အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေး သဘောတူညီမှုကို ဖော်ဆောင်သည့် အနေဖြင့် ဖိလစ်ပိုင်ရှိ မိုရို အစ္စလာမစ် လွတ်မြောက်ရေး တပ်ဦး (MILF) သူပုန်အဖွဲ့သည် ပထမအသုတ် လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သတင်းရရှိသည်။
မင်ဒါနာအိုရှိ မာဂူအင်ဒါနာအိုတွင် ပြုလုပ်သည့် အလင်းဝင်မှု အခမ်းအနားသို့ ဖိလစ်ပိုင်သမ္မတ ဘင်နစ်နို အကွီနို ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ယခုလုပ်ဆောင်မှုသည် ငြိမ်းချမ်းရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဟု ချီးကျူးစကား ပြောကြားခဲ့သည်။
ဇွန်လ ၁၆ ရက်နေ့ အခမ်းအနားတွင် MILF၏ လက်နက်မျိုးစုံ ၇၅ လက်ကို အစိုးရထံ လွှဲပေးပြီး MILF တပ်ဖွဲ့ဝင် ၁၀၀၀၀ ဝန်းကျင်အနက် ဘန်ဆာမိုရို အစ္စလာမ်မစ် လက်နက်ကိုင် တပ်ဖွဲ့ခွဲမှ တပ်သား ၁၄၅ ဦးသည် အစိုးရထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။ ဖိလစ်ပိုင် အစိုးရနှင့် MILFတို့သည် ငြိမ်းချမ်းရေး တည်ဆောက်မှု အခြေခံ မူဝါဒအတွက် ၂၀၁၂ ခုနှစ်တွင် ဆွေးနွေး သဘောတူခဲ့ကြသည်။
“ဒီနေ့ အလင်းဝင်တဲ့ ညီအစ်ကိုတော် ၁၄၅ ဦးရဲ့ မျက်နှာတွေကို ကြည့်မိပါတယ်။ ရုန်းကန်ခဲ့ရတဲ့၊ နာကျင်ခဲ့ရတဲ့၊ မျှော်လင့်ချက် မဲ့ခဲ့တဲ့၊ နောက်ဆုံး သေဘေးနဲ့တောင် နီးခဲ့တဲ့ ဇာတ်ကြောင်း ၁၄၅ ခုကို ကျွန်တော် ခံစားသိမြင်မိတယ်။ တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးရဲ့ အကျိုးဆက်ကြောင့် ရရှိလာမယ့် မျှော်လင့်ခြင်းနဲ့ ယုံကြည်ခြင်းကို ဖော်ဆောင်တဲ့ ဇာတ်ကြောင်း ၁၄၅ ခုကို မြင်ယောင်နေမိပါတယ်။ သူတို့ အနစ်နာခံခဲ့သမျှအတွက် ဒါဟာ တကယ်ပဲ ထိုက်တန်ပါတယ်”ဟု MILF၏ ဦးဆောင် ညှိနှိုင်းရေး အရာရှိ မူရတ်ဒ်အီဘရာဟင်မ်က APသို့ ပြောကြားခဲ့သည်။
ဖိလစ်ပိုင် အစိုးရသည် အလင်းဝင်လာသည့် သူပုန်အဖွဲ့သား တစ်ဦးစီကို ပညာရေး၊ အသက်မွေးဝမ်းကြောင်းမှုတို့အတွက် ဖိလစ်ပိုင် ပီဆိုငွေ ၂၅၀၀၀ စီ (၅၅၅ ဒေါ်လာစီ) ထောက်ပံ့ပေးမည်ဟု ဖိလစ်ပိုင်စတား သတင်းစာက ဖော်ပြခဲ့သည်။ MILFတို့သည် ယခုနှစ် အစောပိုင်းတွင် ဖိလစ်ပိုင် ရဲတပ်ဖွဲ့ ကွန်မန်ဒိုများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သေးပြီး ထိုစဉ်က ရဲအရာရှိ အများအပြား သေဆုံးခဲ့သည်။
ဖိလစ်ပိုင် သမ္မတ အကွီနိုက ဇွန်လ ၁၆ ရက် အခမ်းအနားတွင် အစိုးရထံ MILFတို့ လွှဲအပ်လာသည့် လက်နက်ပမာဏသည် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လမ်းကြောင်းတွင် ထင်ရှားစွာ အောင်မြင်မှု ရနေသည်ကို ညွှန်ပြနေကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့ သေနတ်တစ်လက်၊ ဒါမှမဟုတ် လက်နက် တစ်ဒါဇင်လောက် အရေအတွက်ကို ပြောဆိုနေတာ မဟုတ်ပါဘူး။ တကယ့် အဆင့်မြင့် လက်နက်တွေ၊ သက်တမ်းလွန်နေတာ မဟုတ်တဲ့ ခေတ်မီလက်နက်တွေချည်းပဲ လာရောက် အပ်နှံတာပါ။ ဒီလက်နက်တွေကြောင့် လူပေါင်းများစွာ ဆိုးဆိုးရွားရွား ထိခိုက် ခံစားခဲ့ရပြီးပါပြီ”ဟု အကွီနိုက ဆိုသည်။
အစိုးရနှင့် သူပုန်တပ်များသည် ၁၇ နှစ်ကြာအောင် ဆွေးနွေးမှုများ ပြုလုပ်ပြီးမှ ၂၀၁၂ ခုနှစ်၊ ငြိမ်းချမ်းရေး တည်ဆောက်မှု အခြေခံ သဘောတူညီချက်ကို ရရှိခဲ့ခြင်း ဖြစ်သည်။ ဖိလစ်ပိုင်သည် MILF သူပုန်များ အခြေစိုက်ရာ မင်ဒါနာအိုနှင့် အစ္စလာမ်မစ် အစွန်းရောက် အဘူဆာယက်ဖ်အဖွဲ့ အခြေစိုက်ရာ ဂျိုလိုတို့တွင် ခွဲထွက်ရေး လှုပ်ရှားမှုများကို နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည်။
Ref: Aljazeera
7 Day
Tuesday, June 16, 2015
MILF သူပုန်များ ဖိလစ်ပိုင် အစိုးရထံ ပထမဆုံးအသုတ် လက်နက်ချ အလင်းဝင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment