Wednesday, February 25, 2015

ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေလျှော့စေမည့် အင်းစိန် မီးရထား ခုံးကျော်တံတား စီမံကိန်း လုပ်ငန်းများ ၃ဝရာခိုင်နှုန်း ပြီးစီး

 
Myanmar Forward

ရန်ကုန် ဖေဖော်ဝါရီ ၂၄
နေ့စဉ်နှင့် အမျှ ယာဉ်ကြော ပိတ်ဆို့မှုများကို ဖြေလျှော့ နိုင်စေမည့် ရန်ကုန်မြို့ အင်းစိန် မီးရထား ခုံးကျော်တံတား စီမံကိန်းသည် ယခုအခါတွင် ၃ဝရာခိုင်နှုန်းကျော် ပြီးစီး လာပြီဖြစ်သည်။
အဆိုပါ ခုံးကျော်တံတား သစ်သည် အင်းစိန်မြို့မ ဈေးဘက်အခြမ်းမှ ရထားသံလမ်း၊ အောက်မင်္ဂလာဒုံလမ်း တို့ကိုဖြတ်ကျော်ကာ လမ်းသစ်လမ်းဘက်သို့ လည်း ကောင်း၊ ဗဟို လမ်းဘက်သို့ လည်းကောင်း အင်္ဂလိပ်အက္ခရာ (Y)ပုံစံ တည်ဆောက် ထားခြင်းဖြစ်သည်။ စီမံကိန်း လုပ်ငန်းအား ၂ဝ၁၄ခုနှစ် ဒီဇင်ဘာ ဒုတိယပတ်တွင် စတင် အကောင်အထည်ဖော်ခဲ့ပြီး ယနေ့အချိန်ထိ ဖောင်ဒေးရှင်း ဘိုးပိုင် ကွန်ကရစ်တိုင် ၁၆တိုင် ပြီးစီးပြီ ဖြစ်သည်။ ကျန်ကိုးတိုင်သည် လက်ရှိကာလ တူးဖော်မှုတွင် ဆက်သွယ်ရေး ကြိုးများ၊ လျှပ်စစ်ကြိုးများ မလွတ်ကင်း၍ သက်ဆိုင်ရာ နှင့်ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း ရွှေသရဖူ ဆောက်လုပ်ရေး ကုမ္ပဏီမှ သိရသည်။
လက်ရှိကာလတွင် ဘို့ပိုင်တူးဖော်ခြင်း လုပ်ငန်းအတွက် ကရိန်း ဘို့ပိုင်နှင့် အခြား ဆောက်လုပ်ရေး ယန္တရား စက်ကြီး ခြောက်စီး၊ လုပ်သား အင်အား တစ်ရာကျော်ဖြင့်ဆောင်ရွက်လျက်ရှိပြီး သင်္ကြန်မတိုင်မီ တံတား ကွန်ကရစ် ရက်မ၊ သံပေါင်များ၊ တံတား ကြမ်းခင်းနှင့် လက်ရန်းများ တပ်ဆင်ခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း တံတား တည်ဆောက်ရေး တာဝန်ခံရုံးမှ ဒါရိုက်တာ ဦးဆန်းဝင်း ထံက သိရသည်။
အဆိုပါ တံတားသည် အရှည် ၁၅၅၇ပေ၊ အကျယ် ၂၈ပေရှိပြီး လမ်းဆုံမီးပွိုင့်ကို ကျော်ကာ လမ်းသစ် လမ်းပေါ်သို့ ဆက်သွယ်ထားသည်။ ထိုပင်မတံတား အလယ်မှ ခွဲထွက် တံတား လက်တက်သည် ၅ဝလိုင်းကားဂိတ် ကို ကျော်ကာ ဗဟိုလမ်းပေါ်တွင်သွယ်တန်းထားသည်။ တံတားလက်တက်သည် အရှည် ၅၉၈ပေ ၆လက်မရှိကာ ယာဉ်တစ်စီး သွားနိုင်သည့် ၁၆ ပေခန့် ကျယ်ပြီး တစ်ဖက်စီတွင် ၃ပေစီ လူသွားလမ်း ပါဝင်သည်။ တံတား တည်ဆောက်မှု တန်ဖိုးငွေ ကုန်ကျငွေ ကျပ် ၆ ဘီလီယံ ကျော်ခန့် မှန်းထားကြောင်း စီမံကိန်းရုံးမှ သိရသည်။
ထိုတံတားသစ်ကြီးအား မေလကုန်ပိုင်း တွင် အပြီးတည်ဆောက်သွားမည်ဖြစ်သည်။ ယခင်အင်းစိန်ဂုံးကျော်တံတား ဟောင်းအား ရန်ကုန်ဘက်အခြမ်းမှ အင်းစိန်ဈေး၊ လှိုင်သာယာဘက်သို့ အသွားအပြန် ယာဉ်နှစ်စီး တစ်ပြိုင်တည်း သွားလာနိုင်စေမည် ဖြစ်သောကြောင့် အသွားအပြန်တံတား တစ်စင်းစီ အသုံးပြုနိုင် မည်ဖြစ်သည့် အတွက် နေ့စဉ် ဖြစ်ပေါ်နေသော ယာဉ်ကြော ပိတ်ဆို့မှုအား ဖြေလျှော့စေမည့် အင်းစိန်ရထား ခုံးကျော် တံတားအသစ် အကောင်အထည် ပေါ်လာမည်ဖြစ် ကြောင်း သိရသည်။

မောင်မျိုး(ဧရာဝတီ)
မြ၀တီ

No comments: