Saturday, April 12, 2014

တီလားဗီးယား ငါးသားပေါက်များကို ကြီးထွားမှုနှုန်းမြင့် နည်းပညာဖြင့် ထုတ်လုပ်ကာ မွေးမြူရရှိသည့်ငါးအား အမေရိကန်ဈေးကွက်ပို့မည်

Written by: 

တီလားဗီးယားငါးကို ပြည်ပပို့ရန်အအေးခန်း၌ ပြုပြင်ထုတ်လုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက
ရန်မျိုးအောင်
ကမ္ဘာ့ငါးဈေးကွက်၌ စားသုံးသူများပြားသည့် တီလားဗီးယားငါးကို ကြီးထွားမှုနှုန်းမြင့်သည့် mono-sex နည်းဖြင့် သားပေါက်ထုတ်လုပ်ကာ မွေးမြူရရှိသည့် ငါးများကို ဈေးကွက်ရှိသော အမေရိကန်သို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန FIQC နှင့် မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်ရောင်းချသူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
ငါးလုပ်ငန်းဦးစီးဌာနက ထိုင်းနိုင်ငံမှ အရည်အသွေးကောင်း တီလားဗီးယား မိုနိုဆက်များ တင်သွင်း၍ တိုင်းနှင့် ပြည်နယ်များသို့ ဖြန့်ဖြူးစမ်းသပ်မွေးမြူရာ အောင်မြင်မှုရရှိသဖြင့် mono-sex နည်း အသုံးပြု၍ သားဖောက်ထုတ်လုပ် ရောင်းချမည်ဖြစ်ကာ မွေးမြူရောင်းချ တင်ပို့သူများအနေဖြင့်လည်း လုံလောက်သည့် ပမာဏပေးနိုင်ပါက ၀ယ်ယူ၍ ဈေးကွက်ရှိသော အမေရိကန်သို့ ပို့ဆောင်သွားမည်ဖြစ်သည်။
"ငါးလုပ်ငန်းဦးစီးဌာနရဲ့ သားပေါက်စခန်းတွေကနေပြီး mono-sex နည်းနဲ့ တီးလားဗီးယားမျိုး ငါးအသစ်တွေကို ထုတ်သွားမယ်။ သုံးလလောက်နဲ့ကို လက်ဝါးတစ်ချပ်လောက်ရတယ်။ ပမာဏကတော့ ခန့်မှန်းလို့ မရသေးပါဘူး။ မိုနိုဆက် ထုတ်လုပ်ဖို့နဲ့ ပတ်သက်ပြီးလည်း ထိုင်ဝမ်မျိုးတွေ မှာထားတယ်။ ကြီးထွားမှုနှုန်းကောင်းတဲ့ မျိုးအစစ်တွေဖြစ်တဲ့ အထီးဆိုအော်ရီရက် အမေရိကန် တီလားဗီးယားမျိုး၊ အမဆိုနိုင်း တီလားဗီးယားမျိုးတွေနဲ့ စပ်မယ်ဆို ကြီးထွားမှုနှုန်းကလည်း မြင့်မားပါတယ်" ဟု ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းဝင်းက ပြောကြားသည်။
အဆိုပါမိုနိုဆက်ဖြင့် ထုတ်လုပ်ထားသည့် တီလားဗီးယားငါးကို ဈေးကွက်ရှိသော အမေရိကန်သို့ တင်ပို့နိုင်မည် ဖြစ်သော်လည်း အမေရိကန်ဈေးကွက်၏ ၀ယ်လိုအား ပမာဏကို လိုက်မီရန်လည်း လိုအပ်ကြောင်း မြန်မာနိုင်ငံရေထွက်ပစ္စည်း ထုတ်လုပ်ရောင်းချသူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌဖြစ်သူ ဦးထွန်းအေးက ပြောကြားသည်။
"တီလားဗီးယားငါးကို mono-sex နည်းနဲ့ထုတ်ရင်လည်း ၀ယ်ပြီးအမေရိကား ဈေးကွက်ကိုပို့ဖို့ရှိပါတယ်။ ဒါပေမဲ့အမေရိကားဈေးကွက်က ကြီးမားလို့ သူတို့လိုချင်တဲ့ ပမာဏကိုပေးနိုင်တဲ့ အနေအထားရှိဖို့ လိုပါတယ်။ တရုတ်လိုပမာဏ များများထုတ်ပြီး တင်ပို့နိုင်ဖို့လိုပါတယ်" ဟု ဦးထွန်းအေးက ပြောကြားသည်။
ပြည်ပဈေးကွက်သို့ တင်ပို့မှုရှိသော ငါးမြစ်ချင်းငါးမှာ နိုင်ငံတကာစားသုံးသူ ဈေးကွက်သို့ ထိုးဖောက်နိုင်မှု အားနည်းလာသဖြင့် အမေရိကန်နှင့် UN နိုင်ငံများမှ စားသုံးမှုများလာသည့် တီလားဗီးယားငါးကို ယခုကဲ့သို့ အထီး၊ အမ တစ်မျိုးတည်းဖြစ်ရန် ဟိုမုန်းဆေးကျွေးကာ မွေးမြူသည့် ကြီးထွားမှုနှုန်းကောင်းစေသည့် mono-sex နည်း အသုံးပြု၍ တီလားဗီးယားငါးကို မွေးမြူထုတ်လုပ်ရန် လုပ်ဆောင်ခြင်းဖြစ်သည်။
လက်ရှိ၌ အမေရိကန်ဈေးကွက်သို့ ရေထွက်ကုန်များကို ပြည်တွင်းကုမ္ပဏီ ၁၀ ခုခန့်မှ တင်ပို့လျက်ရှိပြီး အမေရိကန်နိုင်ငံ၌ တီလားဗီးယားငါး အသားလွှာ တစ်ကီလိုလျှင် လေးဒေါ်လာခွဲမှ ငါးဒေါ်လာအထိ ဈေးရှိပြီး အကောင်လိုက် နှစ်ဒေါ်လာခွဲမှ သုံးဒေါ်လာအထိ ဈေးရှိကြောင်း သိရသည်။
Eleven media group

Published on: April 10, 2014



No comments: