Saturday, June 13, 2015

လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံ ၁၇ ခုမှ စွန့်ပစ် ရေတွင် အာဆင်းနစ်ဓာတ် တွေ့ရှိ

လှိုင်သာယာ စက်မှုဇုန် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-မဇ္ဈိမ
Written by  ခင်မြတ်မြတ်ဝေ
မဇ္စျိမ
လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ အအေးခန်းစက်ရုံနှင့် အထည်ဆေးဆိုး စက်ရုံ (၁၇)ရုံမှ စွန့်ပစ်ရေများတွင် လူကို ဒုက္ခဖြစ်စေသည့် အာဆင်းနစ် ဓာတ်ပါဝင်နေသောကြောင့် ထပ်မံစစ်ဆေးတွေ့ရှိပါက လုပ်ငန်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူမည်ဟု လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင် က မဇ္ဈိမကို ပြောသည်။

“နဂိုကတည်းက စစ်ဆေးတယ်။ စည်ကမ်း မလိုက်နာတဲ့ စက်ရုံကို လုပ်ငန်းလိုင်ဆင် ပိတ်သိမ်းတာမျိုးတွေ လုပ်နေတယ်။ လစ်ဟင်းတာက အပြင်က ငှားတဲ့ စက်ရုံတွေ ငါးလုပ်ငန်း လိုင်စင်တွေနဲ့ အသိ မပေးဘူး ဝင်လာတယ်။ အဲဒါကို စည်ပင်က ခွင့်ပြုပေးလိုက်တယ် ငှားတဲ့ သူတွေကြောင့်ပါ ဘယ်စက်ရုံဆိုတာ ပြောလို့ မကောင်းဘူး"ဟု ၎င်းက ပြောသည်။

သတိပေးခံရသည့် စက်ရုံများထဲတွင် အထည်ချုပ်စက်ရုံ၊ အအေးခန်းစက်ရုံနှင့် သွပ်ပြားစက်ရုံများ ပါဝင်သည်ဟု ဦးမြတ်သင်းအောင်က ပြောသော်လည်း စက်ရုံ အမည်များကိုမူ ပြောဆိုရန် ငြင်းဆန်ခဲ့သည်။

စက်ရုံများတွင် အာဆင်းနစ်ပါဝင်မှုကို စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ စက်ရုံအလုပ်ရုံ အနီးရှိ ရေမြောင်းများကို သုတေသန စစ်ဆေးချက်အရ တွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး စက်ရုံစွန့်ပစ်ရေတွင် ဓာတုပစ္စည်း တစ်မျိုးကို လျှော့ထည့်ကာ စွန့်ပစ်ခြင်းကြောင့် အာဆင်းနစ်ဓာတ် ပါဝင်ခြင်းဖြစ်သည်ဟု သုတေသန လုပ်သည့် စိမ်း လန်း အမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဓာတ်ခွဲခန်းပညာရှင် ဒေါက်တာ ကျော်ငြိမ်းအေးက မဇ္ဈိမကို ပြောသည်။

“အဓိက စားသောက်ကုန်လုပ်ငန်းနဲ့ ဓာတုဗေဒလုပ်ငန်း လုပ်တဲ့ စက်ရုံတွေရဲ့ စွန့်ပစ်ရေတွေကြောင့်” ဟု ၎င်းက ပြောသည်။

စိမ်းလန်း အမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းသည် စက်မှုဇုန်များအနီးရှိ ရေမြောင်းများက ရေကို နမူနာယူကာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာမှ ၂၀၁၅ ခုနှစ်၊ ဧပြီလအထိ လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ နေရာ ၁၃ ခု တွင် လိုက်လံစစ်ဆေးခဲ့သည်။

အာဆင်းနစ်ဓာတ်သည် ပိုးသတ်ဆေး၊ ကြွက်သတ်ဆေး၊ အိမ်သုတ်ဆေး၊ မှန်အနောက်နှင့် ကြွေရည်သုတ် ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုလေ့ရှိသည်။

ယင်းဓာတ် ပါဝင်သည့် ရေများမှာ နောက်ကျိခြင်း၊ နိုက်ထရိုက် ပမာဏများခြင်း၊ သံဓာတ် ပမာဏများခြင်းနှင့် ကလိုရိုက်၊ ရေစေးမှုပမာဏ များခြင်းတို့ တွေ့ရှိရ သည် ဟု ဆိုသည်။ အာဆင်းနစ်ဓာတ်ပါသည့် ရေကို သောက်သုံးမိပါက ဝမ်းပျက်ဝမ်းလျော ရောဂါမှစပြီး အစာအိမ်ကင်ဆာ အထိ ဖြစ်နိုင်သည်ဟု ဒေါက်တာ ကျော်ငြိမ်းေ အးက ပြောသည်။

စက်ရုံလုပ်ငန်းရှင်များက မိမိစက်ရုံအတွင်း ကိုယ်ပိုင်ဓာတ်ခွဲခန်းနှင့် စွန့်ပစ်ပစ္စည်းများတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိ မရှိကို ထိန်းချုပ်နိုင်သည့် စနစ်မျိုး ပြုလုပ် သင့်သည်ဟု ဒေါက်တာကျော်ငြိမ်းအေးက အကြံပြုထားသည်။

ရန်ကုန်တိုင်းအတွင်း စက်မှုဇုန်ပေါင်း ၂၄ ခုရှိပြီး စက်ရုံပေါင်း ၃,၅၀၀ ကျော်ရှိသည်။


No comments: