Friday, April 18, 2014

လမ်းလျှောက် ရခိုင်သံဃာတော် ငါးပါး သံတွဲကို ရောက်ရှိ

ရခိုင်ပြည်နယ် ကျေးလက်ဒေသတွေ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကျောက်ဖြူ မြို့မှာ ကျင်းပပြုလုပ်မယ့် ရခိုင် အမျိုးသားညီလာခံမှာ တက်ရောက်ဆွေးနွေး ဖို့ သံဃာတော် ငါးပါးဟာ ဂွမြို့ကနေ မိုင် ၂ဝဝ ကျော်ဝေး တဲ့ ကျောက်ဖြူမြို့ ကို လမ်းလျှောက်ကြွချီနေရာမှာ ဒီကနေ့ သံတွဲမြို့နယ် ထဲကို ရောက်ရှိ လာကြပါတယ်။

အခုလို ညီလာခံတက်ဖို့ လမ်းလျှောက်ကြွချီရတဲ့ ရည်ရွယ် ချက်နဲ့ပတ်သက်ပြီး လမ်းလျှောက်ကြွနေတဲ့ ဆရာတော် အရှင်ရက္ခဝံသ က RFA ကိုအခုလို မိန့်ပါတယ်။

"ဦးဇင်း လမ်းလျှောက်နေတဲ့ ရည်ရွယ်ချက်ကတော့ လမ်းတလျှောက် လုံးပြည်သူလူထုတွေနဲ့တွေ့မယ်၊ပြည်သူ လူထုတွေထဲမှာ ဘာတွေ ခံစားချက်ရှိလဲ ဥပမာ မီးရ ရှိရေး၊ရေရရှိရေး အဲ့ဒါပြည်သူလူထုတွေရဲ့ အခတ်အခဲ ကို ပြည်သူလူထုတွေနဲ့ ထိတွေ့ ပြီးတော့သူတို့ဆီက သင်ပေး လိုက်တဲ့ဟာကို ဦးဇင်းက ညီလာခံမှာ တင်ပြမယ်ပေါ့၊ရည်ရွယ်ချက်ကတော့ အဲ့ဒါပါ"

ဂွမြို့ကနေ သံတွဲမြို့ကို လမ်းခရီးခဲ့တဲ့အချိန်အတွင်း လျှပ်စစ်မီး ရရှိဖို့နဲ့ သောက်သုံးရေရရှိဖို့အတွက် နယ်ဒေသတွေပြည်သူတွေက ဆရာတော်တွေကိုလျှောက်ထားခဲ့ပြီး အဲဒီကိစ္စတွေကို ရခိုင်အမျိုးသား ညီလာခံမှာ တင်ပြသွားမယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

ရခိုင်အမျိုးသားညီလာခံကို လာမယ့် ဧပြီလ ၂၇ ရက်နေ့ကနေ မေလ ၁ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံ မကွေးစာသင်တိုက်မှာ သီတင်းသုံးနေတဲ့ ဆရာတော် အရှင်ရက္ခဝံသ ဟာ မြောက်ဒဂုံစာသင်တိုက်တွေက သံဃာတော်တွေနဲ့အတူ ဧပြီလ ၁၁ ရက်နေ့က ရခိုင်ပြည်နယ် ဂွမြို့ကနေ စတင်လမ်းလျှောက်ကြွချီနေတာဖြစ်ပြီး လမ်းခရီးတစ်လျှောက်က ဒေသခံတွေပူးပေါင်းပါဝင်တာကြောင့် အခုဆိုရင် လူ၁ဝဝ နီးပါး ရှိသွားပြီးလို့လည်းသိရပါတယ်။


RFA

No comments: