Monday, April 14, 2014

ဘရိတ်ပေါက်ပြီး ယာဉ်ချောက်ထဲထိုးကျတိမ်းမှောက်၍သေဆုံး၊ ဒဏ်ရာရ


နေပြည်တော်၊ ဧပြီ ၁၃
၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့နေ့လည် ၁၁ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်နေ တင်ကိုကို(၄၄)နှစ် မောင်းနှင်လာသည့် ၂င/xxxx “အိုအေစစ်” ခရီးသည်တင်မှန်လုံယာဉ်သည် ခရီးသည်များတင်ဆောင်ပြီး မြ၀တီမှကော့ကရိတ်ဘက်သို့ မောင်းနှင်လာစဉ် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-မြ၀တီကားလမ်း၊ တရုတ်ဖြူတောင်နှင့်အလယ်ဘိုတဲကြား၊ မိုင်တိုင်အမှတ်(၈၆/၆-၇)ကြား ဓမ္မအောင်ဘုရားအနီးအရောက်တွင် ဘရိတ်ပေါက်ပြီးအရှိန်မထိန်းနိုင်ဘဲလမ်း၏၀ဲဘက်ပေ(၅၀)ခန့်ချောက်ထဲသို့ထိုးကျတိမ်းမှောက်ခဲ့သည်။ ယာဉ်တိမ်းမှောက် ကြောင်း သတင်းရလျှင်ရခြင်း ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မတော်သားများပါဝင်သည့်ပူးပေါင်းအဖွဲ့သည် အခင်းဖြစ်နေရာသို့သွားရောက်ပြီး ဒဏ်ရာရ၊ သေဆုံးသူများအားဆယ်တင်ရန်နှင့်ဆေးရုံသို့ပို့ရန်ဆောင်ရွက်ခဲ့သည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် (၇)ဦးသေဆုံးသွားခဲ့ပြီး ကျား(၁၂)ဦး၊ မ(၂၇)ဦး၊ စုစုပေါင်း(၃၉)ဦး ဒဏ်ရာရရှိခဲ့၍ ဒဏ်ရာရသူများအား ကော့ကရိတ် ပြည်သူ့ဆေးရုံသို့ပို့ ဆောင်ပေးခဲ့သည်။ ယာဉ်ပေါ်ပါခရီးသည်များ၏ခရီးဆောင်အိတ်များ၊ ကုန်ပစ္စည်းများ၊ ငွေများအား ကော့ကရိတ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ “အိုအေစစ်” ယာဉ်လိုင်းမှတာဝန်ရှိသူများနှင့် ပူးပေါင်းဆယ်ယူခဲ့ကာ ပိုင်ရှင်များ ထံ ပြန်လည်ပေးအပ်ခဲ့ပြီး ယာဉ်မောင်း တင်ကိုကိုအား ကော့ကရိတ်မြို့မရဲစခန်း၊ ယာဉ်(ပ)၁၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၈/ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments: