကျတစ်ကြောင်းတည်း၊ စကားလုံးတစ်လုံးတည်းဖြင့် ပေါ်ပေါ်လွင်လွင်၊ ထိထိမိမိ ဖြေဆိုရန် အလွန်ခက်ခဲပါလိမ့်မည်။
အားလုံး ကျေနပ်ဖွယ်ရာဖြစ်မည်ဟု မမျှော်လင့်သော်လည်း တော်တော်များများ ဘဝင်ကျနိုင်မည့် အဖြေတစ်ရပ်မှာ ရန်ကုန်တွင် အိပ်မက်ကြီးကြီးရှိသည်ဟူသော အချက်ပင်ဖြစ်သည်။ တစ်ဦးချင်းအရရော အဖွဲ့ အစည်းအလိုက်ပါ ရန်ကုန်သည်ကြီးပွားတိုးတက်ရာ လမ်းစ သို့မဟုတ်အိပ်မက်ကြီးကြီး မက်ခွင့်ရှိသော အောင်မြေဟု ယုံမှတ်စွဲလမ်းကြသည်သာဖြစ်သည်။ စာပေဝတ္ထု၊ ကဗျာ၊ ပြဇာတ်၊ ရုပ်ရှင်၊ ဗီဒီယိုဇာတ်လမ်း တို့တွင် ရန်ကုန်သည် အခမ်းနားဆုံးဇာတ်အိမ်ကြီးအဖြစ် ပုံဖော်ခြင်းခံရသည့်နည်းတူ မြန်မာနိုင်ငံတွင် အထင်ကရဖြစ်ခဲ့သော နိုင်ငံရေးမှတ်တိုင်များသည်လည်း ရန်ကုန်တွင်သာ ဗဟိုပြုခဲ့ကြသည်က ခပ်များများပင် ဖြစ်သည်။ ရန်ကုန်သည်လူထုအရေးတော်ပုံတိုင်းတွင် အဓိကဇာတ်အိမ်အဖြစ် သမိုင်းပေးတာဝန်ကို ကျေကျေ ပွန်ပွန် ထမ်းဆောင်ခဲ့သည်သာ။ ပြောရလျှင် ရန်ကုန်၏အတိတ်သည် ထွန်းပြောင်ခဲ့သည်။ ထွန်းတောက်ခဲ့ သည်။
ရန်ကုန်၏ အနာဂတ်
အထက်တွင် ဖော်ပြခဲ့သောတင်ပြမှုများက အတိတ် ရန်ကုန်နှင့်မျက်မှောက်ရန်ကုန်၏ မဆိုစလောက် သာရှိသည့် ရုပ်ပုံလွှာအဖွဲ့ ဗန္ဓတ်ခန့်မျှသာဖြစ်သည်။ ထိုထက်မက စိတ်ဝင်စားဖွယ် ကောင်းသည်လည်း ဖြစ်၊ သတိထားစောင့်ကြည့်ရမည် ဆိုလည်း ဟုတ်၏ဟု ဆိုနိုင်သည်ကမဟာရန်ကုန်၏ အနာဂတ်ပင်ဖြစ်သည်။
ရန်ကုန်၏ အတိတ်သည်ထွန်းပြောင်ခဲ့သလို ရန်ကုန်၏ အနာဂတ်သည်လည်း လင်းလက် တောက်ပမှုအပြည့် ဖြင့် ရွှမ်းရွှမ်းစိုလဲ့နေသည်။
လူဦးရေ ရှစ်သန်း
ယုံကြည်ကိုးစားလောက်သောစာရင်းဇယားအချို့၏ ဖော်ပြချက်များအရ ရန်ကုန်တွင် လူဦးရေရှစ်သန်း ခန့် နေထိုင်သည်ဟု ဆိုသည်။ ထိုမျှလောက်သော အရေအတွက်သည်နိုင်ငံ့လူဦးရေ၏ ဆယ်ပုံ တစ်ပုံခန့်ရှိပြီး ထိုအစုဝင်ထဲတွင် အနယ်နယ်အရပ်ရပ်မှ အားကောင်းမောင်းသန်အရွယ်ကောင်းကလေးများ ပါဝင်နိုင်သကဲ့သို့ တစ်နိုင်ငံလုံးတွင် အတော်ဆုံး ဦးနှောက်ပိုင်ရှင်များ၊ ပါရမီရှင်များသည်လည်း ပါဝင်နိုင်ပါသည်။ ထိုသို့သော လုပ်သားအရင်းအမြစ်၊ ကုန်ထုတ်လုပ်မှု စွမ်းအားစုကြီးကိုအဟောသိကံ မဖြစ်ရေးနှင့် အကျိုးအာနိသင်ရှိရှိ ထိထိရောက်ရောက်ခင်းကျင်းကိုင်တွယ်ဆောင်ရွက်ရေးသည် ရန်ကုန်တိုင်းဒေသကြီး၏တာဝန်ရှိပုဂ္ဂိုလ်များ အတွက် ခေါင်းခဲစရာပင်ဖြစ်သည်။
ပြည်ရေးပြည်ရာအဖြာဖြာကိုစီမံဆောင်ရွက်ရာတွင် ပြဿနာရပ်အလိုက်၊ ကဏ္ဍအလိုက် ချဉ်းကပ် သုံးသပ်ဆောင်ရွက်လေ့ရှိသည်။ ထိုသို့သော စနစ်တို့သည် မမှားဟုပြောနိုင်သော်လည်း နေရာဒေသ သို့မဟုတ် ဧရိယာအလိုက်လည်း ငဲ့စောင်းချဉ်းကပ်သင့်သည်ဟု ထင်သည်။ ထိုသို့သော နေရာဒေသတွင် ရန်ကုန်သည် အရေးပါဆုံးဟု ထင်သည်။ ရန်ကုန်၏အကျိုးစီးပွားတိုင်းသည် ပြဿနာအလိုက်၊ ကဏ္ဍအလိုက်နှင့် အခြားသော နယ်မြေဒေသများအထိပါသက်ရောက်နိုင်စွမ်းရှိသည်။
အုပ်စိုးသူတို့၏ ညာလက်ရုံး
ရန်ကုန်နှင့်ပတ်သက်ပြီး လက်ရှိအာဏာရအစိုးရ တစ်နည်းအားဖြင့်ပြောရလျှင် ဗဟိုအစိုးရ၏ စဉ်းစား ချက်တွင် မည်သို့ မည်ပုံရှိနေသနည်း။ ရန်ကုန်ကို တာဝန်ယူ အုပ်ချုပ်ခဲ့ရသော တာဝန်ရှိပုဂ္ဂိုလ်တိုင်းသည် နိုင်ငံတော် အကြီးအကဲတိုင်း၏အထူးယုံကြည်ကိုးစားရသော ပုဂ္ဂိုလ်များသာ ဖြစ်လေ့ဖြစ်ထ ရှိသည်။ လာမည့်ရွေးကောက်ပွဲတွင်မည်သည့်ပါတီက အနိုင်ရဗိုလ်စွဲမည်ကို ကံသေကံမ မပြောနိုင်စေကာမူ တက်လာ မည့် အာဏာရပါတီ၊ အာဏာရအစိုးရတို့သည် ရန်ကုန်တိုင်းဒေသကြီး၏ အုပ်ချုပ်ရေးအသိုက်အမြုံထဲတွင် ကိုယ့်လူအရင်းအချာ လက်ရုံးတော်များကိုသာ စေလွှတ်တာဝန်ပေးမည်သာဖြစ်သည်။
ဗဟိုနှင့် စင်ပြိုင်
လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဗဟိုဦးစီးစနစ်ကို အတန်ငယ်လျှော့ချပေးထားသော်လည်း ထိုအခွင့်အရေးကို မိမိရရ အသုံးချနိုင်(ရဲ)သည့် တိုင်းဒေသဝန်ကြီးချုပ်သည်ယခုအထိ မြန်မာနိုင်ငံတွင် တစ်ဦး တည်းသာ ရှိနေပါသည်။ ထိုသူမှာအခြားသူ မဟုတ်ပါ။ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ပင်ဖြစ်ပါသည်။ နိုင်ငံတကာတွင် မြို့ကြီးပြကြီးမှ နိုင်ငံရေးရာထူးများသည် ဝန်ကြီးချုပ်၊ သမ္မတရာထူးသို့ တက်လှမ်းရန် အကြို စခန်း ဖြစ်လေ့ရှိပါသည်။ ရန်ကုန်သည်လည်း အကြိုစခန်းမဖြစ်နိုင်ဟုမည်သူမျှ ကံသေကံမ မပြောနိုင်ချေ။
ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်မှုလမ်းကြောင်းမှ ပေါက်ဖွားလာနိုင်သော ဗဟိုဦးစီးစနစ် လျှော့ချ ရေးလှိုင်းကာလတွင် နေပြည်တော်နှင့် အကဲစမ်းပွဲ မြိုင်မြိုင်ဆိုင်ဆိုင်ပေါ်ထွက်လာနိုင်သည်က ရန်ကုန်ပင်ဖြစ် ပါလိမ့်မည်။ အဘယ်ကြောင့်နည်း။ ရန်ကုန်သည် အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ ဌာနချုပ်လည်းဖြစ်၊ တစ်နိုင်ငံလုံး၏ ပညာတတ်လူလတ်တန်းစား အများဆုံးတည်ရှိရာလည်းဖြစ်၊ နိုင်ငံတကာနှင့် ထိတွေ့မှု အများဆုံးလည်းဖြစ်သောကြောင့်ဖြစ်သည်။ အခြားအခြား ခိုင်မာအားကောင်းသော အကြောင်းပြချက် များစွာ ရှိသော်လည်း အထက်ပါအကြောင်းတရားသုံးခုက ဗဟိုချုပ်ကိုင်မှု လျှော့ချရေးလမ်းစကို မိမိရရ လက်ကုန်နှိုက် အသုံးချနိုင်ရန်အတွက်အခိုင်မာဆုံးသော တွန်းအားများဖြစ်သည်ဟု ထင်ပါသည်။
စံပြုယဉ်ကျေးမှု ပေါက်ဖွားရာ
ရန်ကုန်နှင့်ပတ်သက်ပြီး ဂုဏ်ယူဝင့်ကြွားဖွယ်ကောင်းသည့် အရာတစ်ခုမှာ ယဉ်ကျေးမှု စုံလင်ကြွယ်ဝ ခြင်းပင် ဖြစ်သည်။ ရန်ကုန်တွင်ဘာသာတရားပေါင်းစုံ ရှိသည်။ လူမျိုးပေါင်းစုံရှိသည်။ အယူဝါဒပေါင်းစုံရှိသည်။ နိုင်ငံရေးပါတီပေါင်းစုံရှိသည်။ အသင်းအဖွဲ့ပေါင်းစုံရှိသည်။ အကျိုးစီးပွားအုပ်စုပေါင်းစုံရှိသည်။ ထိုထိုသော ပေါင်းစုံယဉ်ကျေးမှုသည် ရန်ကုန်၏ အနှံ့အပြားတွင်စီးဆင်းသက်ဝင်နေသည်။ ရန်ကုန်မြို့လယ်ခေါင်တွင် မတူကွဲပြားကြသော ဘာသာတရားများ၏ အထွတ်အမြတ်ထားရာ သာသနိက အဆောက်အအုံများကိုတွေ့နိုင် သည်။ ထို့ထက်ထူးခြားလေးနက်သည်က နိုင်ငံရေးအသိပညာကို ပြင်းပြင်းထန်ထန်ဖြန့်ဝေပေးနေသည့် ကျောင်း
တော်များသည်လည်း ရန်ကုန်တွင် ခန့်ခန့်ထည်ထည်ရှိနေကြသည်။
နိုင်ငံရေးသားကြော ဖြတ်ခံထားရသော နိုင်ငံအတွက် စံပြုနိုင်ငံရေးယဉ်ကျေးမှု ရှင်ပြန်ထမြောက်ရာ သည် ရန်ကုန်သာဖြစ်သည်။ ရန်ကုန်သည် လွတ်လပ်သောအတွေးအခေါ်များ စမ်းပေါက်ရာလည်း ဖြစ်ပါသည်။
နိဂုံး
ရန်ကုန်နှင့် ပတ်သက်ပြီး သုံးသပ်ချက် သုံးခုထွက်ပါသည်။
၁။ ရန်ကုန်သည် အာဏာရပါတီ၏ အကျိုးစီးပွားကို ဦးထိပ်ပန်ဆင် ကိုယ်စားပြုရလေ့ ရှိပါသည်။
၂။ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးလှိုင်းဖြစ် ပေါ်လာလျှင် ရန်ကုန်သည်ဗဟိုနှင့်စင်ပြိုင် ဖြစ်လာပါလိမ့်မည်။ ရန်ကုန်ကို ပိုင်မှ နေပြည်တော်ကိုဝန်းရံနိုင်မည်။
၃။ ရန်ကုန်သည် တစ်နိုင်ငံလုံးအတွက် စံပြုလည်းဖြစ်သည်။ ဗဟိုလည်းဖြစ်သည်။
ထို့ကြောင့် ရန်ကုန်သည် မြန်မာတို့အတွက် နို့နှင့် ပျားရည်စီးသောပြည်တော်ဟု ဆိုခဲ့လျှင် ဆိုသူအဖို့လွန်မည် မထင်ပါ။
ကိုဇန်

No comments:
Post a Comment