Photo - BBC
ညပိုင်း အချိန်များတွင် ပါရီမြို့တော် ကောင်းကင်ယံ၌ အမျိုးအမည်မသိ အဝေးထိန်း လေယာဉ်ငယ်အချို့ ပျံသန်းနေခြင်းနှင့် ပတ်သက်ပြီး ပြင်သစ်ရဲတပ်ဖွဲ့က အလေးအနက် စုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
ဖေဖော်ဝါရီ ၂၃ နှင့် ၂၄ရက် ညများတွင် မောင်းသူမဲ့ လေယာဉ်ငယ်အချို့ ပါရီမြို့တော် ကောင်းကင်ယံ၌ ပျံသန်းနေခဲ့ကြောင်း သိရသည်။ အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက်သမား အချို့၏ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ပါရီတွင် လုံခြုံရေးအဆင့် အမြင့်ဆုံး တပ်လှန့်ထားချိန်တွင် ယင်းကဲ့သို့ မောင်းသူမဲ့ လေယာဉ်များ ညဘက် ပျံသန်းနေခြင်း ဖြစ်သည်။
ယမန်နှစ်က ပြင်သစ်ရှိ နျူကလီးယား ဓာတ်ပေါင်းဖိုများ အနီးတွင် မောင်းသူမဲ့ လေယာဉ်များ ပျံသန်းမှုကို စတင်တွေ့ရှိခဲ့ရပြီး မကြာသေးမီ လပိုင်းများ အတွင်းက ပါရီရှိ သမ္မတအိမ်တော်နှင့် နျူကလီးယား ရေငုပ်သင်္ဘောများ အခြေစိုက်ရာ ဘရစ်တနီယာ ပင်လယ်ကွေ့ အနီးတွင်ပါ တွေ့မြင်လာရသည်။ ရဲတပ်ဖွဲ့ အနေဖြင့် မောင်းသူမဲ့ လေယာဉ်များကို အဝေးမှ ထိန်းချုပ်ပျံသန်းစေသူ တစ်ဦးကိုမျှ ဖမ်းဆီးရမိခြင်း မရှိသေးဟုလည်း သိရသည်။
ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းက ပါရီမြို့တော်တွင် မောင်းသူမဲ့ လေယာဉ်ငယ် ငါးစီးအထိ သီးခြား ဖြန့်ကျက် ပျံသန်းနေခဲ့ကြောင်း ရဲများက အတည်ပြုခဲ့သည်။ “ဒါက ကစားနေတာပဲလား။ တစ်ခုခုအတွက် ကင်းထောက်နေတာလား။ နောက်ထပ် စုံစမ်းမှုတွေ အပြီးမှာတော့ ကျွန်တော်တို့ သတင်းအချက်အလက်တွေ ပိုသိလာရပါလိမ့်မယ်”ဟု ပါရီရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလ အတွင်းက အစိုးရပိုင် EDF ကုမ္ပဏီ ကောင်းကင်ယံတွင် မောင်းသူမဲ့ လေယာဉ်တစ်စီး ပျံသန်းနေမှုအတွက် တိုင်ကြားချက်ကို ပါရီရဲတပ်ဖွဲ့ အနေဖြင့် စတင်ရရှိခဲ့သည်။ ထို့နောက်တွင် ယင်းကဲ့သို့ မောင်းသူမဲ့ လေယာဉ်ငယ်များကို မကြာခဏ တွေ့မြင်လာရပြီး ယခုသီတင်းပတ်ထဲတွင်မူ ပါရီကောင်းကင်ယံ၌ နှစ်ညဆက်တိုက် ပျံသန်းနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ပြင်သစ်တွင် သေးငယ်သည့် အရပ်ဘက်သုံး မောင်းသူမဲ့ လေယာဉ်ငယ်များကို နျူကလီးယား ဓာတ်အားပေး စက်ရုံကဲ့သို့ အထူးကန့်သတ် နေရာများတွင် ပျံသန်းခွင့် မပေးဘဲ တားမြစ် ပိတ်ပင်ထားသည်။ ထို့အပြင် ပါရီတွင် မောင်းသူမဲ့ လေယာဉ်ငယ်များ ပျံသန်းခြင်းသည်လည်း ဥပဒေ ချိုးဖောက်ရာကျသည်။
ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာလ အတွင်းက အသက်(၂၄)နှစ်အရွယ် အစ္စရေး ကမ္ဘာလှည့် ခရီးသည် လူငယ်တစ်ဦးသည် နော်တာဒိမ်း ဘုရားကျောင်းပေါ်တွင် မောင်းသူမဲ့ လေယာဉ်ငယ် တစ်စီးကို ပျံသန်းစေခဲ့သည့်အတွက် တစ်ညတာ ထိန်းသိမ်းခံရပြီး ယူရို(၄၀၀) ဒဏ်ကြေး ပေးဆောင်ခဲ့ရဖူးကြောင်း သိရှိရသည်။
_Ref: CNA
No comments:
Post a Comment