Wednesday, February 18, 2015

Sony ရဲ့ စမတ်မျက်မှန်ကို ရောင်းပြီ

Sony-Glass-618x395

Sony ရဲ့ စမတ်မျက်မှန်ကို ရောင်းပြီby: Thu Ya

Sony က SmartEyeglass လို့ အမည်ပေးထားတဲ့ စမတ်မျက်မှန်ရဲ့ Developer Edition ကို ရောင်းချပေးလိုက်ပါပြီ။
စမတ်မျက်မှန်မှာ ဖောက်ထွင်းမြင်ရတဲ့ မှန်ကို တပ်ဆင်ထားတဲ့အတွက် သာမာန်အတိုင်းပဲ မြင်ကွင်းများကို ကြည့်ရှုနိုင်မှာ ဖြစ်သလို အီးမေး၊ Message လို အရာများကို မျက်မှန်ကနေ မြင်တွေ့ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ စမတ်မျက်မှန်ကို စမတ်ဖုန်းနဲ့ ချိတ်ဆက်နိုင်ပြီး Smartphone Apps များမှ သတင်းအချက်အလက်များ၊ အချက်ပေးမှုများကို သိနိုင်ပါတယ်။ စမတ်မျက်မှန်ကို တစ်ခါအားသွင်းထားရင် ၂ နာရီခွဲ အသုံးခံပါတယ်။
Sony ရဲ့ စမတ်မျက်မှန်ဟာ စမတ်မျက်မှန် နယ်ပယ်မှာ အစောဆုံး ခြေချခဲ့တဲ့ Google Glass လို ဖြစ်ပါတယ်။ ဒါပေမယ့် Google Glass ရောင်းချမှုကို ဒီနှစ်အစောပိုင်းမှာပဲ Google က ရပ်နားထားပါတယ်။ Google Glass ကို ဒေါ်လာ ၁၅၀၀ နဲ့ Glass Explorer အစီအစဉ်ကနေ အကန့်အသတ်နဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။
Google Glass ကို အသံနဲ့ အမိန့်ပေးခိုင်းစေလို့ ရပေမယ့် Sony ရဲ့ စမတ်မျက်မှန်ကို ထိန်းချုပ်ဖို့အတွက် ဘက်ထရီ၊ စပီကာ၊ မိုက်ကရိုဖုန်းနဲ့ ထိတွေ့ထိန်းချုပ်ခလုတ်တွေ ပါတဲ့ Control Unit ကို ကြိုးနဲ့ ချိတ်ဆက်ထားရမှာ ဖြစ်ပါတယ်။
ဒီဇိုင်းအပိုင်းမှာတော့ Google Glass က Sony ထက် သာလွန်လှပပါတယ်။ ဈေးနှုန်းအပိုင်းမှာတော့ Sony ရဲ့ စမတ်မျက်မှန်က ဒေါ်လာ ၈၄၀ သာရှိပြီး မတ်လမှာ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနဲ့ ဂျပန်တို့မှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ ဗြိတိန်နဲ့ ဂျာမနီမှာတော့ ကြိုတင်မှာယူမှုများကို ပြုလုပ်နိုင်ပါပြီ

မြန်မာနိုင်ငံသည် အဆင့်မြင့်အီလက်ထရွန်နစ်ထုတ်ကုန်များ သုံးစွဲရန်အသင့် ရှိကြောင်း ဆမ်ဆောင်းကပြောကြား



၂ဝ၁၅ နေ့စဉ်လူနေမှုဘဝတွင် အဆင့်အတန်းမြင့်မား သည့် နည်းပညာများ၏ အကူအညီကိုရယူကာ အလွယ် တကူ ဖြတ်သန်းနိုင်ရေးအတွက် ဆမ်ဆောင်းအီလက် ထရွန်နစ်မှ လေ့လာတွေ့ရှိချက်များအရ မြန်မာနိုင်ငံသည် နောက်ဆုံးပေါ် နည်းပညာပစ္စည်းများ သုံးစွဲရန်အဆင်သင့် ရှိနေသည်ကို မြင်တွေ့ရကြောင်း ကိုရီးယားနိုင်ငံအခြေ စိုက် ဆမ်ဆောင်းအီလက်ထရွန်နစ်မှ သိရသည်။

မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကို ပိုမို နားလည်ဆောင်ရွက်လာကြသည်နှင့်အပြိုင် သုံးစွဲသူ အများစုမှာလည်း နိုင်ငံတကာအဆင့်မီ ကုန်စည်များကို ပိုမိုသုံးစွဲလာကြသည်။
''မြန်မာစားသုံးသူတွေက နောက်ဆုံးပေါ် နည်းပညာ ထုတ်ကုန်တွေကိုသုံးစွဲမှုနှုန်း အလွန်မြင့်မားတာကို တွေ့ ရပါတယ်။ စမတ်ဖုန်းသုံးစွဲသူဦးရေ၊ အဆင့်မြင့်အိမ်တွင်း အီလက်ထရွန်နစ် သုံးစွဲသူဦးရေဟာ မျှော်မှန်းထားတာ ထက် ပိုမိုနေပါတယ်။

ဝယ်ယူသုံးစွဲမှုအပြင် အသုံးချနိုင်တဲ့ စွမ်းရည်တွေပါ တိုးတက်လာတာကြောင့် နည်းပညာ ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ ဈေးကွက်ဝေစုပိုမိုရရှိနိုင်ဖို့ မျှော်လင့်ကြပါတယ်။ ယခင်က သုံးစွဲသူတွေကို ထုတ် ကုန်ရောင်းချခဲ့တဲ့စနစ်ကျင့်သုံးပြီး မြန်မာဈေးကွက်ကို ဖြန့်ဖြူးပါတယ်။ ၂ဝ၁၅ခုနှစ်ကနေစပြီး B to B လို့ခေါ်တဲ့ စီးပွားရေးကနေ စီးပွားရေးအချင်းချင်း ဆောင်ရွက်ဖို့ကို ပိုမိုဆောင်ရွက်သွားမယ်။ ဥပမာအနေနဲ့ ရုံးခန်းတစ်ခုလုံး ကို လိုအပ်တဲ့နည်းပညာတွေ ထည့်သွင်းတည်ဆောက် တာမျိုးကိုဆိုလိုပါတယ်။ မြင့်မားတဲ့ အီလက်ထရွန်နစ် ရုံးခန်းတွေ၊ အလုပ်ရုံတွေက စီးပွားရေးကဏ္ဍ စတင်တည် ဆောက်နေဆဲအချိန်မှာ လိုအပ်တာကြောင့်ဖြစ်တယ်'' ဟု အရှေ့တောင်အာရှနှင့် အင်ဒိုချိုင်းနားကျွန်းဆွယ်တို့၏ ဆမ်ဆောင်းအီလက်ထရွန်နစ် အမှုဆောင်အရာရှိချုပ် Yong Sung Jeon က ပြောကြားသည်။

တိုးတက်လာသည့် နည်းပညာများဖြင့် နေ့စဉ်လူနေမှု ဘဝများအတွင်းမှ မီးဖိုချောင်အကူပစ္စည်းများကို ဆမ် ဆောင်းမှ ၂ဝ၁၅ ခုနှစ်အတွင်း တိုးတက်ထုတ်လုပ်သွားရန် ကြေညာထားခဲ့ပြီး အာဆီယံနိုင်ငံများအတွင်း မြန်မာ နိုင်ငံသည် ဆမ်ဆောင်းအတွက် အိမ်အသုံးအဆောင် အီလက်ထရွန်နစ်နည်းပညာများနှင့် နည်းပညာမြင့် နောက်ဆုံးပေါ် အသုံးအဆောင်များကို သုံးစွဲနိုင်ရန် အတွက် အဆင်သင့်ဖြစ်နေသည်ကို လေ့လာတွေ့ရှိရ ကြောင်း သိရသည်။

နည်းပညာမြင့် စမတ်ဖုန်းသုံးစွဲသူ ဦးရေသည် ပုံမှန် သုံးစွဲသူဦးရေနှင့် နှိုင်းယှဉ်ပါက သုံးပုံတစ်ပုံခန့်ရှိကြောင်း လေ့လာတွေ့ရှိခဲ့ကြပြီး ဆမ်ဆောင်းမှ မြန်မာနိုင်ငံအတွင်း ရှိ အီလက်ထရွန်နစ်ဈေးကွက်နေရာကို ပိုမိုရယူရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

''တီဗွီ၊ အဲယားကွန်း၊ ရေခဲသေတ္တာ၊ စမတ်ဖုန်း အစ ရှိတဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေဟာ တိုးတက်လာတဲ့ လူမှုဘဝတွေမှာ မရှိမဖြစ်အရာတွေ ဖြစ်လာတယ်။ နိုင်ငံ ရဲ့ တိုးတက်မှုတွေကို အဆင့်မြင့်နည်းပညာ သုံးစွဲမှုအပေါ် မူတည်ပြီး တိုင်းတာနိုင်တဲ့အတွက် နောက်ပိုင်းမှာ အီလက်ထရွန်နစ် ထုတ်ကုန်စက်ရုံတွေလည်း ပေါ်ပေါက် လာနိုင်ပါတယ်'' ဟု အီလက်ထရွန်နစ်အင်ဂျင်နီယာ ဒေါက်တာဖြိုးဝေပိုင်က ပြောသည်။

အရှေ့တောင်အာရှ စစ်တမ်းများအတွင်း မြန်မာနိုင်ငံ သည် နည်းပညာသုံးစွဲမှုများတွင် အဆင့်နိမ့်ကျမှုမှ စတင် ကင်းလွတ်ရန် အရှိန်ယူနေပြီး လာမည့်တစ်နှစ်အတွင်း နည်းပညာသုံးစွဲမှု သာမန်အဆင့်သို့ ရောက်ရှိနိုင်ကြောင်း စီးပွားရေးပညာရှင်ဒေါက်တာ Thomas Clam က ပြော သည်။  

Myanmar Forward 

ကိုးကန့်တိုက်ပွဲနဲ့ မြစ်ဆုံစီမံကိန်း ဆက်စပ်မှုရှိနိုင်တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ပြောကြား

လောက်ကိုင်ဒေသမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာပြမြေပုံ။ Photo: Hmuu Zaw
မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးက ကိုးကန့်ဒေသ မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ပြည်တွင်းက တရုတ်ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်မှု ရှိနိုင်တယ်လို့ ဝေဖန်ပြောကြား လိုက်ပါတယ်။

ဒီပြသနာရဲ့ နောက်ကွယ်မှာ လက်ပံတောင်းတောင် ၊ မြစ်ဆုံစတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လက်ရှိ အခြေအနေတွေအပေါ် မကြေနပ်မှုပယောဂတွေ ပါဝင်နိုင်တယ်

လို့ RFA က ဗုဒ္ဓဟူးနေ့ မနက် ဆက်သွယ်မေးမြန်း ခဲ့ရာမှာ ဦးတင်ဦးက ပြောကြားလိုက်တာဖြစ်ပါတယ်။

"မြှောက်ပြုပေးတဲ့ဟာပါတယ်ပေါ့၊ လက်ပံတောင်း ကိစ္စတို့ ဘာတို့ကလည်း ရှိတာတစ်မျိုး နောက်မြစ်ဆုံ တို့ ဘာတို့က ဖြစ်တာတွေကကတစ်မျိုး အဲဒီ့ဟာတွေရှိတဲ့ အခါကျတော့ ဒါတစ်နေရာမှာ အခြေအနေ မတည်မငြိမ်အောင်များ အမှန်ကတော့ ဗျာ ပြေလည်နေလို့ရှိရင်တော့ သူတို့မွေးထားတဲ့ သူတွေကို ငြိမ်စေပေါ့နော်၊ နည်းနည်းပါးပါး သူတို့ဘက်က ဟိုဒင်းဖြစ်လာတယ်ထင် လာရင်တော့ အဲဒီ့မွေးထားတဲ့သူတွေကို အဲဒီ့မွေးထားတဲ့အတိုင်းပဲ ဒုက္ခပေးတတ်တာ ကတော့ သတိထားနေရတာပဲ"

သူ့ရဲ့စစ်ရေးအတွေ့အကြုံအရ အဲဒီ့ဒေသမှာရှိတဲ့ အဖွဲ့အစည်းတွေကို မြန်မာ့တပ်မတော်အနေနဲ့ ယုံကြည်စိတ်ချလို့ မရနိုင်ဘူးလို့လည်း ဦးတင်ဦးကပြောပါတယ်။

ဒီအတောအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖေဖေါ်ဝါရီလ ၁၇ ရက် မနေ့က နေ့စွဲနဲ့ အမိန့် ၂ စောင် ထုတ်ပြန်ခဲ့ပါတယ်။ ပထမကြေညာချက်မှာ ကိုးကန့်ဒေသကို အုပ်ချုပ်ဖို့အတွက် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ပုဒ်မ ၁၄၄ နဲ့ မလုံလောက်တဲ့အတွက် မနေ့ကစပြီး ရက်ပေါင်း ၉ဝ အတည်ဖြစ်မယ့် အရေးပေါ် အခြေအနေကို ကြေညာလိုက်ကြေင်း ဖေါ်ပြထားပြီး ဒုတိယအမိန့်မှာတော့ ကိုးကန့်ဒေသအုပ်ချုပ်ရေးအတွက် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ကာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတွေ အပ်နှင်းလိုက်ကြောင်း ဖေါ်ပြထားပါတယ်။

တဆက်တည်းမှာပဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လောက်ကိုင်မှာ ရှိတဲ့ ဒေသကွပ်ကွဲရေးမှူး ဗိုလ်မှူးကြီး စောမြင့်ဦးကို ကိုးကန့်ဒေသအုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်တွေ လွှဲအပ်လိုက်ကြောင် ကြေညာခဲ့ပါတယ်။

ဒီအတောအတွင်း လောက်ကိုင်ဒေသက ထွက်ပြေးလာတဲ့ ဟန်တရုတ်လူမျိုး ငါးသောင်းကို ယူနန်အာဏာပိုင်တွေက ကူညီစောင့်ရှောက်ထားကြောင်းနဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ဦးထွန်းမြတ်လင်းက သူတို့အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လိုလားပေမဲ့ တိုင်းပြည်ပြိုကွဲမှာကိုတော့ မဖြစ်စေချင်ပါဘူးလို့ ပြောဆိုကြောင်း ဒီကနေ့ထုတ်ဝေတဲ့ တရုတ်ပြည်သူ့နေ့စဉ်သတင်းစာမှာ ဖေါ်ပြထားပါတယ်။

သစ်​ထူးလွင်​မှ

ISIS စစ်သွေးကြွ များက အီရတ်နိုင်ငံ အနောက်ပိုင်းတွင် လူပေါင်း ၄၅ ဦးကို မီးရှို့သတ်ဖြတ်



ဘဂ္ဂဒက် ၊ ၁၈-၂-၂ဝ၁၅

ISIS စစ်သွေးကြွ များသည် အီရတ်နိုင်ငံ အနောက်ပိုင်းရှိ မြို့တစ်မြို့တွင် လူပေါင်း ၄၅ ဦးကို မီးရှို့သတ်ဖြတ် ခဲ့ကြောင်း သိရသည်။

အဆိုပါ ISIS စစ်သွေးကြွ များသည် ယခု သတ်ဖြတ်ခြင်း ခံရသူများကို မည်သည့် အကြောင်းအရင်း ကြောင့် သတ်ဖြတ်ခဲ့ခြင်း နှင့် သတ်ဖြတ်ခံ ရသူများမှာ မည်သူတို့ ဖြစ်ကြောင်းကို အတိအကျ မသိရသေး သော်လည်း မီးရှို့ သတ်ဖြတ် ခံရသူများမှာ ISIS စစ်သွေးကြွ အဖွဲ့က လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်း က ဖမ်းဆီးခံ ရသည့် အင်အာဆတ် လေတပ် အခြေစိုက်စခန်း အနီးရှိ အယ်လ်ဘတ်ဂ်ဒါဒီ မြို့မှ လုံခြုံရေး တပ်ဖွဲ့ဝင်များ ဖြစ်နိုင်ခြေ ရှိကြောင်း ဒေသတွင်းရှိ ရဲတပ်ဖွဲ့မှ အကြီးအကဲ က ပြောကြား ခဲ့သည်။

ယခုအခါ ISIS စစ်သွေးကြွ များ၏ တိုက်ခိုက်မှုမှ ကာကွယ်ပေးရန် အတွက် အစိုးရနှင့် နိုင်ငံတကာ အသိုက်အဝန်း အား အကူအညီ တောင်းဆို ထားကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

လစ်ဗျားနိုင်ငံ အတွင်းရှိ ISIS စစ်သွေးကြွ များသည် အီဂျစ် နိုင်ငံသား ၂၁ ဦးကို ခေါင်းဖြတ် ကွပ်မျက် ခဲ့ခြင်းကြောင့် အီဂျစ်အစိုးရ က ဖေဖော်ဝါရီ ၁၆ ရက်တွင် လေကြောင်း မှ တိုက်ခိုက် ခဲ့ရာ ISIS စစ်သွေးကြွ အနည်းဆုံး ၄ဝ ဦးခန့် သေဆုံးခဲ့ ကြောင်းနှင့် ယင်း စစ်သွေးကြွ များသည် ဂျော်ဒန်နှင့် အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်း တပ်ဖွဲ့များ၏ ဗုံးကြဲ တိုက်ခိုက်ခြင်း ကိုလည်း ခံရလျက် ရှိကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com/2015/02/isis_40.html

ဒေသတွင်း အငြင်းပွားနေသည့်ကြားက အမေရိကန်နိုင်ငံက စင်ကာပူတွင် စစ်သင်္ဘောများ ဖြန့်ကြက်ထားမည်

Written by  
(စင်ကာပူ)။ ။ အရှေ့ တောင်အာရှတွင် အမေရိကန်စစ်အင်အားကို ပိုမိုတိုးချဲ့ နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်အကုန်ခင် စင်ကာပူနိုင်ငံ ကမ်းခြေဒေသများတွင် တိုက်ခိုက်ရေး စစ်သင်္ဘော လေးစင်းကို ဖြန့် ကြက်သွားမည်ဖြစ်ကြောင်း အမေရိကန်က ပြောကြားသည်။
US-warships-heading-to-Singapore
အမေရိကန် အမှတ် ၇ စစ်သင်္ဘောစု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် စင်ကာပူတွင် ကမ်းခြေတိုက်ခိုက်ရေး စစ်သင်္ဘော (LCS) လေးစီးကို ဖြန့်ကြက် ချထားမည်ဖြစ်ကြောင်း ရေတပ်ဗိုလ်ချုပ်ကြီး ချားလ်စ်ဝီလီယံက အတည်ပြုပြောသည်။
“ကျွန်တော်တို့ ရဲ့ စစ်သင်္ဘောလေးစင်းကို ၂၀၁၇မေလကနေပြီး ၂၀၁၈ ခုနှစ်အတွင်း ဖြန့်ကြက်ချထားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစစ်သင်္ဘော လေးစင်းလုံးဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ အပြီးသတ် စင်ကာပူမှာ ဖြန့်ကြက်ထားနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဝီလီယံက ပြောသည်။
ယင်းစစ်သင်္ဘောအုပ်စုသည် ၂၀၁၃ ခုနှစ်အတွင်းက စင်ကာပူသို့ အမေရိကန်ပေးပို့ ထားသည့် ကမ်းခြေစစ်သင်္ဘော USS Freedom နေရာတွင် အစားထိုးသွားမည် ဖြစ်သည်။
ယင်းသို့ စစ်သင်္ဘောများ ဖြန့်ကြက်ချထားခြင်းသည် တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံများ အပါအဝင် အရှေ့တောင်အာရှ ဒေသရေးရာတွင် အမေရိကန်က ဝင်ရောက် ပတ်သက်လာခြင်းလည်း ဖြစ်သည်။
အရှေ့ တောင်အာရှဒေသတွင်း မဟာမိတ်များနှင့် အမေရိကန်တို့ ပူးတွဲစစ်ရေး လေ့ကျင့်မှုများလည်း ပြုလျက်နေခဲ့ရာ တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံတို့က ဝေဖန်ကြသည်။
ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ ရှိနေသည့်ကြားက အမေရိကန်သည် ဖေဖော်ဝါရီ ၄ ရက် တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို သုံးရက်တာ ပြုလုပ်ခဲ့သည်။
ထိုပြင် ပြီးခဲ့သည့် နှစ်မေလအတွင်းကလည်း တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်- အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့သည်။ အရှေ့ တောင်အာရှနိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံက အမေရိကန်ကို စစ်ရေးအခြေစိုက်ခွင့်များ ပေးလိမ့်မည်လည်း ဖြစ်သည်။
ဂျပန်၊ဘင်္ဂလားဒေ့ရှ်၊ ဘရူးနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများ အပါအဝင် ဒေသတွင်းနိုင်ငံများနှင့် အခြားသောစစ်ရေးလေ့ကျင့်မှုများတွင်လည်း အမေရိကန်က ပါဝင်ခဲ့သည်။
တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံတို့ ရှိနေသည့် ယင်းဒေသတွင် အမေရိကန်၏ ရပ်တည်နိုင်မှုကို ပိုမိုအားထုတ်လာခြင်းဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ထားသည်။
REF : PRESS TV

ဆက်လုပ်ရဲဘော်


လောက်ကိုင်ဘက် စစ်အုပ်ချုပ်ရေးလုပ်တယ် သတင်းကြားကတည်းက....
အရင် ဗိုလ်ချုပ်သွေး ပိုစတာချိတ်ပြီး ဈေးရောင်းတဲ့ မုန့်ဟင်းခါးသည်က
ငှက်ပျောအူဖတ်လေးပိုထည့်ရင်း "လိုတာရှိရင်ပြောနော်"တဲ့...
"ကြပ်ပြေးအရှုတ်တော်ပုံ..ရမယ်..ရမယ်.."လို့ အသံပြဲနဲ့ အော်ရောင်းနေတဲ့
လက်ပွေ့ဂျာနယ်သမားက "ဆရာ eleven အသစ်ထွက်တယ်"တဲ့...
လမ်းထိပ်က BBC ကိုဆောင်းဘောက်နဲ့ဖွင့်ပြီး ရေတောင်စစ်မသောက်တဲ့ ဦးလေးကြီးက
လောက်ကိုင်ဒေသက တပ်မတော်သားတွေ ကျန်းမာကြပါစေလို့ ခုနစ်သံချီနဲ့
ဘုရားထရှစ်ခိုးတယ်....
ဝါးခမောက်ရောင်းတဲ့ဆိုင်က အဒေါ်ကြီးကလည်း တစ်ခုခုပြောင်းရောင်းဖို့
နှစ်လုံးတွက်ရင်း အရင်းအနှီး ရှာနေလေရဲ့....
"သပိတ်"ဆိုတာချည်း စွတ်ထုတ်ပြီး အခြေအနေကောင်းနေတဲ့ ဗီနိုင်းဆိုင်တွေက
"တပ်မတော်သာအမိ တပ်မတော်အဖ"ဆိုတာကို ဖောင့်လှလှလေး ရှာနေတယ်...
"တို့မြေပြန်ပေး..ဟေးးဟေးး"ဆိုသူတွေကလည်း "ဟီးးဟီးး နောက်တာပါ..ရွာမှာပဲ
လယ်ပြန်လုပ်ပါ့မယ်"တဲ့....
သူတလူငါတမင်း တဖက်စောင်းနင်းတွေနဲ့ပြည့်ကျပ်နေတဲ့ ဂျာနယ်တွေက
"တို့တာဝန်အရေးသုံးပါး"တို့ "ဦးတည်ချက် ၁၂ ရပ်"တို့ ပြန်ထည့်ဖို့ နေရာ
ပြူးပြဲ ရှာနေကြတယ်...
စစ်သားဘဝကို မစာမနာ စင်ပေါ်တက်ပြောတတ်တဲ့ ဖက်ခွက်စား ကလေကချေတွေက
ဂုဏ်ပြုဇာတ်လမ်းတွေမှာ သရုပ်ဆောင်ဖို့ အမူအရာ ကျင့်နေကြပြီ...
ဇူကာဘတ်ကြီးကလည်း ဗမာ့fb ပရိတ်သတ် လျော့သွားမဲ့ အရေး ရတက်မအေး
ဖြစ်နေလောက်ပြီ...
လစာ ၁၀ သိန်းပီတိနဲ့ ငိုက်မြည်းနေကြတဲ့ အမတ်အချို့လည်း ကျီးကြည့်ကြောင်ကြည့်နဲ့
အိပ်ယာနိုးလာကြပြီ...
ဟိုလိုလို ဒီလိုလို ခွချက်လုပ်နေတဲ့ ခရိုနီ ကြီးလတ်ငယ် များကလည်း "တပ်မတော်ကြီးကို
အင်အားရှိဖို့ အရာရာမှာကူညီ"သီချင်းလေး တညဉ်းညဉ်း လုပ်နေကြပြီ...
ထောင်..ထောင်..ထောင်..ထောင်..သပိတ်ကောင်တွေလည်း ဖုန်တက်နေတဲ့ စာအုပ်ကလေးတွေ
ဖုန်ခါပြီး လွယ်အိတ်ပြေးလွယ် နေကြပြီ...
အန်...ဟိုကောင်စစ်ခွေးလား...???
စစ်ဆိုရင် တိုက်ရမယ်လေ....
သေပေးရမယ်လေ...
ပြတ်ပေးရမယ်လေ...
မီးလောင်ရင်ငြှိမ်းရမယ်လေ...
ရေကြီးရင် ကယ်ရမယ်လေ...
ဒုက္ခတွေပဲရမယ်လေ...
အပြောအဆိုပဲ ခံရမယ်လေ...
ယူနီဖောင်းဖင်ဖါလေးပဲဝတ်ရမယ်လေ...
အီကွေးမန့် အစုတ်လေးပဲ ပတ်ရမယ်လေ...
ဖင်ကြားချွေးထွက်အောင် သတိဆွဲရမယ်လေ...
ဒါပဲလေ..မင်းတို့က ဘာပြောင်းလဲချင်သေးလို့လည်း....
ဒါ..မင်းတို့ဘဝ..မင်းတို့တာဝန်....
ထပ်ပြောရရင် သမိုင်းပေးတာဝန်...
ဆက်လုပ်ရဲဘော်....
ဖိုးဥာဏ်

အစ္စရေး စစ်ဦးစီးအရာရှိချုပ်သစ် ခန့်အပ်

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက စစ်ဦးစီးအရာရှိချုပ်သစ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ဂါဒီ အိုက်ဇင်းကာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ခန့်အပ်လိုက်ပါတယ်။
ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ “အစ္စရေးက ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှု အမျိုးမျိုးကို ကိုင်တွယ် ဖြေရှင်းရမယ်။ အီရန်အရေးက သူရဲ့ ထိပ်တန်းလုပ်ငန်းစဉ် ဖြစ်လာမယ်။”လို့ အစ္စရေး ဝန်ကြီးချုပ်က ပြောပါတယ်။
အရင်စစ်ဦးစီး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ဘန်နီ ဂန့်ဇ်ရဲ့ နေရာမှာ အစားထိုးတဲ့ ဒီရာထူးခန့် အခမ်းအနားကို ဂျေရုဆလင်မြို့က ဝန်ကြီးချုပ်အိမ်တော်မှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တာပါ။
အရှေ့အလယ်ပိုင်းဒေသက ပြိုကွဲနေပြီ။ နိုင်ငံတွေလည်း ကျဆုံးနေပြီ ခုလို အခြေအနေမှာ အင်ပါယာအနေနဲ့ တည်မြဲနေတာ အီရန်ပဲလို့ နေတန်ယာဟုက ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ်ဟာ ပြည်တွင်းနဲ့ ပြည်ပဝေဖန်မှုတွေကို ကြံ့ကြံ့ခံရင်း လာမယ့်လမှာ အီရန်နျူးကလီးယား အစီအစဉ်အပေါ် အမေရိကန်အောက်လွှတ်တော် အစည်းအဝေးအတွင်း စကားပြောခွင့်ရဖို့ မျှော်လင့်နေပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး မိုရှေး ယာလွန်ကတော့ “စစ်ဦးစီးအရာရှိချုပ်အသစ်ဟာ တောင်းဆိုထားတဲ့ အခန်းကဏ္ဍကို ဆောင်ရွက်ဖို့ လိုအပ်တဲ့ စရိုက်လက္ခဏာတွေ ရှိတယ်လို့ ယုံကြောင်း” ပြောပါတယ်။
အသက် ၅၄ နှစ်အရွယ် အိုက်ဇင်းကာဟာ အစ္စရေးမြောက်ပိုင်း လက်ဘနွန်နဲ့ ဆီးရီးယား နယ်စပ်တလျှောက်က တပ်တွေရဲ့ အကြီးတန်း စစ်ဦးစီးမှူး ဖြစ်ခဲ့သူပါ။
ဝန်ကြီးချုပ်ဟောင်း အီဟွန်ဘားရတ်ခ်လက်ထက်က စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူးပြီး တခြားထိပ်တန်းနေရာတွေ အတော်များများကိုလည်း တာဝန်ထမ်းဆောင်ဖူးပါတယ်။
သူနဲ့ အတန်းတူ ထိပ်တန်းအရာရှိတွေကတော့ အိုက်ဇင်ကာကို တိတ်ဆိတ်တဲ့ အတွေးသမားအဖြစ် ရည်ညွှန်းပြောဆိုပါတယ်။
သူဟာ လက်ဘနွန်နယ်စပ်မှာ တပ်တွေကို ကြီးကြပ်ဖူးတဲ့အပြင် အငယ်တန်း အရာရှိ လက်ထက်က အနောက်ဘက်ကမ်းပါးကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း တပ်တွေကို ဦးဆောင်ခဲ့ဖူးပါတယ်။

ရုရှ စကားပြော ကျွမ်းကျင်သည့် စပိုင်များ ဗြိတိန်မွေးမြူ

ဗြိတိန်နိုင်ငံက ရုရှစကားပြော ကျွမ်းကျင်သည့် ထောက်လှမ်းရေး အေဂျင့်များကို စုဆောင်းမွေးမြူရေး လုပ်ဆောင်လျက်ရှိကြောင်း သတင်း တစ်ရပ်အရ သိရသည်။
Russian-speaking
အွန်လိုင်း ကြေညာတစ်ရပ်တွင် MI5 ၊ MI6 နှင့် GCHQ ဗြိတိန် ထောက်လှမ်းရေး အဖွဲ့တို့က နိုင်ငံတော် လုံခြုံရေးအတွက် ကြားဖြတ်ရရှိသည့် မှတ်တမ်းများကို ရုရှဘာသာမှ ဘာသာပြန်နိုင်ရန်အတွက် ရုရှဘာသာစကား ကျွမ်းကျင်သူများကို အလုပ်ခေါ်ယူထားခြင်း ဖြစ်သည်။
ဗြိတိန်နိုင်ငံ၏ လုံခြုံရေးကို အကြမ်းဖက်ဖျက်ဆီးမှု၊ သူလျှိုထောက်လှမ်းမှုနှင့် ဖြစ်လာနိုင်သည့် ခြိမ်းခြောက်မှုများအတွက် အဆိုပါ ရာထူးနေရာများကို ခေါ်ယူခြင်းဖြစ်ပြီး လစာနှုန်းအဖြစ် တစ်နှစ်လျှင် ပေါင် ၃၀၀၀၀ ပေးမည်ဖြစ်ကာ နိုင်ငံရပ်ခြားတွင် တာဝန် ထမ်းဆောင်ခိုင်းနိုင်ခြေလည်းရှိကြောင်း အာရ်တီသတင်းဌာနက ဖော်ပြသည်။
ယင်းခန့်အပ်မည့် ရာထူးနေရာများက လန်ဒန်ရှိ ထောက်လှမ်းရေးများနှင့် ချိတ်ဆက်ခြင်း၊ နိုင်ငံရပ်ခြားတွင် လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ရုရှ သမ္မတ ဗလာဒီမာပူတင်နှင့် ဆက်ဆံမှုများတွင် အစိုးရ၏ မူဝါဒဖော်ဆောင်ရာတွင် အထောက်အကူပြုရေးနှင့် ရုရှ၏ ရန်လိုမှုများကို သိရှိတန်ပြန် စွပ်စွဲနိုင်ရေးတို့ကို လုပ်ဆောင်သွားရမည် ဖြစ်သည်။
ဗြိတိန် သူလျှိုထောက်လှမ်းရေး အေဂျင်စီ GCHQ သည် ၎င်းနှင့် အဆင့်တူ အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီထံမှ သတင်းအချက်အလက်များ ရယူခြင်းဖြင့် လွတ်လပ်စွာ ဖော်ထုတ်ခွင့်နှင့် ကိုယ်ပိုင်အခွင့်အရေးများအပေါ် ချိုးဖောက်လျက်ရှိသည်ဟု ဗြိတိန်နိုင်ငံ၏ ထောက်လှမ်းရေး အခွင့်အာဏာတရားရုံး (IPT) က စီရင်သတ်မှတ်ခဲ့သည်။ အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီသည် အင်တာနက်တွင် အများပြည်သူတို့၏ အချက်အလက်များကို ထိုးဖောက်ဝင်ရောက်ကာ လွတ်လပ်ခွင့်များ ချိုးဖောက်နေသည်ဟု လုံခြုံရေး ကန်ထရိုက်တာဟောင်း စနိုးဒန်းက ဖော်ကောင်လုပ် ဖော်ထုတ်ခဲ့သည်။
GCHQ သည်၂၀၀၇ ခုနှစ်မှ စတင်ကာ ၂၀၁၄ နှစ်ကုန်အထိ ခုနှစ်တာမျှ အင်တာနက် ထောက်လှမ်းမှုများကို ဥပဒေမဲ့ အမြောက်အမြား လုပ်ဆောင်ခဲ့ကြောင်း IPT က ပြောဆိုသည်။
ထိုနည်းတူ ဗြိတိန်လျှို့ ဝှက် အေဂျင်စီ MI5သည်လည်း ၁၉၇၀ ခုနှစ်များအတွင်းက မြောက်အိုက်ယာလန်တွင် ကလေးသူငယ်လိင် အလွဲသုံးစားပြုမူမှုများကို ကျုးလွန်ခဲ့ကြောင်း ပြီးခဲ့သည့် သီတင်းပတ်အတွင်းက စွပ်စွဲထားသည်။
REF : PRESS TV
Mizzima 

တကျော့ပြန် တိုက်ပွဲများနှင့် လောက်ကိုင်မြို့ မြင်ကွင်း

ကိုးကန့်
လောက်ကိုင်မြို့ထဲတွင် လုံခြုံရေးယူနေသည့် တပ်မတော်သားများ (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)
 ကျော်မျိုးထွန်း|
ကွန်ကရစ်လမ်းများပေါ်တွင် စွန့်ပစ်ထားသည့် မော်တော်ယာဉ်တချို့၏ မှန်နှင့် ကိုယ်ထည်များ၌ ကျည်ဆန် ထိမှန်ထားသည့် အပေါက်ရာများကို အထင်းသားတွေ့နေရသည်။ လမ်းဘေးဝဲယာတွင် အခိုင်အမာ ဆောက်လုပ်ထားသည့် လူနေ ဆိုင်ခန်းများဖြင့် ပြည့်နှက်နေသော်လည်း အခန်းအားလုံးနီးပါး သော့ခတ် ပိတ်ထားကြသည်။ လူတဦးစ၊ နှစ်ဦးစ လှုပ်ရှား သွားလာနေသည်မှအပ ပတ်ဝန်းကျင်ရှိ အရာအားလုံးက တိတ်ဆိတ် ငြိမ်သက်လျက်ရှိသည်။
တပ်မ ၃၃ မှ တပ်မတော်သားများ အပြည့်တင်ဆောင်ထားသည့် ကားနှစ်စီးဖြင့် မြို့တွင်းတွင် ကင်းလှည့်နေကြသည်။ မြို့လယ်ရှိ ငြိမ်းချမ်းရေး ကျောက်တိုင်အနီးတွင် အသင့်အနေထားဖြင့် လုံခြုံရေုးုယူထားသည့် တပ်မတော်သား တချို့တွေ့ရပြီး မြို့တွင်းသွားလာနေသည့် ကားများကို ရပ်တန့် စစ်ဆေးလျက်ရှိသည်။
ရဲဘော်တဦးက ပေ ၃၀၀ ခန့်အကွာရှိ လမ်းကြိုလမ်းကြားတနေရာမှ လမ်းမပေါ်သို့ လမ်းလျှောက်လာသူတဦးကို သေနတ်ဖြင့် ရုတ်တရက် လှမ်းချိန်လိုက်ပြီး စိတ်ချရသည့် အနေအထားရှိမှာသာ သေနတ်ပြန်ချလိုက်သည်ကိုလည်း တွေ့လိုက်ရသည်။
ယင်းအခြေအနေများသည် လက်ရှိ အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ထားသည့် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လောက်ကိုင်၏ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မြင်ကွင်းများပင် ဖြစ်သည်။
လမ်းဆုံလမ်းခွ တနေရာတွင် ပလက်ဖောင်းပေါ်၌ အထုပ်အပိုးကိုယ်စီဖြင့် ကယ်ဆယ်ရေးကား အလာကို စောင့်မျှော်နေသည့် လူတစုကိုလည်း ကွမ်းလုံဒေသခံ ကြက်ခြေနီအဖွဲ့ဝင်များနှင့်အတူ တွေ့ရသည်။
တိုက်ပွဲများကြောင့် လုပ်ငန်းရှင် တရုတ်သူဌေးသည် သူအပါအဝင် ကြံခုတ်အလုပ်သမားများ၏ လုပ်အားခများ မရှင်းပေးဘဲ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားသဖြင့် လောက်ကိုင်မြို့ပေါ်၌ ပုန်းအောင်း စောင့်ဆိုင်းနေခဲ့ကြောင်း တောင်တွင်းကြီးမြို့နယ်၊ သစ်ခုတ်ကွင်းကျေးရွာမှ လာရောက်လုပ်ကိုင်နေသည့် ကိုလှဌေးက ပြောသည်။
“ကျနော်တို့က ဒီလောက်ကြီး ဖြစ်လိမ့်မယ်လို့ မထင်တော့ ဒီမှာ ဆက်နေလိုက်တာ။ နောက်ဆုံး ဘယ်လို့မှ နေမရတော့လို့ ဒကစ (ဒေသကွပ်ကဲရေးစစ်ဌာနချုပ်) မှာ ၅ ရက်လောက် သွားအိပ်ခဲ့ရတယ်။ ညတိုင်း တအုံးအုံး တဖုံးဖုံးနဲ့ အပြန် အလှန်ပစ်နေတာပဲ။ ကျနော်တို့ဆို အိပ်လို့တောင်မရဘူး” ဟု ၄င်းက ဆိုသည်။
လက်ရှိ လောက်ကိုင်မြို့ပေါ်၌ ပိတ်မိနေသည့် မြန်မာအလုပ်သမား ၂၀၀ မှ ၃၀၀ ခန့်အထိ ရှိနေသေးကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် လောက်ကိုင်ခရိုင် ကြက်ခြေနီတပ်ဖွဲ့မှ ဦးစီးမှူး ဦးကျော်ဇောထူးက ပြောသည်။
ပိတ်မိနေသူများမှာ တိုက်ပွဲများကြောင့် ကြံခင်းများအတွင်း ပုန်းအောင်းနေသူများ၊ ကားမဝင်နိုင်သည့် လမ်းကြိုလမ်းကြားများ၌ နေထိုင်ပြီး ကယ်ဆယ်ရေးကားများဆီ ထွက်မလာရဲသူများ၊ အပြန်လမ်းတွင် ပစ်ခတ်တိုက်ခိုက်ခံရမည်ကို ကြောက်လန့်နေသူများ နှင့် နေအိမ်ဈေးဆိုင်များ ဖောက်ထွင်းခံရမည်ကို ကြောက်ပြီး ဆက်လက် နေထိုင်နေသူများဖြစ်ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်သူများက ပြောဆိုကြသည်။
ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ကွမ်းလုံ ဓမ္မစကူးလ်အဖွဲ့မှ မချစ်မီးက “တချို့ အလုပ်သမားတွေကျတော့ တိုက်ပွဲကြောင့် တရုတ်သူဌေးတွေ ထွက်ပြေးသွားလို့ သူတို့လုပ်အားခ မရသေးဘူးဆိုပြီး စောင့်နေတာတွေရှိတယ်။ သူတို့ကို ချော့မော့ပြီး ပြန်ခေါ်လာရတယ်” ဟု ဧရာဝတီကို ပြောသည်။
လောက်ကိုင်မြို့နယ်၊ လော်ပါကျိုင်း ကျေးရွာမှ ကြံခုတ်လုပ်သား ကိုဝင်းထွန်းခိုင်က ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ပစ်ခတ် တိုက်ခိုက်သံများကို ကျယ်လောင်စွာ ကြားနေရကြောင်း၊ ပြန်ရန် လမ်းစရိတ် မရှိသဖြင့် ကြံခင်းများထဲတွင် ပုန်းအောင်းနေခဲ့ရကြောင်း ပြောဆိုသည်။
“အရင်ရက်တွေက ပြန်ဖို့စရိတ် လောက်လောက်ငှငှ မရှိတော့ ဒီအတိုင်းနေ နေရတယ်။ မနေ့ကတော့ ပြန်တော့မယ်လို့ ယတိပြတ် ဆုံးဖြတ်လိုက်ပြီး ရွာကားလမ်းဘေးကို ထွက်လာတုန်း ဒီကယ်ဆယ်ရေးအဖွဲ့နဲ့ တွေ့လို့ ကျနော်တို့တဖွဲ့လုံး ပါလာတာ” ဟု ၄င်းက ရှင်းပြသည်။
ထွက်ပြေး တိမ်းရှောင်သွားသည့် တရုတ်လုပ်ငန်းရှင် တချို့မှာ ၄င်းတို့ပိုင် နေအိမ်ဈေးဆိုင်များကို ပိတ်ထားခဲ့ပြီး မြန်မာဝန်ထမ်းတချို့ကို ပုံမှန်လုပ်အားခထက် ပိုပေးကာ အစောင့်အဖြစ်ထားခဲ့ကြကြောင်း သိရသည်။
“တညစောင့်ရင် ယွမ် ၂၀၀ (ကျပ် သုံးသောင်းခွဲခန့်) ရတယ်။ အရင်တုန်းက တလလုံးလုပ်မှ ယွမ် ၂၀၀၀၊ ၂၅၀၀ ဆိုတာ မိုင်ကုန်ပဲလေ။ အခုက အရင်ထက် ၃ ဆလောက်ကို ပိုရတယ်” ဟု လောက်ကိုင်မြို့ရှိ စွမ်းဖူး စက်ပစ္စည်းအရောင်းဆိုင်၌ လုံခြုံရေးအစောင့်အဖြစ် လုပ်ကိုင်နေသည့် မုံရွာသား ကိုဇော်ကြီးက ဆိုသည်။
မြို့ပေါ်၌ တိုက်ပွဲကြီးများ မဖြစ်ပွားသော်လည်း ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်သွားကြသည့် မြို့ခံများ၏ နေအိမ်နှင့် ဈေးဆိုင်ခန်းတချို့မှာ ဖောက်ထွင်း ခံထားရသည်။ တံခါးမရှိ ဓားမရှိ တွေ့သမျှ မြင်သမျှပစ္စည်းများကို ဝင်ရောက်ရှာဖွေ ယူငင်နေသူများကိုလည်း နေရာအနှံ့ တွေ့နေရသည်။
“လုတာယက်တာတော့ မရှိဘူး။ ဖောက်ထွင်းတာတွေပဲရှိတယ်။ ဒေသခံ တရုတ်ဆေးသမားတွေက ရှေ့ကနေ ဦးဆောင် ဖောက်ပေးတယ်။ ဗမာတွေက နောက်ကလိုက်ပြီး နည်းနည်းပါးပါး ယူတာတွေရှိတယ်” ဟု စွမ်းဖူး စက်ပစ္စည်းအရောင်းဆိုင်၌ လုံခြုံရေးအဖြစ် လုပ်ကိုင်နေသူ ကိုဌေးဦးက ဆိုသည်။
တိုက်ပွဲများကြောင့် လောက်ကိုင်မြို့တွင် တရားဥပဒေ စိုးမိုးမှု မရှိသလောက်ဖြစ်နေပြီး ပြန်ပေးဆွဲမှုတခုလည်း ဖေဖော်ဝါရီ ၁၅ ရက်က ဖြစ်ပွားခဲ့သေးသည်။
နေအိမ်ခြံဝင်းထဲ၌ ရှိနေသည့် ကြံလုပ်ငန်းရှင် ခင်ပွန်းသည်ကို တရုတ်လူငယ် ၃ ဦးက လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း တုံချိန်ရပ်ကွက်မှ ဒေါ်နန်းအေပိုင်းက ဧရာဝတီကို ပြောသည်။
“ဘယ်နားမှာ ရှိတယ်ဆိုပြီး သူတို့က မပြောပြဘူး။ အခုတရုတ်ငွေ ၁၅ သိန်း (ကျပ်သိန်း ၂၀၀ ကျော်) နဲ့ လာရွေးဖို့ ပြောနေတယ်” ဟု ၄င်းက ဆိုသည်။
ယင်းပြန်ပေးဆွဲသည့် လူငယ်များသည် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ မဟုတ်ကြောင်းလည်း ၄င်းက ပြောသည်။
ကိုးကန့်တပ်ဖွဲ့ဝင်များမှာ လောက်ကိုင်မြို့အထွက်ရှိ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) နှင့် ရဲစခန်းများကိုသာ အဓိက ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။
လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်က လောက်ကိုင်မြို့ပေါ်၌ တပ်မတော်နှင့် ဖုန်ကြားရှင် တပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများထက် ယခုတိုက်ပွဲမှာ ပိုမိုပြင်းထန်ကြောင်း၊ တိုက်ပွဲအများစုမှာ ညဘက်တွင်သာ ဖြစ်ပွားလေ့ရှိပြီး နေ့ခင်းတွင် ဖြစ်ပွားမှု မရှိသလောက် နည်းပါးကြောင်း ဒေသခံများက ပြောဆိုသည်။
“ပြန်ချင်တဲ့စိတ်တော့ ပေါ်တာပေါ့။ မိသားစုတွေတော့ လွှတ်လိုက်ပြီ။ မြန်မာပြည်ပြန်လည်း လုပ်ငန်းက သိပ်မရှိဘူးလေ။ စီးပွားရေး အခြေအနေအရ မှေးနေရတာပေါ့လေ” ဟု လုံခြုံရေးဝန်ထမ်း ကိုဌေးဦးက ဆိုသည်။
မြို့ပေါ်တိုက်ပွဲများအတွင်း နှစ်ဖက် ပစ်ခတ်တိုက်ခိုက်နေသည့် ပစ်ကွင်းကြား ရောက်ရှိသွားသည့် ပြည်သူတချို့မှာ သေဆုံးမှုများရှိကြောင်း လောက်ကိုင်မြို့မှ မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်လာသည့် မုံရွာသား ဦးသိန်းထွန်းက ပြောပြသည်။
လောက်ကိုင်ခရိုင် ကြက်ခြေနီတပ်ဖွဲ့ ဦးစီးမှူး ဦးကျော်ဇောထူးက “လောလောဆယ်တော့ ဒီနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) အလောင်း ၁၇ လောင်းတွေ့တယ်။ အရပ်သားလား၊ လက်နက်ကိုင်တွေလား ဆိုတာတော့ မသိဘူး။ မြန်မာလူမျိုး ၂ ယောက် ၃ ယောက်လောက်ပဲ ပါပါတယ်။ သူတို့က မှောက်နေတော့ သေချာမမြင်ရဘူး” ဟု ပြောသည်။
ကိုးကန့် ရဲတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသူ တချို့မှာ တကျော့ပြန်တိုက်ပွဲများတွင် မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (NMDAA) ကိုးကန့်တပ်ဖွဲ့ဘက်မှ ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်းလည်း သိရသည်။
“တိုက်ပွဲမဖြစ်ခင်တုန်းက အလုပ်လုပ်ရင်း လျှိုဝင်နေတဲ့သူတွေက တကယ်တန်းကျတော့ သူပုန်တွေ ဖြစ်နေတယ်။ အခုလို တိုက်တဲ့အခါကျတော့ အကုန်လုံးထွက်ပြီး တိုက်ကြတာ။ အရင်တုန်းက မိတ်ဆွေတွေကလည်း အခု ရန်သူတွေဖြစ် ကုန်တာပေါ့” ဟု လောက်ကိုင်မြို့၌ ၁၀ နှစ်ကျော်နေထိုင်လာသူ မြို့ခံတဦးက ပြောသည်။
လောက်ကိုင်မြို့ပေါ်၌ လုံခြုံရေးယူထားသည့် တပ်မ ၃၃ မှ တပ်သား တဦးက ကိုးကန့်ပြည်သူနှင့် ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့ဝင်များကို ခွဲခြားတတ်ကြောင်း၊ အပြစ်မဲ့ပြည်သူများ မထိခိုက်အောင် အတတ်နိုင်ဆုံးဆောင်ရွက် လျက်ရှိကြောင်း ဧရာဝတီကို ပြောကြားသည်။
“ဒီကောင်တွေက အရပ်ဝတ်တွေနဲ့ ကျနော်တို့ကို ခြုံခိုတိုက်တယ်။ တိုက်ပေါ်ကနေလည်း ပစ်တယ်။ ဟိုတယ်ပေါ်ကနေလည်း ကျနော်တို့ကို ဝင်ချတယ်။ အပြင်တော့ လုံးဝမထွက်လာရဲဘူး။ သူတို့လည်း ပိတ်မိနေပြီ။ ကျနော်တို့လည်း ဝိုင်းထားတယ်” ဟု ၄င်းက ဆက်လက်ပြောကြားသည်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြို့တွင်းတိုက်ပွဲတခုတွင် တပ်မတော်မှ လက်နက်အလက် ၁၀၀ ကျော်ရရှိခဲ့ပြီး MNDAA တပ်ဖွဲ့ ဝင် ၃၀ ကျော် ကျဆုံးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ခဲ့သည့် တိုက်ပွဲများကြောင့် ကိုးကန့်ဒေသရှိ ဒေသခံပြည်သူများ၊ တရုတ်နိုင်ငံသားများ၊ အစိုးရဝန်ထမ်းများ၊ ရွေ့ပြောင်း အလုပ်သမားများ အပါအဝင် သောင်းနှင့်ချီ စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် လျက်ရှိသည်။
ထို့သို ထွက်ပြေးတိမ်းရှောင်ရင်း မတော်တဆ ယာဉ်တိမ်းမှောက်မှုကြောင့် ကျောင်းအုပ်ဆရာမကြီး ၁ ဦးနှင့် ဆရာမ ၂ ဦးအပါအဝင် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်း၌ ကိုးကန့်တပ်ဖွဲ့မှ ကားအစီး ၅၀ ခန့်ဖြင့် လောက်ကိုင်မြို့ရှိ ဒကစ စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တပ်မတော်မှ ပြန်လည် ပစ်ခတ်မှုကြောင့် နောက်ကြောင်းပြန်လှည့် ထွက်ပြေးသွားကြောင်း တပ်မတော် အရာရှိကြီးတဦး၏ ပြောကြားချက်အရ သိရသည်။
ဖေဖော်ဝါရီလ ၁၇ နေ့ ရရှိသည့် သတင်းများအရ ယမန်နေ့ ညပိုင်း၌ လောက်ကိုင်မြို့တွင်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး အဆောက်အဦးတချို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။
“ညက တညလုံး လက်နက်ကြီးတွေနဲ့ ပစ်တာ။ အခန်းထဲမှာ ပုန်းနေတာတောင် ကိုယ်ခေါင်းနားက ဖြတ်သွားတဲ့ အတိုင်းပဲ။ ဒီမနက် ၉ နာရီလောက်အထိ ပစ်ခတ်နေတုန်းပဲ။ မနေရဲတော့ဘူး” ဟု တုံချိန်ရပ်ကွက်မှ ထွက်ပြေးတိမ်းရှောင်လာသူ ကိုကြည်မြင့်က ပြောသည်။
တိုက်ပွဲပြင်းထန်သဖြင့် မြို့တွင်း၌ ကျန်ရှိနေသေးသည့် ပုန်းအောင်းနေသူ တချို့မှာလည်း ထွက်ပြေး တိမ်းရှောင်လာနေပြီ ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
ကိုးကန့်တပ်ဖွဲ့ဝင်များ ခိုအောင်းနေသည့် လောက်ကိုင်မြို့ကို ယခုရက်ပိုင်းအတွင်း တပ်မတော်မှ အကြီးအကျယ် ထိုးစစ်ဆင်တော့မည်ဟုလည်း သတင်းများ ကျယ်ကျယ်ပြန့််ပြန့် ထွက်ပေါ်လျက်ရှိသည်။
ဧရာဝတီ 

စစ်တွေတွင် သိန်း ၂၇၀ကျော်တန် အရက်၊ ဘီယာ များကို ဖျက်ဆီး


----- ----- ----- -----
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးစိုက်ရာ စစ်တွေမြို့တွင် ဖမ်းဆီးရမိထားသော
တရားမ၀င် တင်သွင်းလာသည့် အရက်၊ ဘီယာများကို လမ်းကြိတ်စက်ဖြင့် ကြိတ်၍ ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

လမ်းကြိတ်စက်ဖြင့် ကြိတ်၍ ဖျက်ဆီးခဲ့သော တရားမ၀င် တင်သွင်းလာသည့် အရက်၊ ဘီယာများ၏ တန်ဖိုးမှာ ကျပ်သိန်း ၂၇၀ကျော်တန်ဖိုးရှိပြီး၊ စစ်တွေမြို့
ဝေသာလီ အားကစားကွင်းအနီးတွင် ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖျက်ဆီးခဲ့သည့် တရားမ၀င် တင်သွင်းလာသည့် အရက်၊ ဘီယာ စာရင်းမှာ မြန်မာစည်ဘီယာ ၁၄၇ စည်၊ မြန်မာဘီယာ ၅၉၆၄ ပုလင်း၊ ANDAMAN ဘီယာဗူး ၃၁၁၂၈တို့ဖြစ်ပြီးစုစုပေါင်းတန်ဘိုး ၂၇၈၄၉၀၀၀ ကျပ်ရှိကြောင်း စစ်တွေတရားရုံး၏ စာရင်းအရ သိရသည်။

လမ်းကြိတ်စက်ဖြင့် ကြိတ်၍ ဖျက်ဆီးခဲ့သော ဘီယာဗူးခွံ နှင့် ဘီယာစည်
တို့ကို အရည်ကျို၍ လေလံတင် ရောင်းချသွားမည်ဖြစ်ပြီး ရောင်းချ၍ ရရှိလာသောငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် စစ်တွေမြို့တွင် သာမက အခြား မြို့များတွင်ပါ
အရက်သောက်သုံးမှု နှုန်းမြင့်တက်လျက်ရှိသည်။ လူငယ်များအကြား အရက်စွဲသူ အရေအတွက် များပြားလာသောကြောင့် အရက်ဆန့်ကျင် တိုက်ဖျက်ရေး တစ်ကိုယ်တော် လှုပ်ရှားမှုများလည်း ရှိခဲ့ပြီး၊ အစိုးရအနေဖြင့်လည်း ဖမ်းဆီးရမိသောအရက်များကို ဖျက်ဆီးမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

Rakhine News Agency