ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၊ လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍ ဘင်္ဂလီ ဖက်မှ တစ်ဖက်သတ် ဘက်လိုက်ကာ ထုတ်ပြန်သည့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အစီရင်ခံစာများကို အသိအမှတ် မပြုကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူနည်းစု များအပေါ် အစိုးရက မူဝါဒချကာ လူ့အခွင့်အရေး ချိုးဖောက် နေသည်ဟု အရှေ့တောင်အာရှ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် Fortify Right အဖွဲ့အစည်းက ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာနှင့် ပတ်သက်၍ ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်ရှိ နှစ်ဖက်အသိုင်းအဝိုင်း၏ အခြေအနေ အရပ်ရပ်ကို စိစစ် တင်ပြထားခြင်း မဟုတ်ဘဲ တစ်ဖက်သတ်ဆန်သော အစီရင်ခံစာများကို အစိုးရအနေနှင့် လက်မခံကြောင်း ဦးရဲထွဋ်က ရှင်းပြသည်။
“ဘင်္ဂါလီတွေကိုပဲ လော်ဘီ လုပ်နေတဲ့ အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေကို အသိအမှတ်လည်း မပြုဘူး။ အလေးလည်း မထားဘူး။ ရခိုင်ပြည်နယ်မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ ဒေသခံ ပြည်သူတွေနဲ့ အဲဒီမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေက ကောင်းကောင်းသိပါတယ်” ဟု ၎င်းကဆိုသည်။
Fortify Right အဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးအပေါ် မြန်မာအစိုးရက လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊ ကိုးကွယ်ခွင့်၊ ပညာသင်ကြားခွင့်၊ လက်ထပ် ထိမ်းမြားခွင့်နှင့် ကလေးမွေးဖွားခွင့်ကို ကန့်သတ် ပိတ်ပင်ထားကြောင်း ထည့်သွင်း ဖော်ပြထားသည်။
အလားတူ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့အစည်း အချို့ကလည်း ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို လူ့အခွင့်အရေး ချိုးဖောက် ခံရမှုများတွင် မြန်မာအစိုးရ ပါဝင် ပတ်သက်မှုများ ရှိနေသည်ဟု စွပ်စွဲထားကြသည်။
No comments:
Post a Comment