Friday, April 11, 2014

Adoxcy ကို သွင်းကုန်လိုင်စင် ပိတ်သိမ်း



ရွှေရည်စောမြင့် | Thursday, 10 April 2014

မြန်မာနိုင်ငံ ဈေးကွက်အတွင်း ကျယ်ပြန့်စွာရောင်းချနေသည့် Adoxcy cell food ဆဲလ်အာဟာရ
ဖြည့်စွက်အရည် တင်သွင်းခွင့်ကို မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
(FDA) က မတ်လ ၃၁ ရက်နေ့တွင် သွင်းကုန်လိုင်စင် ယာယီပိတ်သိမ်းလိုက်ကြောင်း သိရသည်။

"ဘာဖြစ်လို့ ဒီလိုပိတ်လိုက်ရတာလဲဆိုတော့ ဒီပစ္စည်းကို ကျွန်တော်တို့က ဖြည့်စွက်စာနဲ့ အဖြစ်
တင်သွင်းခွင့်ပေးထားတာကို တင်သွင်း ရောင်းချနေတဲ့ ကုမ္ပဏီက ဈေးကွက်ထဲမှာ ရောဂါ
ပျောက်ကင်းတဲ့ ဆေးဝါးပုံစံမျိုးနဲ့ ကြော်ငြာပြီး ရောင်းချတာ အထင်အရှားတွေ့ရှိရတဲ့ အတွက်
ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့်နဲ့ အခုလို တင်သွင်းခွင့်ကို တားမြစ်လိုက်တာပါ" ဟု ညွှန်ကြားရေးမှူး
(အစားအသောက်) ဒေါက်တာ ထွန်းဇော်က မြန်မာတိုင်း(မ်)ကိုပြောသည်။

Adoxcy ဆဲလ်အာဟာရအရည်ကို Zin Biotest ကုမ္ပဏီကထိုင်းနိုင်ငံထုတ် (FDA) ၏
ကုန်ပစ္စည်း တင်သွင်းခွင့် ထောက်ခံချက် အမှတ်ဖြင့် ဈေးကွက်သို့ တင်သွင်းရောင်းချခဲ့သည်မှာ
တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။

သို့သော် အဆိုပါပစည်းကို ဈေးကွက်အတွင်းတွင် ဖြန့်ချိရောင်းချရာတွင် ကြော်ငြာ လက်ကမ်း
စာစောင်နှင့် စီဒီအချပ်တို့တွင် ကျင့်ဝတ်နှင့် မညီညွှတ်သည့် ဆီးချို၊ အိပ်အိုင်ဗီ စသည့်ရောဂါ
များကို ပျောက်ကင်းသက်သာသည့်ဟု ထင်ယောင်ထင်များ ဖြစ်စေသည့် ပြောဆိုချက်များနှင့်
ဓာတ်ပုံများ ထည့်သွင်း ဖော်ပြခဲ့သည်ကို တွေရှိခဲ့သည်အတွက် (FDA) မှ Zin Biotest ကုမ္ပဏီ
တာဝန်ရှိသူကို နှစ်ကြိမ်တိုင် ခေါ်ယူ တွေ့ဆုံ အသိပေးခဲ့ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ချက်ချခဲ့ခြင်း
ဖြစ်သည်ဟု ဒေါက်တာထွန်းဇော် ပြောသည်။

မြန်မာတိုင်း(မ်)က Zin Biotest ကုမ္ပဏီမှ ပိုင်ရှင် ဒေါက်တာ တင်ထွန်းလွင်ကို ဆက်သွယ်ရန်
ကြိုးစားခဲ့သော်လည်း ဆက်သွယ်မှု မရှိခဲ့ပေ။

Adoxcy cell food တင်သွင်းခွင့်ထောက်ခံ ချက်မူရင်းကို (FDA) က ပြန်လည်သိမ်းဆည်းပြီး
လိုက်သက်ဆိုင်ရာဌာနများသို့လည်း ကုန်သွယ်ခွင့် မပြုရန် အကြောင်းကြားထားပြီးဖြစ်ကြောင်း
ဒေါက်တာထွန်းဇော်က ပြောသည်။

လက်ရှိရောင်းချနေသည့် ပစ္စည်းများကို ဈေးကွက်ထဲကပြန်လည် သိမ်းဆည်းမည် မဟုတ်သော်
လည်း (FDA)အနေဖြင့် ပြည်သူများကို စားသုံးရန် သင့်မသင့်ကို ထောက်ခံချက် မပေးနိုင်ကြောင်း
၎င်းက ပြောသည်။

ယခုလ မတ်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်တွင် ပြဋ္ဌာန်းလိုက်သည့် စားသုံးသူ
အကာအကွယ်ပေးရေး ဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များအတွက် တားမြစ်ချက်များကို
ထုတ်ပြန်ရာတွင် စီးပွားရေးလုပ်ငန်းရှင်များသည် တံဆိပ်အမှတ်အသားပါ အချက်အလက်
သို့မဟုတ် ကြော်ငြာနှင့် အရောင်းမြှင့်တင်ရေးတို့တွင် ပါဝင်သော ဖော်ပြချက်တို့နှင့် ကိုက်ညီမှု
မရှိသောကုန်စည် ကြော်ငြာခွင့်မရှိကြောင်းနှင့် အဆိုပါ တားမြစ်ချက်ကို ထည့်သွင်းထားသည်။

ထို့ပြင် ထိုဥပဒေ ပုဒ်မ ၉ အရ စီးပွားရေးလုပ်ငန်းရှင်သည် ၀ယ်ယူသူ သို့မဟုတ် အသုံးပြုသူအား
ထင်ယောင်ထင်မှား ဖြစ်စေရန် ရည်ရွယ်ရောင်းချရန် ကမ်းလှမ်းခြင်းသော် လည်းကောင်း၊
အရောင်းမြှင့်တင်ခြင်းသော် လည်းကောင်း၊ ကြော်ငြာခြင်း မပြုရဟု ဖော်ပြထားသည်။

ဤဥပဒေအရ တားမြစ်ချက်ကို တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်မှု ထင်ရှားကြောင်း
စီရင်ခံရလျှင် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သိန်းငါးဆယ်ထက် မပိုသော
ငွေဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်။

No comments: