. . . – မြတ်ဆွေ
အခွင့်အရေးပေးပြီး ဖြားယောင်း သော်လည်း လက်မခံ . . . ဆင်းရဲစွာဖြင့်ကိုယ်ကျိုးစွန့်သည် . . .
ယခုတလောအဆိုတော်တွေ၊ ရုပ်ရှင် သရုပ်ဆောင်တွေ လက်ထပ်ပွဲ မင်္ဂလာ ဧည့်ခံပွဲတွေ ပြုကြသည်။ သူတို့၏ စုံတွဲ ဓာတ်ပုံတွေကိုလည်း ဂျာနယ်မဂ်္ဂဇင်းတွေက အထူးပြု ဖော်ပြကြသည်။ ဒါထက် နာမည်ကျော် မင်းသမီး ကလေး သက်မွန်မြင့်၏ မင်္ဂလာစုံတွဲပုံကိုတော့ ကျွန်တော် မတွေ့မိလိုက်ပါ။ ကျွန်တော်ပဲ မျက်စိလျှမ်းလို့လား၊ ဂျာနယ် သတင်းစာတွေကပဲ တခုတ်တရ မဖော်ပြလို့ပဲလား မသိပါ။ ပရိသတ်အကြိုက်ပဲ ဖော်ပြသင့် ပါ၏။ ယခုအခါ ကျပ် ၁၀၀ ဖြင့်ရောင်းနေသော ဒီမိုကရေစီ တူဒေးသတင်း စာရဲ့ မျက်နှာဖုံးအပြည့်နီးပါး မင်္ဂလာစုံတွဲ လက်မှတ်ရေးထိုးနေပုံ ပုံကြီးနှင့် သတင်းကိုဖတ် လိုက်ရ၊ တွေ့လိုက်ရသည်။ ဘယ်မင်းသား၊ ဘယ်အဆိုတော်နှင့် မင်းသမီးကလေးပါလိမ့်။ မဟုတ်ပါ။ နိုင်ငံရေးသမား ဆိုသူတစ်ဦးနှင့် ပြည့်ပြည့်ဖြိုးဖြိုး အလှတိုးနေသော အမျိုးသမီးတစ်ဦးပုံကို တွေ့လိုက်ရပါ၏။…
နိုင်ငံရေးသမားဆိုတာ သူလက်မှတ်ရေးထိုးတာကို သတင်းမှာ ဖော်ပြလို့သာ သိရပါသည်။ ရုတ်တရက် ဓာတ်ပုံ ကို ကြည့်သော် အဆိုတော် ကြီးလား၊ ဂီတသမားကြီးများလား ထင်ရသည်။ ၀မ်းသာစရာ ကြည်နူးစရာ သတင်းတစ်ပုဒ်ပါပဲ။
ထိုသို့ သတင်းစာကို ဖတ်ရှုပြီးချထားစဉ်မှာပဲ ကျွန်တော့်မြေးနှစ် ယောက်ရောက်လာပြီး ဆွဲယူကြည့်ကြပြန်ပါ၏။ မျက်နှာဖုံးက စုံတွဲကြီးပုံ ကိုကြည့်ပြီး သတင်းကို ဖတ်ရှုကြပြန်သည်။
သြော် သည်ကလေးတွေကတော့ နိုင်ငံရေးသမားဆိုတာ မိန်းမလှလှယူပြီး သတင်းစာမျက်နှာဖုံးမှာ ထည့်ရ သည်ဟု ထင်မှတ်သွားကြလေ မလားမသိ။
နိုင်ငံရေးသမားဟူသည် …၊ နိုင်ငံရေးသမားဟူသည် … လွန်ခဲ့ သော နှစ် ၅၀ ကျော်ကို ကျွန်တော့်စိတ်အစဉ် ပြန်လည်ရောက်ရှိသွားပါ သည်။
ကျွန်တော်တို့ ဒေးဒရဲမြို့မှာ ဦးခင်မောင်မြင့်ဆိုသော နိုင်ငံရေးသမား တစ်ဦးရှိခဲ့ပါသည်။ ငယ်စဉ်က မိဘများချမ်း သာ၍ ပညာကို ဆုံးခန်းတိုင် သင်ကြားနိုင်ခဲ့ပါ၏။ ဦးခင်မောင်မြင့်ညီမှာ အဆိုတော် ကိုသန်းလှိုင်ဖြစ်ပါ သည်။
ဦးခင်မောင်မြင့်က ပမညတ ခေါင်းဆောင်ဖြစ်၍ ပဲခူးမှာ ကျူရှင်ပြ ပါသည်။ ကျောင်းဆရာကြီးတစ်ဦးသမီးနှင့် အိမ်ထောင်ပြုပြီး နိုင်ငံရေးကို တစိုက်မတ်မတ်လုပ်ပါသည်။ သူက နိုင်ငံရေးသက်သက်သာ လုပ်ချင်သော် လည်း စားဝတ်နေရေးအတွက် ကျူရှင်ပြရပါသေးသည်။
သည်လိုနှင့် ဖဆပလခေတ်တွင် ရွေးကောက်ပွဲဝင်ပါသည်။ ဖဆပလက ညစ်ပတ်မှုများဖြင့် ကပ်ပြီးအနိုင်ရ သွားပါသည်။ ဦးခင်မောင်မြင့်သည် နိုင်ငံရေးကိုသာ တစိုက်မတ်မတ်လုပ်ရာ ဗိုလ်ချုပ်နေ၀င်း၏ မဆလအစိုးရ လက်ထက်တွင် အင်းစိန်ထောင်ထဲ ရောက်ရှိသွားပါသည်။ နောက်ဆုံး တော့ ထောင်ထဲမှာ ဆေးဝါးကုသခွင့် မရ၊ ညှဉ်းပန်းနှိပ်စက်မှုများလည်း ခံရ၍ ကွယ်လွန်သွားရှာပါသည်။ သေဆုံးခါနီးမှ အင်းစိန်ဆေးရုံတင်ပေး၍ ဆေးရုံမှာ ကွယ်လွန်ရခြင်းဖြစ်ပါသည်။
နောက် ကျွန်တော် ခင်မင်ရင်းနှီးသူတစ်ဦးက စာရေးဆရာ ဗန်းမော် တင်အောင်ဖြစ်ပါသည်။ သူသည် အရပ် အမောင်း ကောင်း၍ ရုပ်ရည်လည်း ပြေပြစ်သူဖြစ်ရာ စာရေးဆရာဒါရိုက်တာသုခက မင်းသားလုပ်၊ ရုပ်ရှင် ရိုက်ရန် ကမ်းလှမ်းခဲ့ဖူးပါသည်။ ဆရာက လက်မခံပါ။ သူ့ဓာတ်ပုံကို ကြေးမုံ သတင်းစာမှာ ထည့်လိုက် တော့ မနေတတ်၊ မထိုင်တတ် ဖြစ်သွားပါသည်။ နိုင်ငံရေးသမား စာရေးဆရာလုပ်ပြီး အလှပြချင်သူ မဟုတ်ပါ။
သူဒေါ်ခင်ဦးနှင့် လက်ထပ်တော့လည်း လူမသိ၊ သူမသိ တိတ်ဆိတ် လှပါသည်။ သူသည် စာရေးဆရာ နိုင်ငံရေး သမားဆိုပြီး ဘယ်သူပေးသော အကူအညီမှ လက်မခံခဲ့ပါ။ အလွန်ရိုးသားပါသည်။ လက်မယမထောင် ပါ။ အသက် ငယ်ရွယ်စဉ် ၅၀ ကျော်တွင် ထောင်ထဲက ဒဏ်တွေကြောင့် အဆုတ်ရောဂါဖြင့် ဆေးရုံတက်ခဲ့ရသည်။ နောက်ဆုံးတော့ ဆင်းဆင်းရဲရဲ ဖြင့် ဘ၀ကို နိဂုံးချုပ်သွားရရှာသည်။ အသက်ကတော့ ၆၀ နီးပါးပင် ရှိ ပါသေး သည်။
ပြီးတော့ ကျွန်တော့်ဆရာဖြစ်ခဲ့ဖူးသော စာရေးဆရာ သခင်မြသန်း။ ပြည်သူ့ဂျာနယ် တာဝန်ခံအယ်ဒီတာအဖြစ် လစာအနည်းငယ်ဖြင့် ဘ၀ကို ရှင်သန်ရင်း တစ်ဖက်က နိုင်ငံရေးလုပ်ခဲ့သည်။ ဦးနု လက်ထက်က အခွင့်အရေး ပေးပြီး ဖြားယောင်းသော်လည်း လက်မခံ။ ဆင်းရဲစွာဖြင့် ကိုယ်ကျိုးစွန့်သည်။ ကိုကိုးကျွန်းအပို့ခံသည်။ ကျွန်းက အပြန်ပင် ရောဂါများ အထုအထောင်းခံရပြီး ကွယ်လွန်ရရှာသည်။ ကျွန်တော်သည် ဆင်းရဲ စွာဖြင့် ဘ၀ ဇာတ်သိမ်း ကြရသော တကယ့်နိုင်ငံရေး သမားကြီးအချို့ကို သတိရမိရင်း စိတ်မှန်းဖြင့် လေးစားခင်မင်စွာ ဂါရ၀ပြုလိုက်မိပါသတည်း။

OppositEye

No comments:
Post a Comment