နိရဉ္စရာ၊ ဧပြီ ၂
နိရဉ္စရာ (မေး)- ဒီနယ်မြေက ကြံခိုင်ရေးက အပြတ်အသတ်တည်ဆောက်ထားတဲ့နယ်မြေ၊ NLD ကလည်း အာဏာရှိတဲ့ပါတီဆိုတော့ ဒီနယ်မြေမှာ ဥက္ကဋ္ဌအနိုင်ရတဲ့ အဓိကအကြောင်းတရားက ဘာတွေပါလဲ။ ဘာကြောင့် အနိုင်ရတယ်လို့ သုံးသပ်ပါသလဲ။
ဒေါက်တာအေးမောင်(ဖြေ) - လူထုရဲ့ နိုင်ငံရေး နိုးကြားတဲ့ အသိစိတ်ဓာတ်ပေါ့ဗျာ။ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောရင်ဗျာ အပစ်ပယ်ခံပြည်နယ်တစ်ခုရဲ့ ဘဝ သမိုင်းအရ နိုင်တာပေါ့နော်။ သံဝေဂ ယူစရာတွေ၊ တစ်နည်းအားဖြင့် ရခိုင် လူထုဟာ ၆၉ နှစ်ကြာအောင် ဆင်းရဲတွင်းမှာ ဒုက္ခမျိုးစုံနဲ့ နေကြရတာပေါ့ဗျာ။ အလုပ်အကိုင် အခွင့်အလမ်းမရှိဘူး။ အဲဒါကြောင့် ပြည်ပမှာ အလုပ်အကိုင်သွားရှာကြတယ်။ ပြည်ပ စွန့်ခွာမှုများတယ်။ ကျွန်တော်တို့ဆီမှာဆိုရင် မူလတန်းပညာမသင်နိုင်တဲ့ ကလေးတွေ ၂၂ ရာခိုင်နှုန်း ရှိတယ်လို့ပြောပါတယ်။ ဒီလိုပဲ ကိုယ်ဝန်ဆောင်တဲ့ ကျေးလက်နေ ကလေးမလေးတွေပေါ့ဗျာ။ ၁၂ ရာခိုင်နှုန်းလောက် အသက်ဆုံးရှုံးနေတယ်လို့ UNDP ကပြောပါတယ်။ ဒါ UNDP ရဲ့စာရင်းဇယားအရပေါ့။ အဲဒီတော့ ကျနော်တို့ရခိုင်ပြည်နယ်က ထွက်ရှိတဲ့သယံဇာတတွေကိုပြန်ကြည့်ရင် ရိုးမတောင်ကြီးက ကုန်ပြီဗျ။ သစ်တောတွေအကုန်လုံး။ အဲလို ပင်လယ်ပြင်မှာလည်း ငါးတွေကိုရောင်းစားလို့ ကုန်ပြီ။ နောက် ပင်လယ်ပြင်အောက်ကထွက်တဲ့ သယံဇာတ၊ ဂတ်စ်တို့၊ ဘာတို့၊ သူတို့ရောင်းစားလိုက်တာပဲ။ အဲဒီတော့ ရခိုင်ပြည်နယ်ကိုပြန်တည်ဆောက်ဖို့အတွက် အစိုးရဟာ မေ့နေတယ်။ ပြည်ထောင်စုအစိုးရလည်း ပစ်ထားတယ်။ အဲဒီအခါမှာ ကိုယ့်ပြည်နယ်ကို ကိုယ်တို့ ကိုယ်တိုင်တည်ဆောက်မှဖြစ်မယ်ဆိုတဲ့ အမျိုးသားရေး အားမာန်ကို သမိုင်းနဲ့ချီပြီး ကျနော်တို့ ဒုက္ခတွေ၊ ဒီလိုဒုက္ခတွေကို ရင်ဆိုင်နေခဲ့ကြရတဲ့ နိုင်ငံရေးအသိ။ ဒုက္ခတွေအားလုံးကို ကျနော်တို့အားလုံးက လူထုသိအောင်တင်ပြနိုင်ခဲ့တဲ့အပေါ်မှာ လူထုက ကိုယ့်ပြည်နယ်ကို ကိုယ်တို့ကိုယ်တိုင်ပြန်တည်ဆောက်မှဖြစ်မယ်။ ၆၉ နှစ်လောက်ကနေ ပြည်မပါတီကြီးတွေနှစ်ပေါင်းများစွာ အုပ်ချုပ်လာတဲ့ပုဂ္ဂိုလ်တွေဆီမှာ တပည့်ခံပြီးပြီ။ အဲဒီလို တပည့်ခံတာဟာ တို့ပြည်၊ တို့ဒေသက အဆင်းရဲဆုံးပြည်နယ်ဖြစ်သွားတာပဲ။ ကျနော်တို့ဆီက သယံဇာတတွေကိုလည်း ယူသွားတယ်။ ကျနော်တို့ဆီက လူထုတွေ ပညာမသင်နိုင်ဘူး။ လမ်းမကောင်းဘူး။ တံတားမကောင်းဘူး။ အဲလို ဒုက္ခပင်လယ်ထဲမှာ ပွင့်ပွင့်လင်းလင်းပြောရင် အဖိနှိပ်ခံပေါ့ဗျာ။ တစ်နည်းအားဖြင့်ပြောရရင် အအုပ်ချုပ်ခံတိုင်းရင်းသားအဖြစ်ကို နှစ်ပေါင်း အတော်လောက် ခံခဲ့ကြရပြီ။ တို့ကိုယ်တိုင် ရုန်းကန်မှဖြစ်မယ်ဆိုတဲ့ နိုင်ငံရေးအသိရသွားတဲ့အတွက်ကြောင့် ရခိုင်အမျိုးသားပါတီနဲ့ ရပ်တည်ချက်တူတူဖြစ်သွားပြီး အမ်းလူထုက ရခိုင်အမျိုးသားပါတီ၊ ရခိုင်လူထုနဲ့အတူ ရပ်တည်နိုင်လောက်တဲ့ နိုင်ငံရေးအသိရှိလာတဲ့အခါမှာ ရခိုင်အမျိုးသား ပါတီကိုယ်စားပြုတဲ့ ပါတီ နိုင်သွားတာပေါ့။ အဲဒါက နိုင်ငံရေးနိုးကြွလာတာ ဖြစ်သလို ဇာတိသွေး၊ ဇာတိမာန်ကိုပြန်တည်ဆောက်ဖို့အသင့်ဖြစ်တယ်ဆိုတဲ့ ရခိုင်တို့ရဲ့ဆန္ဒကို အမ်းကနေ ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။
(ဤ အင်တာဗျူးသည် နိရဉ္စရာ သတင်းဌာနမှ ယခုလထုတ် ဂျာနယ်တွင် ဖော်ပြမည့် အင်တာဗျူးရှည်ထဲမှ တစ်ပိုဒ် ဖြစ်ပါသည်။ ဤအင်တာဗျူးသည် နိရဉ္စရာ၏ မူပိုင် ဖြစ်ပါသဖြင့် ခွင့်ပြုချက်မရှိဘဲ စာစောင်များပုံနှိပ် ဖော်ပြခြင်း၊ အပိုင်းလိုက် ဖြတ်ပြီး ကူးယူ အသုံးပြုခြင်းများ မပြုလုပ်ကြပါရန် အထူး မေတ္တာရပ်ခံအပ်ပါသည်။ ဖေ့စ်ဘုတ် သုံးသူများ အနေဖြင့်လည်း နိရဉ္စရာသတင်းဌာနကို Credit ပေးပြီး ဤအင်တာဗျူးအား လွတ်လပ်စွာ အသုံးပြုနိုင်ပါသည်။)
Credit-နိရဉ္စရာ



No comments:
Post a Comment