Wednesday, June 18, 2014

နားယောင်မိသော ထင်ရှားသည့် ဒေဝဒတ် အဆုံးအမများ


Jun 18, 2014

ကျွန်တော် ကြီးသူကို ရိုသေပါတယ်။ ငယ်ငယ်ကတည်းက ခုထိ ရိုသေပါတယ်။


အနိုင်ကျင့်မှု ဦးစီးတဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေ ပါလာရင် .. တနည်း ဒီပေတံတွေနဲ့ လာတိုင်းတာ အုပ်ချုပ်ခဲ့ရင် .. ကျွန်တော်ဟာ လူဆိုးဆိုတဲ့ ရလာဒ်ကို ရပါလိမ့်မယ်။

ဒေါသစရိုက် ကြီးတဲ့ ကျွန်တော်ဟာ မတရားဘူးလို့ ဦးဏှောက်က alarm ပေးတာနဲ့ ဆင်ခြင်တုံတရားတွေ ပျောက်ကုန်ပါတယ်။ ဒါကိုလည်း အမှန်လို့ပဲ ယူဆပြီး ပြင်ဆင်ဖို့လည်း မကြိုးစားမိခဲ့ပါဘူး။ ဒါ့ကြောင့် အလိုက်သင့်လေး ပြီးစီးရမယ့် ကိစ္စတချို့မှာ ပင်ပန်းကြီးစွာနဲ့ ဖြေရှင်းခဲ့ရပါတယ်။

ကိုင်စွဲထားတဲ့ ဆောင်ပုဒ်ကိုက “ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ ” ဆိုတဲ့ ပါးရိုက်ရင် နားကိုက်မယ် ဆိုတဲ့ လောကနီတိ ပါ။

အသက်အရွယ်လေး ရလာတော့ .. ဗဟုသုတလေးတွေ ရလာတော့ .. ဒါတွေဟာ ဒေဝဒတ် အဆုံးအမတွေပဲ ဆိုတာ သဘောပေါက်လာပါတယ်။ ဘုရားရဲ့ အဆုံးအမ အစစ်အမှန်က “ သင်ဘယ်လောက်ဆိုးဆိုး ကျွန်ုပ်ကောင်းမည် ” ပါ။

ဒီအယူအဆလေးကို လက်ခံ ကျင့်သုံးပြီးတဲ့နောက်မှာ ဒေါသဖြစ်စေမယ့် အကြောင်းတရား တော်တော်များများကို လျော့ချလာနိုင်ပြီး ယောနိသော မနသိကာရ အရ သင့်တင့်စွာ နှလုံး သွင်းလာနိုင်ပါတယ်။ မကျေနပ်တဲ့သူ အပေါ်မှာ ဒေါသတွေ ပွားပြီး ပူလောင်နေရတဲ့ အချိန်တွေအစား အေးချမ်းလာပါတယ်။ ဒါဟာ တရားဂုဏ်တော် တစ်ပါးဖြစ်တဲ့ အကာလိကော .. အခါမလင့် အကျိုးပေးတယ် ဆိုတဲ့ အကျိုးတရားကို လက်တွေ့တကယ် ပွားမိတိုင်း လက်တွေ့တကယ် ခံစားရတာပါပဲ။

ဗုဒ္ဓမြတ်စွာဘုရားက “ အသာစံခြင်း နဲ့ အနာခံခြင်း ” ထဲက အနာခံခြင်းကိုသာ အားပေး ဆုံးမခဲ့ပါတယ်။ အမြဲတမ်း အသာစံလိုတာဟာ ဒေဝဒတ်ရဲ့ လမ်းစဉ် ပါ။

မြတ်စွာဘုရားဟာ သတ္တဝါတွေကို ကယ်တင်ချင်တဲ့ ဂရုဏာ ကြီးမားလွန်းလို့ သုမေဓါ ရှင်ရသေ့ဘဝကပင် ကျွတ်တမ်းဝင်နိုင်သော ပါရမီရှိပါလျက် သတ္တဝါတွေအတွက် အနာခံပြီး လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ကျင့်ပါတယ်။ ပါရမီ ဆယ်ပါး၊အပြားသုံးဆယ် ထဲက ဒါနတစ်မျိုးကိုပဲ ကြည့်ကြရအောင်ပါ။ ဒီထဲက ဥစ္စာပစ္စည်း၊သားမယား လှူဒါန်းခဲ့တာ အသာထားလို့ ကိုယ်အဂါင်္ နဲ့ အသက် လှူတဲ့ အထဲက ကိုယ်အင်္ဂါလှူခဲ့တာကိုပဲ စစ်ထုတ်ပြရရင် မျက်စိဖောက်လှူခဲ့တဲ့ မျက်လုံး အရေအတွက်က ကောင်းကင်က ကြယ်တာရာထက် ပိုပါတယ်။ သွေးတွေဖောက်လှူခဲ့တဲ့ အရေအတွက်က သမုဒ္ဒရာလေးစင်းထက် ပိုပါတယ်။ အသားတွေ လှူဒါန်းခဲ့တဲ့ ပမာဏက ယူဇနာပေါင်း နှစ်သိန်းလေးသောင်း အထုရှိတဲ့ ဒီကမ္ဘာမြေကြီးထက် ပိုပါတယ်။

ဒီလို ကိုယ်ကိုယ်တိုင် အနစ်နာခံပြီး ပါရမီဖြည့်ကျင့်ခဲ့တဲ့သူရဲ့ ဆုံးမစကားတွေက အနာခံဖို့ ပါပဲ။ ပိုလေးနက်အောင် ပြောရရင် “ ကိုယ်သာနာပြီး စိတ်မနာ (အကုသိုလ်မဝင်) အောင် ” ဟောခဲ့တဲ့ တရားတွေပါပဲ။

ဒီအောက်က နီတိလေးတွေကို မိတ်ဆွေတို့ မြင်ဖူးကြမှာပါ။ “ ဘယ်သူ တရားပျက်ပျက် .. ကိုယ်မပျက် ” ဆိုတဲ့ စိတ်ဓါတ်ကို ရိုက်ချိုးစေပြီး “ လူညီ .. ဤ .. ကျွဲ လို့ဖတ် ” ဆိုတဲ့ အများမိုးခါးရေသောက် ကျင့်ထုံးနဲ့ သီလကို ယိုင်နဲ့စေကာ “ အမှားကြာ .. အမှန်ဖြစ် .. ဆိုးညစ်တဲ့ .. စကားပုံ ” တွေ ဖြစ်ပါတယ်။

“ ကျွန်ုပ် ဒုက္ခ ရောက်စဉ်က သင်ဘာကူညီခဲ့သလဲ ”( သူယုတ်မာ စကား )
သင်မကူညီခဲ့လျှင် No ဆိုတဲ့ ( ပြန်ရလိုမှု ) မျှော်လင့်ချက်နဲ့ Give & Take သဘောနဲ့ ‘ ဆန်ပေးမှ ဆေးရ ’ အကူအညီမျိုးပါ။

“ သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါ ” ( လူမိုက်စကား )
သင်ဆိုးလျှင် ကျုပ်မိုက်မည် လို့ တိုက်ရိုက် အဓိပ္ပါယ်ရပါတယ်။

“ စေတနာသည် လူတိုင်းနဲ့ မတန် ” ( မသူတော် စကား )
ကျေးဇူးသိတတ်သူကိုသာ ရွေးခြယ် ကူညီမယ် ဆိုတဲ့ ပုဂ္ဂလဓိဋ္ဌါန်တွေ ပါပါတယ်။

ဒါဆိုရင် အိမ်တွေ ဆိုင်တွေမှာ ပလတ်စတစ်လောင်း ၊ မှန်ဘောင်သွင်းကာ မိမိစိတ်ထားမကောင်းကြောင်း ကြေငြာထားတဲ့ အထက်ပါ ဒေဝဒတ် အဆုံးအမကဲ့သို့ ငရဲလက်မှတ်များကို ဘာလုပ်သင့်တယ်ဆိုတာ ဆုံးဖြတ် သုံးသပ် နိုင်ကြပါစေကြောင်း ...

Aga
June, 17th, 2014

No comments: