Sunday, March 26, 2017

အသစ်ထုတ်လုပ်မည့် သဘာဝဓါတ်ငွေ့သိုက်များအား EIA ပြုလုပ်နေမှုအပေါ် အရပ်ဖက်အဖွဲ့အစည်းများ ဝေဖန်

 

Mizzima
ကျောက်ဖြူ၊ မတ် ၂၆ ရက် ။             ။ ရခိုင်ကမ်းလွန်အတွင်းမှ အသစ်ထုတ်လုပ်မည့် သဘာဝဓါတ်ငွေ့သိုက် လေးနေရာအား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများရှိမရှိ စစ်တမ်းကောက်ယူခြင်း EIA ပြုလုပ်နေမှုအပေါ် အရပ်ဖက်အဖွဲ့ အစည်းများက ဝေဖန်းမှုများရှိနေကြောင်း သိရသည်။
အဆိုပါ စစ်တမ်းကောက်ယူမှုများ ဆောင်ရွက်ရာတွင် ဒေသခံအဖွဲ့အစည်းများ၊ အရပ်ဖက်မှ ကျွမ်းကျင်သည့် ပညာရှင်များကို ထည့်သွင်းထားခြင်းမရှိဘဲ အစိုးရနှင့် ကုမ္ပဏီတို့ကသာ   ပြုလုပ်နေခြင်းဖြစ်သဖြင့် မှန်ကန်သည့် ရလဒ်ကောင်းများကို ထုတ်ပြန်နိုင်လိမ့်မည် မဟုတ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။
“အခု စစ်တမ်းကောက်ယူမှုလုပ်ငန်းစဉ်ကို ERN ကုမ္ပဏီကလုပ်နေတာပါ။ အဲဒီကုမ္ပဏီက ကောက်ယူရရှိတဲ့ စစ်တမ်းတွေကို အစိုးရကအတည်ပြုမှာဆိုတော့ ဘယ်လောက်ထိ စိတ်ချရနိုင်မလဲ။ အရပ်ဖက်က ကျွမ်းကျင်တဲ့ အဖွဲ့အစည်းတွေ၊ ပညာရှင်တွေကိုထည့်သွင်းဖို့ လိုအပ်ပါတယ်။”ဟု ကျောက်ဖြူ ကျေးလက်ဒေသဖွဲ့ဖြိုးရေးအဖွဲ့မှ ဦးထွန်းကြည်က ပြောသည်။
ယင်းစစ်တမ်း ကောက်ယူမှုများ ပြုလုပ်လျှက်ရှိသည့် ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့ စမ်းသတ်ကွက်များမှာ လက်ရှိသဘာဝဓါတ်ငွေ့ ထုတ်လုပ်လျှက်ရှိသည့် A-4 ရွှေလုပ်ကွက်နှင့် အနီးစပ်ဆုံးနေရာတွင်တည်ရှိကြောင်း၊ အသစ်ထုတ်လုပ်ရန် ပြင်ဆင်လျှက်ရှိသည့် လုပ်ကွက်များမှာ A-1 နှင့် A-3 တို့ အပါအဝင် စုစုပေါင်းလုပ်ကွက် လေးနေရာဖြစ်ကာ မြနှင့်ရွှေဖြူစသည့် အနည်များပေးထားကြောင်း လေ့လာသိရှိရသည်။
“ကျွန်တော်တို့က သူတို့ကိုမေးတယ်။ သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုတွေ ဖြစ်လာမှာတော့သေချာတယ်။ ဘယ်လိုကာကွယ် ပေးသွားမယ်ဆိုတဲ့ မူဝါဒတွေရှိနေပြီလားဆိုတော့ သူတို့က အဲဒါကိုမပြောဘူး။ EIA Process တွေကိုကျည်းပဲ ချပြနေကြတယ်။ လုပ်နေတာကလည်း မြန်မာကုမ္ပဏီဖြစ်ပါတယ်။ သူတို့က ပင်လယ်ပြင်ထဲမှာရှိတဲ့ သန္တာကျောက်တန်းတွေကို မှီခိုနေကြတဲ့ ငါးမျိုးစိပ်တွေကို ဘယ်လိုကာကွယ်မယ်ဆိုတာ မသိရှိရပါဘူး။”ဟု သူကဆက်လက် ပြောကြားခဲ့သည်။
အဆိုပါလုပ်ကွက် လေးနေရာအတွင်းမှ သဘာဝဓါတ်ငွေ့များ ထုတ်ယူသုံးစွဲနိုင်ရန်အတွက် စစ်တမ်းကောက်ယူမှု လုပ်ငန်းကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကတည်းက စတင်ပြုလုပ်နေခြင်း ဖြစ်သော်လည်း ဒေသခံများအား ယခုနှစ် မတ်လ ၉ ရက်နေ့မှသာ ဒေသခံများအား အသိပေးခြင်းဖြစ်ပြီး ယင်းဓါတ်ငွေ့သိုက်များမှ သဘာဝဓါတ်ငွေ့များကို Daewoo ကုမ္ပဏီမှ ထုတ်လုပ်ကာ CNPC ကုမ္ပဏီသို့ ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments: