Friday, May 26, 2017

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ ဒေါ်စု တွေ့ဆုံဆွေးနွေး



နိုင်ငံတော်အတိုင်ပင်ခံနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေ ၂၁ ပင်လုံဖွင့်ပွဲနေ့ အခမ်းအနားတွင် တွေ့ရစဉ်။
နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် ညီလာခံမှာ တက်ရောက်လာတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO, UWSA ၀ အဖွဲ့၊ NDAA မိုင်းလားအဖွဲ့၊ SSPP/SSA (မြောက်ပိုင်း) ရှမ်းအဖွဲ့တို့နဲ့ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်မှာ ဒီကနေ့ နေ့လည်ပိုင်း တွေ့ဆုံခဲ့ပြီး၊ ညနေပိုင်းမှာတော့ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေး ညီလာခံမှာ တက်ရောက်လာတဲ့ ရခိုင်တပ်မတော် AA, တအာင်း ပလောင်အဖွဲ့ PSLF/TNLA၊ MNDAA ကိုးကန့်အဖွဲ့တို့နဲ့ ထပ်မံတွေ့ဆုံပါတယ်။

ငြိမ်းချမ်းရေး ညီလာခံတွေမှာ တွေ့ဆုံမှုတွေနဲ့ပတ်သက်လို့ အစိုးရတာဝန်ရှိသူတွေဖက်က တစုံတရာ ပြောဆိုတာမျိုး မရှိသေးပေမဲ့ UWSA ၀ အဖွဲ့ကတော့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ရဲ့ သဘောထားတွေကို တင်ပြခဲ့ကြောင်း တွေ့ဆုံမှု အပြီးမှာပဲ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း အစိုးရက တိုက်တွန်းနေသလို တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး (NCA) လက်မှတ်ရေးထိုးပြီးမှ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်မယ့်မူဝါဒကို လက်ခံမှာ မဟုတ်ကြောင်းလည်း ပြောဆိုခဲ့ကြပါတယ်။

မြန်မာအစိုးရက ကျင်းပနေပြီး စနေနေ့မှာ အဆုံးသတ်မယ့် ငြိမ်းချမ်းရေး ညီလာခံကိုတော့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမထားသေးတဲ့ အဖွဲ့တွေ ပါဝင်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) က တန်းတူရည်တူ ဆွေးနွေးခွင့် ရမှာမဟုတ်တဲ့အတွက်ဆိုပြီး မတက်ဖို့ ဆုံးဖြတ်ထားတာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments: