ဓာတ်ပုံ - ရေတပ်မှ ဖမ်းဆီးခဲ့သည့် အင်ဒိုနီးရှားငါးခိုးလှေမှ လှေသားများအား တွေ့ရစဉ်
----------------------------------------------------------------------
မြန်မာ့ပင်လယ်ပြင်တွင် နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးဖမ်းဆီးခွင့်ကို ယခုလကုန်မှ စတင်ပြီး ရပ်နားမည်ဖြစ်ရာ ပြည်ပရေယာဉ်များမှ တရားဝင်ဖမ်းဆီးခွင့်မရရှိ၍ တရားမ၀င် ခိုးယူဖမ်းဆီးမှုများ ပြုလုပ်မည်ကို ပြည်တွင်းငါးလုပ်ငန်းရှင်များက စိုးရိမ်လျက်ရှိသည့်အပေါ် လက်ရှိတွင် ၀င်ရောက်ခိုးဖမ်းရန် မလွယ်ကူနိုင်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၏ သားငါးကဏ္ဍ အပတ်စဉ်အစည်းအဝေးတွင် အဖွဲ့ချုပ်မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း မတ်လ(၃၁) ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြထားသည်။
''တချို့ကလည်း စိုးရိမ်စိတ်ရှိတယ်။ မြန်မာ့ရေပြင်မှာ ကျွန်တော်တို့ ဖမ်းဆီးခွင့်ရှိတယ်ဆိုပေမယ့် တခြားနိုင်ငံကလာဖမ်းတဲ့အခါ ဘယ်လိုတားဆီးမလဲဆိုတဲ့ အပိုင်းတွေရှိတယ်။ ကျွန်တော်ကတော့ သိပ်မစိုးရိမ်တော့ဘူး ဘာကြောင့်လဲဆိုတာ့ မြန်မာ့ရေတပ်မတော်က ဒီလထဲမှာပဲ စစ်ရေးလေ့ကျင့်မှုတွေ လုပ်တယ်။ ဒီနေ့ မြန်မာ့တပ်မတော်(ရေ) အနေအထားကလည်း ကိုယ့်ရေပိုင်နက်ကို ကာကွယ်နိုင်တဲ့ အဆင့်မြင့်တက်လာပါပြီ။ အဲဒါကြောင့် ရေပြင်မှာ Fishing Right တွေ ဖျက်လိုက်တဲ့နောက် လာခိုးဖို့ဆိုတာ သိပ်မလွယ်တော့ပါဘူး။ စိတ်ပူစရာ မရှိပါဘူးဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောကြားခဲ့ကြောင်း ၄င်းသတင်းစာတွင် ရေးသားထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း တနင်္သာရီ ရေတပ်စခန်းဌာနချုပ် ကွပ်ကဲမှုအောက်ရှိ မြန်မာပိုင်နက်ရေပြင်တွင် တရားမ၀င် ကျူနာငါး ၀င်ရောက်ခိုးဖမ်းသည့် အင်ဒိုနီးရှားနိုင်ငံ လိုင်စင်ပါ ကျူနာငါးဖမ်းလှေ (၃)စီးအား တပ်မတော်(ရေ) စစ်ရေယာဉ်များမှ ဖမ်းဆီးနိုင်ခဲ့သည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် စတင်သည့် ၂၀၁၄ ခုနှစ် ဧပြီလ(၁)ရက်မှစ၍ မည်သည့် နိုင်ငံခြားသားပိုင် ငါးဖမ်းလှေမှ မြန်မာ့ရေပိုင်နက်အတွင်း ၀င်ရောက်ငါးဖမ်းခွင့် ရရှိတော့မည်မဟုတ်ပေ။
မြန်မာ့ရေပိုင်နက်ထဲသို့ ၀င်လာပါကလည်း ရေတပ်က ပစ်ခတ် ဖမ်းဆီးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြည်ပငါးဖမ်းလှေများကို ၁၉၈၉-၁၉၉၀ မှ စတင်ကာ ၁၉၉၃-၁၉၉၄ အထိ ကုမ္ပဏီ ၅၂ ခုမှ ရေယာဉ် ၁၃၈၄ စီး မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းဆီးခွင့်ကို စတင်ခွင့်ပြုခဲ့သည်။ ထို့နောက် ငါးနှစ်စီ သုံးကြိမ်သက်တမ်းတိုးပေးခဲ့ပြီး ၂၀၀၉- ၂၀၁၀ ဘဏ္ဍာနှစ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အထိ ကုမ္ပဏီသုံးခုမှ ငါးဖမ်းလှေအစီးရေ ၅၀၀ အား ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြိတ်ပုလဲမြေ

OppositEye

No comments:
Post a Comment