Thursday, January 22, 2015

အူရီဒူးကြော်ငြာများကို တယ်လီနောက ဆွဲဖြုတ်သဖြင့် အချင်းများ



ရန်ကင်းမြို့နယ်တွင် အူရီဒူး၏ ကြော်ငြာဗီနိုင်းများကို ဖြုတ်သိမ်းကာ တယ်လီနော ကြော်ငြာများ ကပ်သဖြင့် အူရီဒူး ၀န်ထမ်းများနှင့် တယ်လီနော ၀န်ထမ်းများ အချင်းများကာ လမ်းပေါ်တွင် ခိုက်ရန်ဖြစ်ပွားလု အခြေအနေအထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်မှာ ဇန်န၀ါရီလ ၈ ရက်က ရန်ကင်းမြို့နယ် ရန်ရှင်းလမ်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ အူရီဒူး၏ ကြော်ငြာဗီနိုင်းများအား တယ်လီနော ကုမ္ပဏီက အလုပ်အပ်ထားသည့် MMI ကြော်ငြာ ကုမ္ပဏီ၏ တစ်ဆင့်ခံ လက်ခွဲ ကန်ထရိုက်ဖြစ်သော SAM ကြော်ငြာ အေဂျင်စီက လိုက်လံ ဖြုတ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုဖြစ်ရပ်မှာ တယ်လီနော ရုံးချုပ်အနီးတွင် ဖြစ်သဖြင့် တယ်လီနော ရုံးပေါ်မှ ၀န်ထမ်းများစွာက အဆိုပါ နေရာသို့ လာရောက်ပူးပေါင်းပြီး ပြဿနာ ကြီးထွားလုနီးပါး အသွင်အထိ ရောက်ရှိခဲ့ကြောင်း နှင့် ယင်းနေ့၌ SAM ကုမ္ပဏီ၏ ယာဉ်အမှတ် 8G/8620ဖြင့် အူရီဒူးကြော်ငြာ ဗီနိုင်းများကို ဆွဲဖြုတ်ပြီး ကားပေါ် တင်ယူသွားခဲ့ကြောင်းလည်း သိရသည်။

တယ်လီနောသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စေခိုင်းသည်ဟု ဆိုကာ လှိုင်မြို့နယ်တွင်လည်း အူရီဒူး၏ ကြော်ငြာဗီနိုင်းများကို လိုက်လံ ဆွဲဖြုတ်ခြင်း၊ အူရီဒူး ကြော်ငြာပေါ်တွင် တယ်လီနော ကြော်ငြာများဖြင့် ဖုံးခြင်း စသည့် စီးပွားရေး ကျင့်ဝတ်နှင့် မညီသော အပြုအမူများ လုပ်ဆောင်နေကြောင်း သတင်းရရှိခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ Tomorrowက ဆက်သွယ်မေးမြန်းရာ ထိုကဲ့သို့ ခိုင်းစေထားခြင်း မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

လေ့လာသူ တစ်ဦးကလည်း “တယ်လီနောဆိုတာ နော်ဝေလို ဥရောပ နိုင်ငံကြီးက ကုမ္ပဏီ ဖြစ်တယ်။ သူ့နိုင်ငံမှာရော ဒီလိုစည်းမဲ့ကမ်းမဲ့ လုပ်လို့ရသလား မေးချင်ပါတယ်။ တယ်လီနောက စတင် ကြော်ငြာ ကတည်းက ပြည်ထဲရေး လက်အောက်ခံ ယာဉ်ထိန်းရုံးတွေမှာ ကြော်ငြာတွေ ကပ်လိုကပ်နဲ့ စလုပ်လာတယ်။ ဒီနိုင်ငံကရော မင်းမဲ့နိုင်ငံလား၊ ဒီလိုကုမ္ပဏီချင်း အများပြည်သူရှေ့မှာ ပြဿနာ ဖြစ်ပွားတဲ့ လုပ်ရပ်တွေကို တားဆီးမဲ့သူ မရှိတော့ဘူးလား၊ ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ ပေါင်းပြီး ကြော်ငြာတွေ လုပ်ထားလို့ ရဲတပ်ဖွဲ့က မသိချင်ယောင် ဆောင်ပေး နေရတာလား”ဟု ပြောပြသည်။

Tomorrow ဂျာနယ်မှလည်း ၂၀၁၄ခု ဒီဇင်ဘာ ၁၂ ရက်နေ့ ည ၈ နာရီ ၄၉ မိနစ်ကတွင် တယ်လီနော ၀န်ထမ်းများက အူရီဒူး ကြော်ငြာများကို ဆွဲဖြုတ်ပြီး ထိုနေရာတွင် တယ်လီနော ကြော်ငြာများ တပ်ဆင်နေသည့် မှတ်တမ်း ဓာတ်ပုံများ ရရှိထားသည်။

Tomorrow

No comments: