Monday, June 16, 2014

ရခိုင်၊ ဘင်္ဂါလီ နှစ်ဖက်လုံးကို မျှမျှတတ ဆက်ဆံကြောင်း လက်တွေ့ပြရန် ကုလကို တောင်းဆို


ရန်ကုန်၊ ဇွန် ၁၃
ဘက်လိုက်သည်ဟု ဆိုကာ ကန့်ကွက်မှုများနှင့် ကြုံတွေ့နေရသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများသည် ရခိုင်ပြည်နယ်၌ လူသားချင်းစာနာသည့် အကူအညီများ ပေးရာတွင် ရခိုင်၊ ဘင်္ဂါလီ နှစ်ဖက်စလုံးကို မျှမျှတတ ကူညီသည်ဟု လက်တွေ့ သက်သေပြမှသာ ရခိုင်လူထုက ယုံကြည်မည် ဖြစ်ကြောင်း စစ်တွေ့မြို့၊ မြို့မိမြို့ဖများက ကုလသမဂ္ဂ အကြီးအကဲနှင့် တွေ့ဆုံစဉ် တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူး Kang Kyung-wha နှင့် စစ်တွေမြို့ မြို့မိမြို့ဖများ ဇွန်လ ၁၂ ရက်နေ့က စစ်တွေမြို့တွင် တွေ့ဆုံစဉ် ယင်းသို့ တင်ပြ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသာပွင့်က ပြန်လည် ပြောကြားသည်။
Kang Kyung-wha က ရခိုင်ပြည်နယ်၌ အကူအညီပေးရေး လုပ်ငန်းစဉ်များတွင် နှစ်ဖက်လုံးကို မျှမျှတတ အကူညီပေးမည်ဟု ပြောဆိုခဲ့ကြောင်း မြို့မိမြို့ဖများထံမှ သိရှိရသည်။
“ကုလသမဂ္ဂက ကူညီမယ်ဆိုရင် ပါးစပ်နဲ့ ပြောနေလို့ မရဘူး။ တံတားဆောက်တာ ဒါမှမဟုတ် တစ်ခုခု အရင်လုပ်ပြပါ။ ပြီးမှ ရခိုင်တွေ ယုံမယ်” ဟု ကုလသမဂ္ဂ အကြီးအကဲက ပြောဆိုခဲ့ကြောင်း ဦးသာပွင့်က ဆိုသည်။
ကုလသမဂ္ဂ အဖွဲ့အစည်းများက နှစ်ဖက် လူ့အဖွဲ့အစည်းကို မျှမျှတတ ကူညီနေသည်ဟု ဆိုသော်လည်း လက်တွေ့တွင် မမျှမတ ဖြစ်နေကြောင်းကို ရခိုင်ဒုက္ခသည်စခန်းနှင့် ဘင်္ဂါလီကျေးရွာရှိ ဆေးပေးခန်းများ၏ ကွဲပြားနေပုံများကို ဓာတ်ပုံ အထောက်အထားများဖြင့် တင်ပြခဲ့ကြကြောင်း မြို့မိမြို့ဖများထံမှ သိရှိရသည်။
ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းအချို့ အကူအညီပေးရာတွင် မမျှမတ ရှိခဲ့သည့်အပြင် ပဋိပက္ခများတွင်လည်း သွေးထိုးလှုံ့ဆော်မှုများ ရှိခဲ့သဖြင့် ရခိုင်တိုင်းရင်းသားများက အဆိုပါ အဖွဲ့အစည်းများကို လက်မခံခြင်း ဖြစ်သည်ဟု ရခိုင်လူ့အဖွဲ့အစည်းများက ပြောကြားသည်။
ကုလသမဂ္ဂအရေးပေါ် အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးမှုးလည်း ဖြစ်သူ Kang Kyung-wha ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် နှစ်ဖက် လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှု အခြေအနေများ၊ လူသားချင်း စာနာထောက်ထားမှု အခြေအနေများကို လေ့လာရန် ဇွန်လ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရခိုင်ပြည်နယ်သို့ သွားရောက် လေ့လာခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။
တောင်ကိုရီးယားနိုင်ငံသူ Kang Kyung-wha ၏ မြန်မာနိုင်ငံ ခရီးစဉ်သည် ဇွန်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ငါးရက် ကြာမြင့်မည် ဖြစ်ပြီး ဇွန်လ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွားရောက်မည် ဖြစ်သည်

No comments: