ဧပြီလ ၂၅ ရက် ၂၀၁၄ ခုနှစ်
အေပြီလဆန်းပိုင်းတွင် ပြန်လည်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံပြည်သူများသည် တရုတ်ပြည်ထဲသို့ ၀င်ရောက်တိမ်းရှောင်ကြရာ တရုတ်ပြည်ဘက်မှ လက်မခံတော့ဘဲ ပြန်လည်စေလွှတ်မှုကြောင့် တရုတ် - မြန်မာ နယ်စပ်တွင် သောင်တင်နေကြကြောင်း တရုတ်-မြန်မာနယ်စပ်မှ ကချင်အရေးလေ့လာသုံးသပ်သူ သတင်းထောက် တစ်ဦးထံမှ သိရသည်။
ယခင်ဖြစ်ပွားခဲ့သော တိုက်ပွဲကာလများတွင် ထွက်ပြေးတိမ်းရှောင်လာသော ကချင်ဒုက္ခသည်အားလုံးကို တရုတ်ဘက်က ကြည်ကြည်ဖြူဖြူ လက်ခံခဲ့သော်လည်း ယခုအခါ လက်ခံမှုမရှိတော့ခြင်းမှာ KIO/KIA ထိပ်ပိုင်း ခေါင်းဆောင်များ၏ လုပ်ရပ်ကြောင့်ဖြစ်သည်ဟုလည်း သုံးသပ်ပြောကြားမှုများ ရှိနေသည်။
``တရုတ်ပြည်ထဲကို ဒုက္ခသည်တွေ ပြေးနေကြတာ အမြဲတမ်း အဆင်ပြေပါတယ်။ ဒီတစ်ခေါက်မှာတော့ လုံးဝ လက်မခံတော့ဘူးဆိုပြီး အ၀င်မခံဘူး။ နယ်စပ်မှာအားလုံးဒုက္ခရောက်နေတယ်လို့ ကြားတယ်၊ စားဝတ်နေရေး အဆင်မပြေမှုတွေကြောင့် NGO အဖွဲ့တွေရဲ့ အကူအညီကို မျှော်နေရတာပေါ့´´ ဟု အစိုးရနှင့် KIA ကြား အကျိုးဆောင်ပြုလုပ်ပေးနေသော ဦးဆန်းအောင်က ပြောသည်။
အဆိုပါတိုက်ပွဲများမှာ KIA မှ အစိုးရတပ် ဗိုလ်မှူးတစ်ဦးအား ချောင်းမြောင်းပစ်ခတ်ခဲ့မှုနှင့် ပုံမှန်တပ်လဲလှယ် ရေးဆောင်ရွက်နေသော ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အစိုးရတပ်များမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲများဖြစ်ပွားလာမှုကြောင့် လဂျောင်ကျေးရွာမှ ဒေသခံများသည် မန်စီမြို့ပေါ်ရှိ နှစ်ခြင်းခရစ်ယာန် ဒုက္ခသည်စခန်းနှင့် အေဒီ ၂၀၀၀ ကက်သလစ်အသင်းတော် ဒုက္ခသည်စခန်း၊ မန်ဝိန်းကြီး ဒုက္ခသည်စခန်း များသို့ ထွက်ပြေးတိမ်းရှောင်လာကြပြီး အချို့မှာ တရုတ်ပြည်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြခြင်းဖြစ်ကြောင်း သိရသည်။
``KIA က ဂွမ်မော် အမေရိကန် သွားတာကိုလည်း တရုတ်က အစာကြေပုံမရဘူး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ မှာ အမေရိကန်ပါဝင်ဖို့ ဂွမ်မော်တောင်းဆိုတာကို အမေရိကန်က လက်ခံပြီး ပါဝင်လာမှာကိုလည်း တရုတ်က စိုးရိမ်ပုံရပါတယ်။ တကယ်ဆိုရင် KIA က တရုတ်ကို ခြေစုံကန်တဲ့သဘော ဖြစ်နေတာပေါ့။ ကချင်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကိုတရုတ်က လက်ခံထားတာ အများကြီးဘဲ၊ ဒီတစ်ကြိမ် လက်မခံဘူးဆိုတာကတော့ KIO/KIA ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ လုပ်ရပ်ကို တရုတ်က ဘ၀င်မကျလို့ ဖြစ်နိုင် ပါတယ်။ တိုက်ပွဲအခြေအနေတွေ အေးချမ်းသွားရင် ဒုက္ခသည်တွေအတွက် ဘာပြဿနာမှ မရှိပါဘူး။ တကယ် လို့ တိုက်ပွဲတွေ ဆက်ဖြစ်နေမယ်ဆိုရင် ဒုက္ခသည်တွေ တရုတ်နယ်စပ်မှာ ဒုက္ခအကြီးအကျယ် ရောက်ကြတော့ မှာ၊ တရုတ်က ဒုက္ခသည်တွေကိုတောင် လက်မခံတော့ဘူးဆိုတော့ KIA နဲ့ပတ်သက်နေတဲ့ ထောက်ပံ့မှုတွေ ရုပ်သိမ်းပြီး စီးပွားရေးလမ်းကြောင်းတွေပါ ဖြတ်တောက်လာနိုင်ပါတယ်´´ ဟု တရုတ်-မြန်မာနယ်စပ်မှ သတင်း ထောက်တစ်ဦးက သုံးသပ်ပြောကြားသွားပါသည်။
မိုးမြင့်

No comments:
Post a Comment