အီရတ်နိုင်ငံမြောက်ပိုင်းရှိ အစ္စလာမ္မစ် နိုင်ငံတော် စစ်သွေးကြွများ အခြေစိုက် စခန်းများကို အမေရိကန် တိုက်လေယာဉ်များနှင့် မောင်းသူမဲ့ လေယာဉ်များက ဗုံးကြဲတိုက်ခိုက်နေပြီး စစ်သွေးကြွများ သိမ်းပိုက်ထားသည့် နယ်မြေများကို ပြန်လည် သိမ်းယူရန် အီရတ်နှင့် ကာ့ခ်တပ်ဖွဲ့ဝင်များက ပြင်ဆင်လျက် ရှိကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
အစ္စလာမ္မစ်နိုင်ငံတော် (IS) တပ်ဖွဲ့ဝင်များက အီရတ်နယ်မြေ အများစုကို ပြီးခဲ့သည့်နှစ်လအတွင်း အလျင်အမြန် သိမ်းပိုက်လာခြင်းကြောင့် အမေရိကန်သမ္မတ အိုဘားမားက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ရန် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့သော တိုက်ခိုက်မှုသည် အီရတ်နိုင်ငံမှ အမေရိကန် တပ်ဖွဲ့ဝင်များ ပြန်လည် ရုပ်သိမ်းပြီးသည့် ၂၀၁၁ ခုနစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်။
ကာ့ခ်ဒေသဆိုင်ရာ အစိုးရဌာနချုပ်ကို ပစ်ခတ်တိုက်ခိုက်လျက် ရှိသည့် IS တပ်ဖွဲ့ အမြောက်စခန်းတစ်ခုကို အမေရိကန်တပ်ဖွဲ့က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒုတိယအကြိမ်မြောက် တိုက်ခိုက်မှုတွင် မော်တာစခန်းတစ်ခုကို မောင်းသူမဲ့လေယာဉ်သုံး တိုက်ခိုက်ခဲ့ကာ IS တပ်ဖွဲ့ဝင်များ အသုံးပြုသည့် ယာဉ်ခုနစ်စင်းကို လေဆာပဲ့ထိန်း ဗုံးရှစ်လုံး အသုံးပြု ချေမှုန်းခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က ပြောကြားသည်။
ဆွန်နီ စစ်သွေးကြွများရန်မှ ပုန်းရှောင်ထွက်ပြေးနေသော ဒေသခံများကို လေကြောင်းမှ စားနပ်ရိက္ခာနှင့် သောက်သုံးရေ ချပေးသည့် အစီအစဉ်ဖြင့် အမေရိကန် လေကြောင်းစစ်ဆင်ရေးကို စတင်ခဲ့ခြင်း ဖြစ်သည်။
ISစစ်သွေးကြွများမှာ လူဦးရေအားလုံးကို စနစ်တကျ ဖျက်ဆီးရန် စီစဉ်ထားပြီး လူမျိုးတုံး သတ်ဖြတ်ရန် ကြံစည်နေကြောင်း အမေရိကန်သမ္မတ အိုဘားမားက စွပ်စွဲပြောကြားထားသည်။
လေကြောင်း တိုက်ခိုက်မှုကို အကန့်အသတ်ဖြင့် လုပ်ဆောင်မည်ဟု အမေရိကန် သမ္မတအိုဘားမားက ပြောကြားလိုက်သော်လည်း စစ်ဆင်ရေး ပြီးဆုံးမည့်ရက်ကို သတ်မှတ်ထားခြင်း မရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
အမေရိကန် ပြည်ထောင်စု၏ လေကြောင်းကူညီ တိုက်ခိုက်ပေးမှုကြောင့် လာမည့်နာရီပိုင်းအတွင်း IS စစ်သွေးကြွများ သိမ်းပိုက်ထားသည့် ဒေသများကို ပြန်လည် သိမ်းပိုက်နိုင်မည် ဖြစ်ကြောင်း အီရတ်စစ်ဦးစီးချုပ်က AFP သတင်းကို ပြောကြားသည်။
No comments:
Post a Comment