ပုပ္ပားတောင်မကြီးတွင် မတ်လ ၁၃ ရက် ကတည်းက တောမီးလောင်ကျွမ်းခဲ့ရာ ယနေ့ ၈ ရက်ကြာသည်အထိ ဆက်လက်လောင်ကျွမ်းဆဲဖြစ်ပြီး ယခုမီးလောင်မှုသည် ပုပ္ပါးတောင် အတွက် အကြီးကျယ်ဆုံး မီးလောင်မှုတစ်ခုဖြစ်သည်ဟု ပုပ္ပါးတောင် ချစ်သူများအသင်းမှ ဦးကျော်ဝင်းဆွေက ဆင်ဟွာသို့ ပြောသည်။
ဦးကျော်ဝင်းဆွေက “ နယ်မြေခံတွေကလည်း တောမီးရှို့နေကြ၊ တောဆိုတာက ဆောင်းအဝင်၊ မိုးအကုန်မှာ မီးတားလမ်းလုပ်လေ့ ရှိတယ်။ (၇) ပေလောက်ကျယ်တဲ့ လမ်းလုပ်တော့ တောမီးလောင်ရင် မီးတားလမ်းက မီးက မကျော်တော့ဘူးပေါ့။ အခုမီးကတော့ အကြီးဆုံးလို့ယူဆတယ်။ အရင်က မီးလောင်ရင် ၂ ရက်လောက်နဲ့ ငြိမ်းတယ်” ဟုပြောသည်။
ပုပ္ပားတောင် အရှေ့ဘက်ခြမ်းရှိ ရှော်တောရွာအနီးမှစတင် လောင်ကျွမ်းခဲ့ရာ တောမီးမှာ မြောက်ဘက်ခြမ်း နွားလဘို့တောင်၊ ဆေးဝင်တောင်သို့ပါ ကူးစက်၍ ဆက်လက်လောင်ကျွမ်း ရာယခု မြင်းကတောင်မှ ဆက်လက်လောက်ကျွမ်းနေကြောင်း ပုပ္ပားတောင်ချစ်သူများအသင်းမှ တာဝန်ရှိသူက ပြောသည်။
ယခုမီးလောင်ကျွမ်းမှုတွင် ခန့်မှန်းချေ ဧက ၁,၅၀၀ လောက်တော့ ရှိနိုင်ကြောင်း၊ လွန်ခဲ့သည့် (၅) ရက်က ဧက ၁,၀၀၀ လောက်ရှိကြောင်း၊ ထင်းရှူးပင်ရှိတဲ့ဘက်တွေ ကို မကူးနိုင်တော့ ရက်က (၁၀) ရက်လောက်ကြာတော့ တောရိုင်းသတ္တ၀ါ အငယ်တွေ ပျောက်သွားနိုင်ကြောင်း ဦးကျော်ဝင်းဆွေက ဆိုသည်။
“ တောမြွေကြီးတွေကတော့ တောင်အောက်ဆင်းလာနိုင်တယ်။ မီးခိုးမှုံတွေကြောင့် လူသူအရောက်နည်းတဲ့နေရာမှာ ချိုင့်ဝှမ်းတွေမှာနေတဲ့ မျောက်မျက်ကွင်းဖြူတွေအတွက်တော့ ကျွန်တော်တို့ မသိတဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။
ပုပ္ပါးတောင်ကို အနောက်တိုင်းသားတို့က နတ်တို့ပျော်စံရာ အိုလံပတ်စ်တောင် (Mt. Olympus, an abode of the Gods ) နှင့်တူသည်ဟူ၍လည်းကောင်း အာရှတိုက်သားအချို့က ဖူဂျီတောင် (Mt. Fuji) နှင့်တူသည် ဟူ၍ လည်းကောင်း တင်စား ပြောဆိုကြသည့် တောင်ကြီး ဖြစ်သည်။
ပုပ္ပါးတောင်သည် သုတေသနပြုချက်အရ သက်နှောင်းကပ် (Cenozoic Era)၏ မိုင်အိုဆင်းယုဂ် (Miocene Period) နှောင်းပိုင်း လွန်ခဲ့သည့်နှစ်ပေါင်း ၁၅-သန်းခန့်က ပုပ္ပားမီးတောင် ပေါက်ကွဲဆဲဖြစ်ပြီး စတုတ္ထကပ် ပလိုင်စတိုဆင်းယုဂ် (Pleistocene Period) အလွန် နှစ်တစ်သန်းမှ ငါးသောင်းကာလအတွင်းထိ မီးသေတောင်မဖြစ်သေးပဲ ကျောက်ချောခေတ် (Neolithic Age) အစ လွန်ခဲ့သော နှစ်ခုနစ်ထောင်ခန့်ရောက်သောအခါမှ မီးသေတောင်ဖြစ်သည်ဟု ခန့်မှန်းရကြောင်း သမိုင်းပညာရှင်တချို့ က ရေးသားခဲ့ဖူးသည်။
ယခုမီးလောင်ကျွမ်းမှုကြောင့် လိပ်ပြာတို့၊ မြေကပ်ကောင်တို့လည်း ပျက်စီးဆုံးရှုံးနိုင်ကြောင်း ဒေသခံတချို့က ထင်ကြေးပေးကြသည်။
ဆရာတော်ဦးယုဇနက “မီးက မငြိမ်းသေးဘူး။ နည်းနည်းချင်းစလောင်တဲ့ ရက်ကစတွက်ရင် မီးလောင်တာက (၈) ရက် (၉) ရက်လောက်ရှိပြီ။ လောင်တဲ့ အကြောင်းက ပြောရခက်တယ်။ မုဆိုးတွေကလည်း မီးပေါ့ဆမှုကြောင့် ဖြစ်တယ်လို့ ယူဆတယ်လို့ ပြောတယ်။ တောင်ကြီးအားလုံးရဲ့ ၃ ပုံ ၁ ပုံ လောက်တော့ လောင်တယ်။ အပင်ကြီး ပျက်စီးမှုတော့ နည်းတယ်။ တိရစ္ဆာန်လေးတွေ သေကြတယ်။ ငှက်သိုက်တွေဆိုပျက်စီးကြတယ်။ စကတည်းက လူအင်အားကောင်းကောင်းနဲ့ လုပ်ရင် တော့ အများကြီး သိပ်မကူးနိုင်ဘူး။” ဟု ယခုမီးလောင်မှုမှာ ကူညီခဲ့သည့် အတွေ့အကြုံကို ပြောသည်။
ပုပ္ပားတောင်တွင် ယခုနှစ်အတွင်း တောမီးလောင်ကျွမ်းမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမ အကြိမ် လောင်ကျွမ်းခဲ့စဉ်က နှစ်ရက်ခန့်သာ ကြာမြင့်ခဲ့ကြောင်း သိရသည်။
(Xinhua)
No comments:
Post a Comment