မတ် ၂၅ ရက်က တူးနစ်-ကာတာဂီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ဆေးသည့်နေရာ၌ အီလက်ထရွန်နစ် ပစ္စည်းများကို ခရီးဆောင်အိတ်ထဲ ထည့်နေသည့် တူနီးရှားစုံတွဲတစ်တွဲ
အမေရိကန်သို့ တိုက်ရိုက်ပျံသန်းသော လေကြောင်းခရီးစဉ်များတွင် လက်တော့ပ်များနှင့် တက်ဘလက်များအား ပိတ်ပင်သည့် အမိန့်ကို ဒူဘိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် အစိုးရလေကြောင်းလိုင်း Emirates က မတ် ၂၅ ရက်တွင် စတင် အကောင်အထည် ဖော်ခဲ့ကြောင်း သိရသည်။ ယူအေအီးတွင် နွေရာသီ အားလပ်ရက် စတင်စဉ် ကမ္ဘာပေါ်၌ လူအစည်ကားဆုံးဖြစ်သော ဒူဘိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ခရီးသည် ၁ ဒသမ ၁ သန်းခန့် ဖြတ်သန်းသွားမည်ဟု မျှော်လင့်ကြောင်း ဒူဘိုင်းလေဆိပ်က ထုတ်ပြန်ခဲ့သည်။
သောကြာနေ့မှ တနင်္လာနေ့အထိ နေ့စဉ် ခန့်မှန်းခြေ ခရီးသွား ၂၆၀၀၀၀ အထိ ဖြတ်သန်းသွားမည်ဟု မျှော်လင့်ကြောင်း၊ တစ်နှစ်လုံးတွင် ခရီးသည် ၈၉ သန်းအထိ လာရောက်နိုင်ကြောင်း ဒူဘိုင်းလေဆိပ်က ထုတ်ပြန်ခဲ့သည်။
အစိုးရပိုင် Emirates လေကြောင်းလိုင်းသည် ဒူဘိုင်းမှ အမေရိကန်သို့ နေ့စဉ် ခရီးစဉ် ၁၈ ခုပြေးဆွဲနေကြောင်း သိရသည်။
အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံရှစ်နိုင်ငံမှ အမေရိကန်သို့ တိုက်ရိုက်လေကြောင်း ခရီးစဉ်များတွင် လေယာဉ်ပေါ်သို့ စံသတ်မှတ်ထားသည့် စမတ်ဖုန်းထက်ကြီးသော အီလက်ထရွန်နစ် အသုံးအဆောင်များအား သယ်ယူမှုကို ပိတ်ပင်ကြောင်း ကြေညာခဲ့သည်။ ယင်းပိတ်ပင်မှုသည် မည်မျှကြာမည်ဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူများက အတိအကျ မပြောခဲ့သော်လည်း Emirates လေကြောင်းလိုင်းကမူ အနည်းဆုံး အောက်တိုဘာ ၁၄ ရက် အထိ ယင်းပိတ်ပင်မှုအား ဆောင်ရွက်ရန် ညွှန်ကြားခံထားရကြောင်း အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
ယင်းပိတ်ပင်မှုသည် ဒူဘိုင်းလေဆိပ်ရှိ အခွန်လွတ်ဆိုင်များတွင် ရောင်းချသည့် အီလက်ထရွန်နစ်ပစ္စည်း အားလုံးကိုလည်း အကျုံးဝင်ကြောင်း ဒူဘိုင်းလေဆိပ် စီအီးအိုပေါဂရစ်ဖစ်က ယခုသီတင်းပတ် အစောပိုင်း၌ ပြောကြားခဲ့သည်။
မတ် ၂၅ ရက်တွင် သီးခြား ဖြစ်စဉ်အဖြစ် မိုးသက်မုန်တိုင်းများကြောင့် ဟူစတန်သို့ပျံသန်းမည့် ခရီးစဉ် အပါအ၀င် ဒူဘိုင်းနှင့် အဘူဒါဘီလေဆိပ်များမှ ထွက်ခွာမည့် ခရီးစဉ်အချို့ နှောင့်နှေးခဲ့ရကြောင်း သိရသည်။
အစ္စတန်ဘူရှိ အတာတက် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ကာတာ၏ ဟာမက်အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ အပါအ၀င် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကတို့ ရှိ လေဆိပ် ၁၀ ခုမှ စီးနင်းမည့် ခရီးသွားများသည် ယင်းပိတ်ပင်မှုနှင့် အကျုံးဝင်မည်ဖြစ်ကြောင်း သိရ သည်။
မွတ်စလင် အဓိကနေထိုင်သည့် နိုင်ငံများအား ပစ်မှတ်ထားသည့် ယင်းပိတ်ပင်မှုကြောင့် ဒေသတစ်ဝန်း ဒေါသထွက်မှုများ ဖြစ်ပွားခဲ့သည်။ ဗြိတိန်ကလည်း အီဂျစ်၊ တူရကီ၊ ဂျော်ဒန်၊ ဆော်ဒီအာရေဗျ၊ တူနီးရှားနှင့် လက်ဘနွန်တို့မှ လေကြောင်းခရီးစဉ် အားလုံးကို ပစ်မှတ်ထားပြီး မတ် ၂၅ ရက်တွင် စတင်သက်ဝင်သည့် အလားတူ ပိတ်ပင်မှုများကို ကြေညာခဲ့သည်။ ယင်းပစ္စည်းများတွင် ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်၍ ခရီးသည်တင် ဂျက်လေယာဉ်များကို ပစ်မှတ်ထားနိုင်ကြောင်း ထောက်လှမ်းရေး သတင်းများအား ရည်ညွှန်း၍ အမေရိကန် နှင့်ဗြိတိန်တို့က ယခုကဲ့သို့ ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။
အမေရိကန်၏ ပိတ်ပင်မှုတွင် အထူးသဖြင့် အမေရိကန် လေကြောင်းလိုင်းများက တိုက်ရိုက်ပျံသန်းခြင်း မရှိသော လေဆိပ်များကိုပါ လွှမ်းခြုံနေခြင်းကြောင့် စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။
Eleven Media
No comments:
Post a Comment