မြန်မာ့ ပညာရေးစနစ်အရ (၁ဝ) တန်းနှစ်သည် ကျောင်းသားတစ်ဦးအတွက် အရေးအကြီးဆုံး အပြောင်းအလဲကို တစ်ဆစ်ချိုးရင်ဆိုင်ရသည့် နှစ်ဖြစ်သည်။ ကျွန်တော်တို့ (၁ဝ) တန်းဖြေသည့်နှစ်က သူငယ်ချင်းတစ်သိုက် ရေကုန်းရေခမ်း ကြိုးစားခဲ့ကြသည်ကို မှတ်မိနေသေးသည်။ သင်ကြားပေးသော ဆရာသမားများကလည်း ကိုယ်ဖိရင်ဖိ စေတနာရှိရှိ ပြသပေးခဲ့ကြသည်။ ထိုဆရာသမားများအနက် ကျွန်တော်ထောင်ထဲတွင် နေခဲ့ရစဉ် ဆရာမ ဒေါ်တင်နွယ် (ဇီဝဗေဒ) နှင့် ဆရာမ ဒေါ်မေစု (ရူပဗေဒ) တို့နှစ်ဦးသည် ကွယ်လွန်တိမ်းပါးခဲ့ကြောင်း ကြားသိရ၍ စိတ်ထိခိုက်မိသည်။ ထိုဆရာမကြီးနှစ်ယောက်စလုံးကို ကျွန်တော်တို့ ရိုသေချစ်ခင်ခဲ့ကြသည်။ ယခုဆောင်းပါးကို ဆရာမကြီး ဒေါ်မေစုအကြောင်းဖြင့် အစပျိုးကာ အနည်းငယ်တင်ပြလိုသည်။
ဆရာမကြီးသည် စာသင်သည့်အခါ ဖြည်းဖြည်းနှင့် နားဝင်အောင် သင်တတ်သူ ဖြစ်သည်။ ကျက်သရေရှိရှိ ဝတ်စားဆင်ရင်ကာ ကြည်ညိုဖွယ်အမူအရာရှိသည်။ တစ်နည်းအားဖြင့် ဆရာသမားဂုဏ်နှင့် ပြည့်စုံလှသူတစ်ဦးဖြစ်သည်။ ကျွန်တော်သည် ထောင်ကလွတ်လာသည့်အခါတွင် သူ့ကိုသွားရောက်ကန်တော့နှုတ်ဆက်မည်ဟု ရည်ရွယ်ထားခဲ့သော်လည်း လက်တွေ့တွင် လူ့လောက၌ သူရှိမနေတော့။ သူချစ်သော မိသားစုကို ခွဲခွာလျက် အလ္လာရှင်မြတ်၏ အမိန့်တော်ကို ခံယူသွားခဲ့ပြီ။
ထောင်မှလွတ်လာချိန်တွင် ချစ်သူခင်သူ လေးစားသူအချို့ တိမ်းပါးသွားသည်ကို ကြုံတွေ့ရသလို မိတ်သစ်ဆွေသစ် အပေါင်းအသင်းသစ်များကိုလည်း တွေ့လာရသည်။ ယနေ့ခေတ်လူငယ်များသည် တက်ကြွဖတ်လတ်ကြသူများ ဖြစ်သည်။ စိတ်ပါဝင်စားရာကို တွန့်ဆုတ်မနေဘဲ ဝါသနာအလျောက် တိုးရဲ စမ်းရဲ ကြသူများဖြစ်သည်။ ထိုစိတ်ဓာတ်သည် သူတို့ကို အောင်မြင်မှုများ ဆောက်ကြဉ်းပေးမည်မှာမလွဲပေ။ လက်ရှိအခြေအနေတွင် သူတို့သည် စွန့်ရဲသော သတ္တိ၊ ကိုယ့်ကိုယ်ကို ယုံကြည်သော စိတ်ကြောင့် ငယ်ရွယ်စဉ်ကပင် တောက်ပသောအနာဂတ်များကို ကြိုပွိုင့်ရိုက်ထားကြလေသည်။
ထိုလူငယ်များထဲမှ မိတ်ဆွေတစ်ဦးသည် ကျောင်းတွင် ဘာသာစုံ လောက်နီးနီး A+ အမှတ်ရနေသူဖြစ်သည်။ အောက်ထစ်ဆုံး တစ်ဘာသာ နှစ်ဘာလောက်ကိုတောင် A ရသူဖြစ်သည်။ စာပင်တော်သော်လည်း ပျင်းရိခြောက်သွေ့ဖွယ် ပိန်းပိန်းကြီးနေတတ်သူထဲတွင် သူမပါ။ ပြင်ပြင်ဆင်ဆင် ဖီးတတ်လိမ်းတတ်နှင့် ကျော့မော့နေသည်။ ကျောင်းစာတစ်ဖက်နှင့် သီချင်းဆိုပြိုင်ပွဲတစ်ခုပင် ဝင်လိုက်သေးသည်။ စကားပြောသည့်အခါ၌လည်း လူကြီးတစ်ဦးနှင့် ပြောဆိုရသလို ရင့်ကျက်မှုရှိသည်။ နောင်နှစ် စာမေးပွဲအတွက် ဖိဖိစီးစီး သင်ကြားပေးနိုင်မည့် ဆရာများရှိလျင် မိတ်ဆက်ပေးရန် ပြောမိကြသည်။ အစားအသောက်အတွက် ချေးမများဘဲ As long as it’s halal ဘာမဆိုစားသည်ဟု ဆိုသည်။ ဆရာမကြီး ဒေါ်မေစုသာရှိသေးလျှင် သူ့ကို တော်တော်ချစ်မည်ထင်သည်။ ဆရာမကြီးရော အဆိုပါ အမျိုးသမီးငယ်ပါ အစ္စလာမ်ဘာသာ ကိုးကွယ်သော မြန်မာနိုင်ငံသားများ ဖြစ်ကြသည်။ ယခုဆောင်းပါးသည် သူတို့လို မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာကိုးကွယ်သူများကို ပုတ်ခတ်ရေးသားခြင်း မဟုတ်ကြောင်း ဦးစွာတင်ပြအပ်ပါသည်။
ကျွန်တော်တို့ နိုင်ငံသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနေထိုင်ကြသော နိုင်ငံဖြစ်သည်။ ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး နိုင်ငံနှစ်ခုနှင့် လူဦးရေ အသိပ်သည်းဆုံး နိုင်ငံတစ်ခုတို့အကြားတွင် ရောက်နေသော တိုင်းပြည်လည်းဖြစ်သည်။ သို့ဖြစ်ရာ ကျွန်တော်တို့ ပြည်ထောင်စုအတွက် အမျိုးသားရေးစိတ်ဖြင့် အစဉ်ဂရုပြု ရမည့်အချက်နှစ်ချက်ရှိနေသည်။ တစ်ချက်မှာ ဘာသာမတူအယူကွဲပြား လူမျိုးများအကြား သဟဇာတဖြစ်နေဖို့လိုသည်။ နောက်တစ်ချက်မှာ ဘေးနိုင်ငံများမှ လူဦးရေ ဖိတ်လျှံလာမှုကို ဖာသာလဝါမနေဘဲ နိုင်ငံသားတိုင်းက သတိရှိရှိကာကွယ်သွားရမည်ဖြစ်သည်။
ယခုနှစ်ပိုင်းအတွင်း ကျွန်တော်တို့ တစ်မျိုးသားလုံးရင်ဆိုင်နေရသော အဓိကပြဿနာမှာ တရားမဝင် ခိုးဝှက်လာရောက်သော သူများ၏အရေးဖြစ်သည်။ လူသားတိုင်း လူ့အခွင့်အရေး ရှိရမည်ဆိုသည်မှာ ငြင်းရခက်သော အကြောင်းပြချက်ဖြစ်သည်။ သို့သော် မည်သို့သော အခွင့်အရေးကို မည်သို့သော လူသားများ ရရှိထိုက်သည်ဆိုသည်မှာကား တသတ်မှတ်ထည်း ဆုံးဖြတ်၍ မရကောင်းသော အရာလည်း ဖြစ်နေပြန်သည်။ အထူးသဖြင့် ခိုးဝင်လာသူများက အိမ်ရှင်အပေါ် နိုင့်ထက်စီးနင်း နှိပ်စက်ကလူပြုလာခြင်းကို လက်ပိုက်ကြည့်ခြင်းသည် လူ့အခွင့်အရေးကို စောင့်ရှောက်နေသည်ဟူသော အမြင်သည်ကား လက်ခံရန် အလွန်ခဲယဉ်းလှသည်။
ယနေ့ပြဿနာကို ရခိုင်အရေးဟုဆိုကြသူများရှိနေကြသည်။ အမှန်မှာ ရခိုင်တိုင်းရင်းသားတို့ သက်သက်၏ ပြဿနာမဟုတ်ဘဲ ပြည်ထောင်စုတစ်ခုလုံး၏ လက်တွေ့ရင်ဆိုင်နေရသော အန္တရယ်ကြီး ဖြစ်သည်။ ထိုအန္တရာယ်ကို မကြီးကြီးအောင်လည်း တစ်ဖက်အင်အားစုက သူတို့နှင့် အလွမ်းသင့်သော နိုင်ငံတကာ အသိုင်းအဝိုင်းမီဒီယာတို့မှ ဝါဒဖြန့်ကြသည်။ သမာသမတ် တရားမျှတစွာ တင်ပြတတ်သောမီဒီယာအချို့ ရှိပင်ရှိသော်လည်း သူတို့ဖက်က ပြောနိုင်ဆိုနိုင်သူတို့က ပုံမှားရိုက်ကာ ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူများဖက်က လွန်သည့်အလား ပြောကြဆိုကြသည်။ စိတ်မကောင်းဖြစ်ဖွယ် အကောင်းဆုံးမှာ ထိုသို့ ဘက်လိုက်ကြသူများ ထဲတွင် နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူတွေပါ ပေါ်ပေါ်ထင်ထင် ပါဝင်နေခြင်းဖြစ်သည်။ သူများတိုင်းပြည်၏ နိုင်ငံသားဥပဒေကို ဆရာကြီးလေသံနှင့် မောက်မောက်မာမာ ဝေဖန်မိ၍ ရခိုင်ပြည်သို့ သွားသည့်ခရီစဉ်၌ ခပ်ကြမ်းကြမ်းတုံ့ပြန်မှုကို ခံလိုက်ကသော နိုင်ငံတကာ အဖွဲ့အစည်းကြီးမှ တာဝန်ရှိသူကို လူတိုင်းကြားဖူးကြပေလိမ့်မည်။ သို့သော်လူသိနည်းသော အခြားတစ်ဦး၏ ဖြစ်ရပ်ကိုလည်း ကျွန်တော်မှတ်မိနေသည်။ ထိုသူသည် အဆိုပါအဖွဲ့အစည်းကြီး၏ ကိုယ်စားလှယ်အဖြစ် ကျွန်တော်တို့ နိုင်ငံတွင် အမြဲတာဝန်ကျ နေထိုင်သူဖြစ်သည်။
မိတ္ထီလာ ကိစ္စဖြစ်ချိန်တွင် အဖြစ်အပျက်များကို ကမ္ဘာကသိနိုင်ရန် စီအင်အင် သတင်းဌာနက အချိန်နှင့်တစ်ပြေးညီ တင်ပြနေခဲ့သည်။ ဆိုခဲ့သောပုဂ္ဂိုလ်သည်လည်း ထိုနေ့က တယ်လီဖုန်းဖြင့် တိုက်ရိုက် မေးမြန်းခံရသည်။ သူမိတ္ထီလာသို့ ရောက်နေစဉ် စီအင်အင်မှ ရို့မေရီချပ်ခ်ျ ဆိုသော သတင်းတင်ဆက်သူ အမျိုးသမီးသည် ဘာသာရေး အဆောက်အအုံများ မီးရှို့ခံရမှု၊ သေကျေ ဒဏ်ရာရမှုတို့ကို မေးနေခဲ့သည်။ မေးသော အမျိုးသမီးသည် တရားနည်းလမ်းကျ၊ မျှမျှတတ မေးတတ်သူဖြစ်သည်။ အလွန်မေးထိုက်သော မေးခွန်းတစ်ခုကို သူမေးသွား၍ လေးစားမိသည်။ သူက မြန်မာလူမျိုးအများစုသည် ဗုဒ္ဓဘာသာ ကိုးကွယ်ကြသူများဟု သိရကြောင်း၊ ထို့ကြောင့် သူတို့၏ နူးညံ့သိမ်မွေ့မှုနှင့် သည်းခံနိုင်စိတ်သည် ကမ္ဘာကျော်ဖြစ်ကြောင်း၊ သို့သော် ယနေ့ မိတ္ထီလာတွင် ဖြစ်ပွားနေသလို ဒေါသမီးများ ပေါက်ကွဲလျက် တုံ့ပြန်မှုများကို ကြားရသည်မှာ အံ့သြစရာပင်ဖြစ်ကြောင်း အစပျိုး တင်ပြသည်။ တစ်ဆက်ထည်းမှာပင် ယခုလို အခြေအနေမျိုးလောက် ဖြစ်ပေါ်လာရသည်မှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့အပေါ် သည်းမခံနိုင်လောက်အောင် စေ့စော်မှု တစ်ခုခုတော့ ကျိန်းသေရှိလိမ့်မည်ဟု ကျွန်မထင်ကြောင်း၊ အဆိုပါကိစ္စကို လူကြီးမင်း ကိုယ်တိုင် မိတ္ထီလာသို့ရောက်နေခိုက် ကြားသလောက် ပြောပြစေလိုကြောင်း မေးမြန်းသွားသည်။ မေးသူသည် ရဟန်းတစ်ပါး အသတ်ခံရ၍ ပျံလွန်တော်မူသည့်အကြောင်းကို ကြားထားဟန်တူသည်။ ကျွန်တော့်စိတ်တွင် ပြန်ဖြေမည့် နိုင်ငံတကာသံတမန်ဆိုသူကို ရုတ်တရက်အားကိုးလိုက်မိသည်။ သူလိုလူက နှစ်ဖက်မျှတစေမည့် အဖြေမျိုးကို ပေးလိုက်လျှင် ကျွန်တော်တို့နိုင်ငံအခြအနေကို ကြီးမားသော အတိုင်းအတာအထိ ကမ္ဘာက သိသွားပေလိမ့်မည်။ သို့သော် ကျွန်တော်မျှော်လင့်သကဲ့သို့သော အဖြေမျိုးကို ထိုနေ့က မကြားလိုက်ရ။ သူ့အဖြေတွင် ရဟန်းပျံတော်မူသည့်ကိစ္စလည်း မပါ။ အချုပ်အားဖြင့်ဆိုရသော် ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများသည် ရိုင်းပျရမ်းကားသူ၊ လူနည်းစုအပေါ် အနိုင်အထက်ပြုသူများ
အဖြစ်ရောက်အောင် ပညာသားပါပါ ဖြေဆိုသွားခဲ့သည်။
မြန်မာနိုင်ငံတွင် လူနည်းစု ဘာသာဝင်များကို နိုင်ထက်ကလူပြုခြင်း ခံနေရပါသည်ဆိုသော နိုင်ငံတကာတွင် သူတို့ဖက်က ပုံဖော်ထားနေမှုကိုလည်း ရှင်းဖို့လိုသည်။ မှန်ပါသည်။ ကျွန်တော်တို့တိုင်းပြည်တွင် ဗုဒ္ဓဘာသာသည် လူများစုကိုးကွယ်သည့် ဘာသာဖြစ်သည်။ ထို့ကြောင့် တစ်တိုင်းပြည်လုံးရှိမြို့နယ်သုံးရာကျော်တွင် အခြားဘာသာဝင်များသည် လူနည်းစုဖြစ်ကြသည်။ သို့သော် ယနေ့ဖြစ်ပွားနေသော ရုံးရင်းဆန်ခတ်မှုများသည် ဆိုခဲ့သော ဗုဒ္ဓဘာသာဝင် လူများစုနေထိုင်ရာ မြို့နယ်တို့တွင် ပေါ်ပေါက်နေခြင်းမဟုတ်ကြ။ တစ်ဖက်နိုင်ငံမှ ဥပဒေမဲ့ ခိုးဝင်လာကြသူများကြောင့် မိမိတို့က လူနည်းစုဖြစ်သွားသော မြို့နယ်များတွင် အများအားဖြင့် တိုက်ခိုက်ခြင်းခံနေရလေတော့သည်။ တရားမဝင် တိုင်းတစ်ပါးသားတို့ ကြီးစိုးရာနယ်မြေတို့တွင် ပြည်ထောင်စုသားများ ရန်အပြုခံနေသည့် အဖြစ်မှန်ကို မျက်ကွယ်ပြုကာ ကျွန်တော်တို့ လူမျိုးကပဲ လူရမ်းကားများသဖွယ် ဝါဒဖြန့်ကြလေတော့သည်။ သို့ဖြစ်ရာ ဥပဒေမဲ့ဝင်ရောက် နေထိုင်ကြသူများအရေးကို ဖြေရှင်းရန်မှာ ကျွန်တော်တို့၏ အမျိုးသားရေးတာဝန်ပင် ဖြစ်နေလေပြီ။
ဆိုခဲ့သလို ကမ္ဘာ့အမြင်တွင် ထင်ရောင်ထင်မှားဖြစ်စေသည့် အကြောင်းအချက်တို့၌ ကျွန်တော်တို့
ပြည်ထောင်စုသားများသည် လူကြီးလာသည့်အခါ အလွန်ဧည့်ဝတ်ကျေအောင်ကြိုးစားကြသည့်အချက်ကို အခွင့်ကောင်းယူကာ ပုံဖော်ကြသည်ကလည်း တစ်ချက်အပါအဝင်ဖြစ်သည်။ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအပြီးတွင် နှစ်ဖက်လူ့အဖွဲ့အစည်း တို့အတွက် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်လျက် စောင့်ရှောက်မှု ပေးကြသည်ကို အားလုံးသိကြလိမ့်မည်။ ထိုစခန်းများသို့ တာဝန်ရှိ လူကြီးပိုင်းတို့ လာရောက်အားပေးကြသည့် အခါတို့တွင် ရံခါ နိုင်ငံခြားသား ဧည့်သည်များလည်း ပါလာတတ်သည်။ ထိုအခါမျိုးများတွင် ကျွန်တော်တို့ ပြည်ထောင်စုသားများသည် ဧည့်သည်အပေါ် လေးစားသမှုပြုသည့်အနေဖြင့် မိမိတို့အသီးသီးတွင် ပါရှိကြသော အဝတ်အစားတို့အနက်မှ မြင်ကောင်းရှုကောင်းအောင် လှလှပပ ဝတ်ဆင်တတ်ကြသည်။ ဤအချက်ကို ကောင်းကောင်းသိသော ဥပဒေမဲ့ ကျူးကျော်သူတို့သည် ၄င်းတို့ နေထိုင်ရာ စခန်းများသို့ ဧည့်သည်အဖွဲ့ ရောက်ရှိသည့်အခါတွင်မူ အစုတ်ခြာဆုံးသော အဝတ်များကို ဝတ်ကာ တွေ့လေ့ရှိသည်။ နိုင်ငံတော်နှင့် ပရဟိတ အဖွဲ့အစည်းများမှ လှူဒါန်းထားသော အဝတ်များကိုပင် ဖွက်ကာ အဟောင်းဆုံးအဝတ်တို့ကို ထုတ်လျက် အပေါက်အပြဲနှင့် ဝတ်ပြကြသည်။ လူတိုင်းသည် မိမိ နှစ်သက်ရာကို ဝတ်စားဆင်ယင်ကြသည်ဖြစ်ရာ ထိုကိစ္စနှင့် ပတ်သက်၍ အပြစ်မတင်ကောင်းသော်လည်း ကယ်ဆယ်ရေးစခန်းတိုင်းတို့တွင် ဤနည်းနှင်နှင်ဖြစ်နေသော တိုက်ဆိုက်မှုမှာ တစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခု၏ အလေးအနက်ထား ညွှန်ကြားချက်ဖြင့် ပုံဖော်နေခြင်းမဟုတ်ဟု ယူဆရန် ခဲယဉ်းနေသည်။ မည်သူက ညွှန်ကြားနေသည်ဖြစ်စေ၊ ထိုသူတို့၏ ပုံဖော်နေမှုသည် လွန်စွာ အောင်မြင်လျက်ရှိကြောင်း တွေ့ရသည်။ နိုင်ငံတကာ အသိုင်းအဝန်ကြားတွင် ယခုဆိုလျှင် ဒုက္ခရောက်နေကြသူခြင်း အတူတူ ကျွန်တော်တို့ တိုင်းရင်းသားများသည် အခွင့်ထူးခံများသဖွယ် အထင်လွဲခံနေရလေပြီ။
လွန်ခဲ့သောနှစ်ပိုင်း လပိုင်းကအစပြု၍ ကျွန်တော်တို့ နိုင်ငံတွင် အရေးအကြီးဆုံးသော အမျိုးသားရေးအန္တရာယ်ကြီးတစ်ခုကိုပါ ရင်ဆိုင်နေရလေသည်။ ဤသည်မှာကား ခိုးဝင်နေထိုင်သူများကို အကြောင်းပြုလျက် ကျွန်တော်တို့ အမျိုးသားရေး စရိုက်လက္ခဏာ၏ နှလုံးသည်းပွတ်ဖြစ်သော ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို သူတို့အလိုကျဖြစ်အောင် ပြင်ဆင်ပစ်ရန် မျက်စောင်းထိုးလာကြခြင်းပင် ဖြစ်သည်။ လက်ရှိဥပဒေအရဆိုလျှင် မွေးဖွားရာမိဘကို အကြောင်းပြု၍ နိုင်ငံသားဖြစ်ခွင့် ရှိမရှိကို အဆုံးအဖြတ်ပေးသည်ဟု အကြမ်းအားဖြင့် မှတ်ယူနိုင်ရာသည်။ ဤသည်ကိုပင် နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီမှုမရှိဟု ဆိုသူကလည်း ဆိုနေကြသည်။ သူတို့ပြောသော နိုင်ငံတကာ စံနှုန်းဆိုသည်မှာ မွေးဖွားရာ ပထဝီအနေအထားနှင့် အိမ်ထောင်ထောင်ဖက်ရွေးချယ်မှုကိုပါ ထည့်သွင်းစဉ်းကားကာ နိုင်ငံသားအဖြစ်လက်ခံရမည်ဟု ဆိုလိုခြင်းလည်းဖြစ်သည်။
အမှန်တကယ်တွင် သူတို့ဆိုနေကြသော နိုင်ငံတကာ စံနှုန်းဆိုသည်များကပင် လက်တွေ့ဘဝ၌ အမေရိကန်ကဲ့သို့ ကမ္ဘာ့နိုင်ငံကြီးမျိုးကိုပင် ဒုက္ခလှလှကြီး ပေးနေလေပြီ။ တောင်ပိုင်းက မက္ကဆီကိုနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ခရိုင်များနှင့် ရေလမ်းကြောင်းမှ ကျူးဘားနှင့် ဆက်စပ်နေသော ဒေသများတို့တွင် တရားမဝင် ကျူးကျော်သူများသည် အမေရိကန်နယ်မြေထဲ
ရောက်သည့်အခါတွင်မှ သားသမီးမွေးကြကာ အမေရိကန် နိုင်ငံသားအဖြစ်ရအောင် လုပ်ဆောင်နေကြပြီဖြစ်သည်။ ထို့အပြင် အစွန်းရောက် အကြမ်းဖက် ဖောက်ခွဲရေးသမားတို့တွင်လည်း အမေရိကန်နိုင်ငံသူ နိုင်ငံသားတစ်ဦးဦးနှင့် အိမ်ထောင်ပြုကာ သူတို့ကိုယ်တိုင်လည်း နိုင်ငံသားအဖြစ်ရရှိအောင် လုပ်ဆောင်ကာ အဖျက်အမှောက်လုပ်ငန်းတို့ကို လုပ်ကိုင်လာကြသည်ကို လည်း တွေ့ရမည်ဖြစ်သည်။ သို့ဖြစ်ရကား မွေးဖွားရာ ပထဝီအနေအထားနှင့် အိမ်ထောင်ဖက်ရွေးချယ်မှုတို့ကို ထည့်သွင်း စဉ်းစားကာ နိုင်ငံသားဖြစ်ခွင့် ပြုသင့်သည် မသင့်သည်ကို ဆုံးဖြတ်ခြင်းသည် အလွန်အန္တရာယ်များသော အတွေးအခေါ်ဖြစ်သည်ဟုပင် ဆိုရပေလိမ့်မည်။
လော်ရီကားမောင်းသမား အမေရိကန်နိုင်ငံသား ဖာရစ်အဇစ်သည် ၂ဝဝ၂ ခုနှစ်က နယူးယောက်မြို့ ဘရုတ်ကလင်း တံတားကို ဖောက်ခွဲရန် ကြံစည်ခဲ့သည်။ နိုင်ငံတကာ စံနှုန်းအလုပ်ကောင်း၍ ထိုသူသည် အမေရိကန်နိုင်ငံသား ဖြစ်ခွင့်ရသွားသူထည်း။ အမေရိကန်သည် မြန်မာကဲ့သို့ တိကျကောင်းမွန်သော ၁၉၈၂ နိုင်ငံသားဥပဒေမျိုးသာ ရှိပါက ဖာရစ်အဇစ်လို လူမျိုးသည် နိုင်ငံသားဖြစ်လာစရာ အကြောင်းမရှိ။ ပို၍ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ဗြိတိန်တွင် ယခင်က နိုင်ငံသားအဖြစ် ဖောဖောသီသီ ခွင့်ပြုထားခဲ့သူများကို ယခုအခါ မည်သို့မည်ပုံ သဘောထားကာ ဖြေရှင်းရမည့်အကြောင်းကို အပူတပြင်းဆွေးနွေး နေကြပြီလည်း ဖြစ်သည်။ ဗြိတိန်သည် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အားလျောစွာ ဥရောပ လူ့အခွင့်အရေး ကွန်ဗင်းရှင်း အခန်း (၈) ပါ ပြဋ္ဌာန်းချက်အရ the right to family life မိသားစု အဖြစ်ရပ်တည်နိုင်သော အခွင့်အရေးကို လက်ကိုင်ပြုကာ အကြမ်းဖက်သမားတို့သည် ပြည်နှင်ဒဏ် အပေးမခံရအောင် တိမ်းရှောင်နေကြသည်။ ထို့ကြောင့် ယခုအခါတွင် လဝက ဥပဒေကြမ်းတစ်ရပ်ကို ပါလီမန်တွင် တင်သွင်းအတည်ပြုရန် လုပ်ဆောင်နေကြပြီဖြစ်သည်။ ထိုဥပဒေအသစ်တွင် အရေးကြီးသော မူသစ် (၅) ချက်ပါဝင်ရာ ထူးဆန်းသည်မှာ အိမ်ရှင်များသည် အိမ်ငှားနေထိုင်သူများကို ဗြိတိန် နိုင်ငံသား ဟုတ်မဟုတ် စစ်ဆေးနိုင်ခွင့်ကိုပါ ထည့်သွင်းထားသည်ကို တွေ့ရမည်ဖြစ်သည်။ တရားမဝင်နေထိုင်သူကို အိမ်ငှားမိသော အိမ်ရှင်ကိုပါ ပြင်းထန်သော ဒဏ်ကြေးအတတ်ခံရအောင်လည်း ပြဋ္ဌာန်းထားမည်ဖြစ်သည်။
ပြည်ထဲရေးဝန်ကြီး ထရီဇာမေက လွှတ်တော်တွင် တင်သွင်းထားရာ မကြာခင် ဥပဒေအဖြစ်တွေ့ရတော့မည်ဖြစ်သည်။ သို့ဖြစ်ရာ ကမ္ဘာ့ထိပ်တန်း လူ့အခွင့်အရေး ထွန်းကားသည်ဆိုသော နိုင်ငံများတွင်ပင် လူဝင်မှုကြီးကြပ်ရေးနှင့်ပတ်သက်လျှင် တင်းကြပ်မှုရှိအောင် ပြန်လည် ပြင်ဆင်နေရသော
ခေတ်ကာလတွင် ကျွန်တော်တို့ မြန်မာများကမူ ၁၉၈၂ ဥပဒေကို နိုင်ငံတကာ စံနှုန်းအတိုင်း တူအောင် ပြင်ရမည်ဟု တွန်ကျူးနေကြသည်မှာ စိတ်ပျက်ဖွယ် ကောင်းလှတော့သည်။ ဥရောပ လူ့အခွင့်အရေး ကွန်ဗင်းရှင်း The European Convention on Human Rights ကဲ့သို့ အပြည်ပြည်ဆိုင်ရာ စံနှုန်းဆိုသည့် သတ်မှတ်ချက်များသည်ပင်လျှင် မိမိနိုင်ငံ အကျိုးစီးပွားနှင့် မကိုက်ညီတော့၍ မလိုက်နာဘဲ နှုတ်ထွက်သင့်ကြောင်း ယူကေလွတ်လပ်ရေးပါတီမှ တင်မ်အိပ်ကာ ဆိုသော နိုင်ငံရေးခေါင်းဆောင် တစ်ဦးကမူ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းအား တိုက်တွန်းနေပြီလည်း ဖြစ်သည်။
ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ကိုယ့်လူမျိုးရေး စရိုက်လက္ခဏာများ ရှိကြသည်ဖြစ်ရာ အမေရိကန်ကဲ့သို့ ဒေသအသီးသီးမှ လာရောက်အခြေချသူများဖြင့် တည်ထောင်ထားသော တိုင်းပြည်မျိုးတွင်ပင်လျှင် ကျေးဇူးတော်ပွဲ၊ ဘေ့စ်ဘောအားကစားတို့ကဲ့သို့သော နိုင်ငံအလိုက် ရိုးရာ ပွဲတော်၊ အားကစားတို့ ရှိကြသည်ပင်။ သို့ရာတွင် ဆိုခဲ့သော မွေးဖွားရာ ပထဝီအနေအထားနှင့် အိမ်ထောင်ဖက် ရွေးချယ်မှုကိုလိုက်၍ နိုင်ငံသားဖြစ်ခွင့် ထုတ်ပေးသောအခါမျိုးများတွင် ထိုသူတို့သည် အမေရိကန်တို့၏ စရိုက်ယဉ်ကျေးမှုတို့ကိုလည်း နားမလည်ဖြစ်နေခဲ့ကြသူတွေပါ ပါဝင်လာသည်ကို တွေ့နေရသည်။ ပိုဆိုးသည်မှာ တွေးခေါ်ပုံမှာလည်း ကိုယ်နိုင်ငံသား ဖြစ်နေပြီဖြစ်သော နိုင်ငံ၏ အကျိုးစီးပွားကို အလေးမထားဘဲ ယခင်နိုင်ငံနှင့် ယခင်လူမျိုးတို့၏ အကျိုးကို ရှေ့တန်းတင်လာကြကြောင်း တွေ့ရမည်လည်း ဖြစ်သည်။ ဆိုလိုသည်မှာ လက်တင်အမေရိကမှ ပြောင်းလာသော အမေရိကန်နိုင်ငံသားအတော်များများသည် မက္ကဆီကို၊ ကိုလံဘီယာစသော သူတို့ပြေးလာခဲ့သည့် နိုင်ငံများမှ တရားမဝင် ခိုးဝှက်ဝင်ရောက်လာသူများကို မည်သို့မည်ပုံ အကာကွယ်ပေးကာ ဖွက်ပေးထားရမည်ကို အစဉ်တစိုက် ကြံစည်နေတတ်ကြသည်။
ထို့အပြင် ကျွန်တော်တို့နိုင်ငံတွင် ဖြစ်ပွားဆဲ ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေသူများသည် ကိုးကွယ်ရာ ဘာသာတစ်ခု၏ အသိုင်းအဝန်းမှ ဖြစ်သည့်အားလျော်စွာ ဗုဒ္ဓဘာသာနိုင်ငံတွင် ဘာသာခြားလူနည်းစုတစ်ခုကို ခွဲခြားချိုးနှိမ်သည်ဆိုသောစွပ်စွဲချက်ကိုပါ တစ်ဖက်အင်အားစုများက ဝါဒဖြန့်လာကြပြန်သည်။ မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်တို့သည် လူနည်းစုဖြစ်သည်ဆိုသော ပြောကြားချက်ကို မငြင်းလို၊ သို့သော် လူနည်းစုဖြစ်တိုင်း ချိုးနှိမ်ခံနေရသည်ဆိုသည်မှာတော့ လက်တွေ့နှင့် လွန်စွာကွာခြားနေကြောင်း တွေ့ရမည်ဖြစ်သည်။ အစ္စလာမစ္စ်နိုင်ငံများအဖြစ် ထူထောင်ထားသော တိုင်းပြည်တို့အနက် တာလီဘန် အုပ်ချုပ်သည့် အာဖဂန်နစ္စတန် နိုင်ငံတွင် တစ်ချိန်က အမျိုးသမီးများကို ပညာသင်ကြားခွင့်၊ သီချင်းဆိုခွင့် စသည်တို့အား ရာဇဝတ်မှုကြီးတစ်ခုအလား ပြင်းပြင်းထန်ထန် တားမြစ်ထားသည်။ အီရန်လို နိုင်ငံများတွင်မူ အမျိုးသမီးများကို အိမ်ပြင်ထွက်သည့်အခါ ခေါင်းစီးပုဝါ မဝတ်မနေရဟု သံမဏိစည်းကမ်း ချမှတ်ထားပြန်သည်။ ကျွန်တော်တို့ နိုင်ငံတွင် အစ္စလာမ် ဘာသာဝင်ဖြစ်သာ ဆရာမကြီး ဒေါ်မေစုသည် ပညာကို ထုူးချွန်ပြောင်မြောက်စွာ ဆည်းပူးခွင့်ရသည်သာမက ရန်ကုန်တက္ကသိုလ်တွင် တွဲဖက်ပါမောက္ခအဖြစ် ဂုဏ်ရှိရှိ ထမ်းဆောင်သွားသည်။ အမှတ်တိုင်း A+ ရနေသော မိတ်ဆွေလေးသည် ပညာသင်ကြားခွင့်ရသည်သာမက သီချင်းသီဆိုရင်း ဆံကာတင်စာရင်းဝင်အဖြစ် အောင်မြင်ခဲ့သည်။ ဂျက်ဆီဂျေးကဲ့သို့ အနောက်တိုင်းအဆိုတော်သီချင်းကို ဟန်ပါပါ သီဆိုနေသည်။ မျက်နှာကိုလည်း ခေါင်းစည်းပုဝါ မဝတ်မနေရဆိုသာ စည်းကမ်းမျိုး ချမှတ်ထားခြင်း မခံရသည့်အပြင် ညစာစားပွဲ ဝတ်စုံရှည်၊ မီနီစကတ်၊ မြန်မာကြိုးကြီးချိတ်စသည်ဖြင့် ပွဲနှင့်လိုက်ဖက်သည့် ကောင်းနိုးရာရာကို လွတ်လပ်စွာဝတ်ဆင်နေသည်။ ဆရာမကြီးနှင့် အဆိုပါ သူငယ်မတို့ အကြောင်းကို တွေးမိတိုင်း မွတ်ဆလင်ဘာသာ ကိုးကွယ်သော အမျိုးသမီးများသည် အစ္စလာမ်မစ် နိုင်ငံတို့တွင် လူဖြစ်ရခြင်းထက် မြန်မာနိုင်ငံတွင် မွေးဖွားလာဖြစ်ခဲ့ခြင်းသည် သူတို့အဖို့ အရတော်လေစွ၊ ကံကောင်းလေစွဟု ဆင်ခြင်မိလေတော့သည်။
အေးနေဝင်း။

No comments:
Post a Comment